Homeသုံးသပျခကျြ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ခရီးစဉ်အပြီး မြန်မာ့စီးပွားရေး အလားအလာ - အယ်ဒီတာစကားဝိုင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ခရီးစဉ်အပြီး မြန်မာ့စီးပွားရေး အလားအလာ - အယ်ဒီတာစကားဝိုင်း
DVB
·
November 10, 2016
ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကနေပြီးတော့ ၇ ဒသမ ၇၃ ဘီလီယံ ရှိတဲ့ နိုင်ငံခြားအကူအညီငွေကို ရရှိမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ စီးပွားရေးအလားအလာ ဘာတွေဖြစ်လာနိုင်လဲ။ နောက်တခုကလည်း ခေတ်အဆက်ဆက် မြန်မာပြည်မှာရှိခဲ့တဲ့ အရင်တုန်းကတော့ ခရိုနီလို့ ခေါ်တယ်၊ အခု ဖွံ့ဖြိုးမှုမိတ်ဖက်ပေါ့နော်။ အဲဒီလိုလူတွေရဲ့ မြန်မာ့စီးပွားရေးကဏ္ဍမှာ ဘယ်လို ဆက်လက်ပါဝင်ပတ်သက်မလဲဆိုတာ ဆွေးနွေးမှာပါ။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ကတော့ မယမင်းမြတ်အေးနဲ့ မမွန်မွန်မြတ်ကို ကျနော်တို့ ဖိတ်ခေါ်ထားပါတယ်။
ဦးတိုးဇော်လတ်(ဒီဗွီဘီ)
မယမင်းကိုပဲ စမေးပါမယ် ခင်ဗျ။ အခုတော့ ဂျပန်နိုင်က အကူအညီလာတယ်။ လောလောဆယ်မှာတော့ Cash Flow တော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် တကယ် Infrastructure တို့ ပုဂ္ဂလိကဖွံ့ဖြိုးမှု အခန်းကဏ္ဍတွေ ပါလာမယ်။ အဲဒီက လက်တွေ့ကျကျ ကျနော်တို့ ဘာတွေ ရနိုင်မလဲ။ နောက်တခုကလည်း အဲဒါနဲ့ ကျွဲကူးရေပါပေါ့ တခြားလုပ်ငန်းရှင်ကြီး ၃၀ လောက် သွားကြတယ်။ အရင်တုန်းကတော့ ခရိုနီ ခေါ်တယ်။ အခုတော့ ဖွံ့ဖြိုးမှုမိတ်ဖက်။ အဲဒီလိုလူတွေကိုရော ဘယ်လို ကိုင်တွယ်မလဲ။ အဲဒါလေး ဆွေးနွေးပေးပါခင်ဗျ။
မယမင်းမြတ်အေး (စီးပွားရေးဆောင်းပါးရှင်)
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို ကြည့်ရင် ပထမဦးဆုံး တရုတ်ကို သွားလိုက်တယ်ပေါ့။ အဲဒီက ပြန်လာတော့ အမေရိကားကို သွားတယ်။ အမေရိကန်မှာ ဆန်ရှင်နဲ့ ပတ်သက်ပြီးတော့ သူ လုပ်ခဲ့တာတွေ ရှိတယ်။ အဲဒီက ပြန်လာတယ်။ အိန္ဒိယကို သွားတယ်။ ဘင်းစတက်ညီလာခံ သွားတက်တယ်။ အခု ဂျပန်ခရီးစဉ်ပေါ့။ ဂျပန်ခရီးစဉ်ကျတော့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက်ပေါ့နော် ၇ ဒသမ ၇ ဘီလီယံ ထောက်ပံ့မယ်ဆိုတာမျိုး ထွက်လာတယ်။ ဟိုဘက်ကလည်း ကြေညာတယ်ပေါ့နော်။ လွှတ်တော်ထဲမှာ ဆုံးဖြတ်ပြီး အကူအညီပေးမယ်ဆိုတော့ ဒါ အလားအလာကောင်းတခုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အများစု မြင်သလို In Cash အနေနဲ့ အီကိုနော်မီထဲကို တန်းဝင်လာမယ့် ပိုက်ဆံတော့ မဟုတ်ဘူး။ သူက