တရားမဝင်ငါးဖမ်းသင်္ဘောများ မိုင်းခွဲဖမ်းဆီးခြင်းကြောင့် သန္တာကျောက်တန်းများ ပျက်စီး
DVB
·
November 27, 2016
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သန္တာကျောက်တန်း အဓိကပျက်စီးလာခြင်းမှာ တရားမဝင် ငါးဖမ်းကိရိယာတွေနဲ့ ငါးဖမ်းသင်္ဘောတွေက ကမ်းခြေအထိဝင်ရောက်လာကာ မိုင်းဗုံးခွဲ အဆိပ်ငွေ့တွေကြောင့် သန္တာကျောက်တန်းပျက်စီးမှုများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသ ဒုတိယဦးစီးမှူး ဦးမြင့်ရွှေက သန္တာကျောက်တန်း အဓိက ပျက်စီးလာတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“အဓိက သန္တာကျောက်တန်းပျက်စီးလာတာက ရာသီဥတုပူနွေးလာမှုကြောင့် ရေပူ ရေနွေး ပြောင်းလဲမှု ကြောင့်လည်း ဖြစ်တယ်။ လူတွေ ငါးဖမ်းကိရိယာနဲ့ ရေငုပ်ဆူးနဲ့ထိုးပြီး လိုက်ဖမ်းတာရယ်၊ ကျောက်တန်းကိုခုတ်ယူပြီး အလှဆင်တွေမှာအသုံးပြုတာရယ်နဲ့ ငါးဖမ်း သင်္ဘောမှ ငါးဖမ်းကိရိယာတွေ ဗုံးခွဲအဆိပ်ငွေ့ကြောင့်ပျက်စီးနေတဲ့အပြင် ဒီရေတော သစ်တော တွေ ဖြုန်းတီးလာတဲ့အခါ ဒီရေတောကနေရွှံ့ အနည်အနှစ်တွေ စီးကျလာပြီး သန္တာကျောက်တန်း
တွေကိုဖုံးအုပ်သွားခြင်းဖြစ်တယ်”လို့ ပြောပါတယ်။
“ငါးဖမ်းသင်္ဘောတွေက သန္တာကျောက်တန်းရှိတဲ့နေရာတွေမှာ ငါးဖမ်းပိုက်တွေနဲ့ ဖမ်းလို့ မရပေမယ့် ဒိုင်းနမိုင်းတွေနဲ့ ဗုံးခွဲလာပြီး ၂ ပိဿ နဲ့ ၅ပိဿ အကြားမှာ ဝင်တဲ့ အိုးနဲ့ခွဲကာ ငါးဖမ်း စက်လှေငယ်တွေနဲ့ ဖမ်းတာတွေရှိတဲ့အတွက် သန္တာကျောက်တန်း ပျက်စီးတာတွေရှိနေတယ်လို့ ထားဝယ်မြို့ဒေသခံငါးဖမ်းသင်္ဘောဦးစီး ဦးဝင်းမိုးခိုင်က ပြောပါတယ်။
သန္တာကျောက်တန်းအများစုကို မြိတ်၊ ကော့သောင်းကျွန်းစုမှာ အများဆုံးရှိပြီး ကျွန်းပေါင်း ၈၀၀ ကျော်ရှိအတွက် တရားမဝင်ငါးဖမ်းဆီးတာတွေက သန္တာကျောက်တန်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေ တယ်လို့ သိရပါတယ်။
သတင်း - နေမျိုးထွဋ်