ကလေးခရိုင်ရဲတပ်ဖွဲ့ကို လူစုလူဝေး စနစ်တကျထိန်းသိမ်းနိုင်ရန် သင်တန်းပေး
DVB
·
November 28, 2016
စစ်ကိုင်းတိုင်း ကလေးခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်ကို ခရိုင်ရဲတပ်ဖွဲ့က လူစုလူဝေးအား စနစ်တကျ ထိန်းသိမ်းခြင်းသင်တန်း ယနေ့ကစပြီး ရက်သတ္တနှစ်ပတ် ပို့ချမယ်လို့ ခရိုင်ရဲတပ်ဖွဲ့က ဒုရဲမှူး ဘိုဘိုထွဋ်က ပြောပါတယ်။
"အဓိကကတော့ ဒီသင်တန်းတွေ မလုပ်ဘူးဆိုရင် တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့ ထိတွေ့တဲ့အခါ မလိုလားအပ်တဲ့ အကြည်ညိုပျက်စရာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို မဖြစ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တိုင်းမှာ တဦးချင်း စွမ်းရည်ရှိနေဖို့ လိုတယ်။ ဒါကြောင့် ဒီလို သင်တန်းတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သင်ကြားပေးနေတာ ဖြစ်ပါတယ်" လို့ သင်တန်းမှူး ဒုရဲမှူး ဘိုဘိုထွဋ်က ပြောပါတယ်။
သင်တန်းကို နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၉ ရက်နေ့အထိ နှစ်ပတ် ပြုလုပ်မှာ ဖြစ်ပြီး သင်တန်းမှာ ဖမ်းဆီးချုပ်နှောင်တာတွေကို စနစ်တကျ ပြုလုပ်နိုင်ဖို့ တပ်ဖွဲ့ဝင် တဦးချင်းအလိုက် တပ်ဖွဲ့စုအလိုက် လက်တွေ့သရုပ်ပြဘာသာရပ်နဲ့ ဥပဒေရေးရာ စာတွေ့ဘာသာရပ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
"သင်တန်းက ကလေးခရိုင် ကလေး၊ ကလေးဝ၊ မင်းကင်းအပြင် တမူးခရိုင် တမူးမြို့က တပ်ဖွဲ့ဝင်တွေပါ ပါဝင်ကြမယ်။ အပတ်စဉ်လိုက် သင်တန်းကို မကြာခဏ ပြုလုပ်မယ်။ တခရိုင်လုံးက ရဲတပ်ဖွဲ့ဝင်တွေ အလှည့်ကျ မတက်ရ မရှိအောင် ပြုလုပ်ပေးသွားမယ်" လို့လည်း သင်တန်းမှူး ဒုရဲမှူး ဘိုဘိုထွဋ်က ပြောပါတယ်။
ယခုအကြိမ် သင်တန်း နှစ်ပတ်မှာ သင်တန်းသား အရာရှိ ၁၀ ဦး၊ အခြားအဆင့် ၄၆ ဦး တက်ရောက်မှာ ဖြစ်ပြီး သင်တန်းဆရာ ၆ ဦးက သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သတင်း - မင်းရဲစစ်နိုင်