ပရောဂျက်ဘေ့စ် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေက သူ့ရဲ့ Development Partnership တွေကနေတဆင့်ဝင်လာမယ်၊ ကုမ္ပဏီတွေက ဝင်လာနိုင်တာမျိုး ဖြစ်နိုင်တယ်ပေါ့။ တနည်းအားဖြင့် အခုလို ရင်းနှီးမြှုပ်နှံမှု ကျနေတဲ့အချိန်မှာပေါ့။ ၁ ဒသမ ၁ ကျော်ကျော်ပဲ ရှိတယ်လေ။ မနှစ်က ၈ ဘီလီယံလောက် ရှိတယ်။ ဒီနှစ် ၁ ကျော်ကျော်ပဲ ရှိတယ်။ ဒီအချိန်မှာ ဒီလိုမျိုး Development Loan အနေနဲ့ပဲ ပြောပြော၊ ဂျပန်ကနေပြီး ၇ ဒသမ ၇၃ ဘီလီယံ မြန်မာပြည်ကို ထောက်ပံ့လိုက်တဲ့ဟာ ကတော့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်တော့ တစုံတရာ အလားအလာကောင်းတော့ ဖြစ်နေတာပေါ့။ ဒါက နံပါတ် ၁ အချက်ပေါ့။ စောစောက ခရိုနီတွေ ဆိုတဲ့အပိုင်းနဲ့ ပတ်သက်တာမှာတော့ လွှတ်ပေးလိုက်တဲ့ အချိန်အခါမှာ မြန်မာ့စီးပွားရေးအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှု ရှိလာမလဲဆိုတဲ့ အပိုင်းကတော့ ဒီခရိုနီတွေကို ဘယ်လောက် ကိုင်တွယ်နိုင်မလဲ ဆိုတဲ့အပိုင်းမှာလည်း မူတည်တယ်။ ဒါက သမ္မတအိုဘားမားလည်း ပြောထားပြီးပြီ။ ဆန်ရှင်ကို လွှတ်ပေးလိုက်တာ ဟုတ်တယ်။ ဒါပေမယ့် ခရိုနီတွေကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ။ အဲဒီအပိုင်းမှာ ခရိုနီတွေနဲ့ ပတ်သက်ပြီးတော့ အရမ်းကျပ်လို့မရတဲ့အပိုင်းတွေတော့ ရှိတာပေါ့လေ။ ဒီအစိုးရ တက်လာတဲ့အချိန်မှာ အိမ်ရာအဆောက်အအုံကဏ္ဍမှာ Regulation အပိုင်းတွေနဲ့ ပတ်သက်ပြီး သွားပြီး တင်းကျပ်လိုက်တာ ရှိတယ်။ ရှိတဲ့အခါကျတော့ တဘက်ကတော့ ဟုတ်တယ်။ ဥပဒေအရ လုပ်လိုက်တယ်ပေါ့နော်။ Rules of Law ကို လုပ်တဲ့အတွက်ကြောင့် တဘက်က မှန်တယ်။ ဥပဒေအရ ကြပ်မတ်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် Cash Flow ကျတဲ့အခါကျတော့ မလည်ပတ်တဲ့အခါကျတော့ စီးပွားရေးမှာ သွားပြီးတော့ အတားအဆီးတခု ဖြစ်နေတာတော့ ရှိတာပေါ့။ ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကတော့ အစိုးရမှာတော့ ခိုင်မာတဲ့ မူဝါဒတရပ်တော့ ရှိဖို့လိုတာပေါ့နော်။ နောက်ပြီးတော့ တခုက ခရိုနီတွေကို ဖွင့်ပေးလိုက်ပြီဆိုရင် ခရိုနီနဲ့ပတ်သက်လာရင် စီးပွားရေးပညာရှင် ဦးမြင့်အောင် ထောက်ပြထားတာ ရှိတယ်။ ၂ ချက်ပေါ့နော်။ တချက်ကတော့ Capital Flight ပေါ့။ သူများနိုင်ငံတွေကို အရင်းအနှီးတွေ စီးထွက်သွားတဲ့ပြဿနာ ရှိမယ်။ နောက်တခုကကျတော့ နိုင်ငံတွင်းမှာရှိတဲ့ အသေးစားလုပ်ငန်းတွေ၊ အလတ်စားလုပ်ငန်းတွေ ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ အပိုင်းပေါ့နော်။ ဒါကတော့ အစိုးရ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးကာမှ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ခရိုနီတွေ ဘယ်လောက်အထိ ပါဝင်ပြီးတော့ လုပ်လာနိုင်သလဲ၊ ခရိုနီတွေနဲ့ သွားတာဟာ ဘယ်လောက်အထိ အောင်မြင်မလဲ ဆိုတာ အဲဒီကျတော့မှ ဒါက ဆုံးဖြတ်လို့ရမှာပေါ့နော်။
