Home
မြန်မာသတင်း
တရုတ်ကြားဝင် ညှိနှိုင်းပေးရန် မြောက်ပိုင်းမဟာမိတ်တပ် မေတ္တာရပ်ခံ
ရွှေအောင်
·
November 27, 2016
စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပနိုင်ရေး တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးရန် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက မေတ္တာရပ်ခံလိုက်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တို့ဖြစ်တဲ့ ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ တီအန်အယ်လ်အေနဲ့ အေအေ စတဲ့ တပ်ဖွဲ့ ၄ ခုပေါင်းစည်းထားတဲ့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုရဲ့ နိုဝင်ဘာ ၂၅ ရက်ထုတ် ကြေညာချက်မှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မဟာမိတ်တပ်ပေါင်းစုရဲ့ ပြောခွင့်ရ မိုင်အိုက်ကျော်က တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့တိုက်ပွဲ ဖြစ်တာနဲ့ တရုတ်စီးပွားရေးကိစ္စ ပါနေလို့ တရုတ်ပါဝင်စေချင်တာဖြစ်ကြောင်း ပြောပါတယ်။ “အဓိက ကတော့ တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာလည်း ဟုတ်တယ်၊ တရုတ် -မြန်မာနယ်စပ်မှာလည်းဖြစ်တဲ့အတွက် နှစ်နိုင်ငံဆက်ဆံရေးကိစ ဖြစ်နေတာ ပေါ့နော်။ အဲ့လိုမျိုး တရုတ်က ပိုပြီး နီးစပ်တာပေါ့။” တရုတ်နိုင်ငံတင်မဟုတ်ဘဲ တခြားနိုင်ငံတွေက ကြားဝင်ညှိနှိုင်းပေးရင်လည်း ကြိုဆိုတဲ့အကြောင်း လည်း ပြောပါတယ်။ စစ်ရေးလေ့လာနေတဲ့ စာရေးဆရာ သန်းစိုးနိုင်က တရုတ် ၀င်ညှိပေးရင် တစုံတရာ တင်းမာမှု လျော့ကျသွားနိုင်တဲ့ အနေအထား ရှိတယ်လို့ သုံးသပ် ပြောပါတယ်။ “တရုတ်ဝင်လို့ရှိရင် လတ်တလော အနေအထားအရ တစုံတရာ တင်းမာမှု လျော့ကျသွား နိုင်တယ်ဗျ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ မိုင်းလားနဲ့ ၀နဲ့ တပ်မတော်နဲ့ တင်းမာမှုကို ပြေလျော့သွားအောင်လုပ်တာ တရုတ်ပြည်က ခေါ်ယူဆွေးနွေးမှုတွေကြောင့်လို့ သိရတယ်ဗျ။ ဒီ အဖွဲ့တွေအနေနဲ့ကလည်း တရုတ်ပြည်ကို မလွန်ဆန်နိုင်ဘူးပေါ့ဗျာ။ ဒီကိစ္စက နှစ်နိုင်ငံကြားထဲမှာ နှစ်နိုင်ငံအကျိုးစီးပွား ထိခိုက်တဲ့ကိစ္စ ဖြစ်နေတာကိုး၊ အဲ့ဒါကြောင့် တရုတ်ပြည်က ၀င်ရောက် ဖျန်ဖြေ ပေးပါလို့ ပြောတယ်လို့ ထင်ပါတယ်။” မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၅ ထုတ်ပြန်ချက်ထဲမှာ မြန်မာ့တပ်မတော်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင်ဘဲ စစ်ရေးအရ အလုံးစုံချေမှုန်းရေးကိုပဲ ဆက်တိုက် လုပ်ဆောင်နေတယ်။ မြောက်ပိုင်းတပ်ဖွဲ့တို့အနေနဲ့ ခုခံတော်လျန်ရေးစစ်ကို ဆက်လက် ဆင်နွှဲနေရမယ်၊စစ်မှန်တဲ့ နိုင်ငရေးဆွေးနွေးပွဲရောက်ဖို့အတွက် တရုတ်နိုင်ငံက တန်းတူညီမျှတဲ့ အခြေခံရပ်တည်မှုနဲ့ ပါဝင်ညှိနှိုင်းပေးဖို့ မေတာရပ်တယ်။ မြောက်ပိုင်းစစ်ပွဲရပ်စဲရေး ကြားဝင်ကူညီပေးမယ်ဆိုတဲ့ ၀ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆို ထောက်ခံတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွင် တပ်မတော်က ထိုးစစ်တွေ ချက်ခြင်းရပ်ပြီး တိုင်းရင်းသားဒေသတွေက ဆုတ်ခွာပေးရမယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို ကူညီပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်တယ် စသဖြင့် အချက် ၇ ချက် ဖော်ပြပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024