ဦးတိုးဇော်လတ်(ဒီဗွီဘီ)
ဟုတ်ကဲ့ခင်ဗျ။ မမွန်မြတ်ကိုလည်း ဒီကိစ္စကိုပဲ မေးချင်ပါတယ်။ အရင်တုန်းကတော့ ဗမာ တော်တော်များများက ဒီ ခရိုနီအရင်းရှင်ဝါဒနဲ့ သွားနေကြတယ်။ ဒီလူတွေပဲ အရင်စစ်အစိုးရနဲ့ ပေါင်းပြီး စီးပွားရေးတွေ လုပ်ကြတယ်။ အခုဆိုရင် အမေရိကန် ဆန်ရှင်ကလည်း လျှော့ပေးလိုက်ပြီ။ အဲဒီတော့ သူတို့ရဲ့ ငွေအရင်းအနှီးကိုလည်း လွတ်လွတ်လပ်လပ် သယ်သွားလို့ရတယ်။ သူတို့တွေ ထွက်သွားမှာလည်း စိုးရိမ်တယ်။ သူတို့ရဲ့ ဘက်ဂရောင်းကိုလည်း လူတွေက သိပ်မကြိုက်ကြဘူး။ အဲဒါနဲ့ပတ်သက်လို့ မမွန်မွန်မြတ်အနေနဲ့ ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါခင်ဗျ။
မမွန်မွန်မြတ် (နိုင်ငံရေးဆောင်းပါးရှင်)
ကျမတို့ ကြားဖူးတဲ့ စကားတခွန်းရှိပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတယ်ဆိုတာ။ အခုလည်း ဒီလိုပဲ။ ခရိုနီကို မိတ်ဘက်ဖြစ်အောင် လုပ်ရတဲ့ အနေအထားတခုပေါ့နော်။ ကျမတို့မှာ မရှိမဖြစ် စီးပွားရေးလုပ်ငန်း ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကဏ္ဍကလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီတော့ သူတို့တွေကလည်း မရှိမဖြစ်ပါပဲ။ သူတို့တွေကလည်း မရှိမဖြစ်ပါပဲ။ သူတို့ကို ကျမတို့က ဘယ်လိုမျိုး နိုင်ငံဖွံ့ဖြိုးအောင် ထူထောင်တဲ့ကိစ္စတွေမှာ ဘယ်လိုမျိုး အကူအညီတွေ ပေးနိုင်မလဲ။ အလုပ်အကိုင် ဖွံ့ဖြိုးမှုအတွက် သူတို့တွေ ဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ အနေအထားတွေပေါ့နော်။ ဒီနည်းတွေနဲ့ သူတို့ကို ပြန်ပြီးဆွဲယူရမှာပေါ့နော်။ အဲဒီတော့ သူတို့ရဲ့ Contribution က တိုင်းပြည်အတွက် ဘယ်လို အကျိုးသက်ရောက်နိုင်မလဲဆိုတဲ့ဟာမျိုးနဲ့။ ဒါမျိုးနဲ့ ကျမတို့က စပြီးဆွဲဆောင်ရမှာ။ နောက်တချက်ကလည်း အစိုးရရဲ့ စီးပွားရေးပေါ်လစီ ၁၂ ချက်ထဲမှာလည်း ပါပါတယ်။ ခရိုနီကို ထိန်းချုပ်ဖို့ရာအတွက် ပွင့်လင်းမြင်သာမှုရှိတဲ့ စီမံခန့်ခွဲမှုစနစ်ဆိုတာ ဒါ တကယ်တမ်းကျတော့ မိတ်ဘက်စီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းကျောင်းတဲ့နေရာမှာ အင်မတန်မှ အရေးကြီးတဲ့ စီးပွားရေးမူဝါဒပေါ့နော်။ ဒီမူဝါဒကို အသက်ဝင်လာအောင် တကယ့်ကို ထိထိရောက်ရောက် လုပ်နိုင်ဖို့လိုတယ်။ နောက်တခုက အခွန်စည်းကြပ်တဲ့ကိစ္စ။ ပွင့်လင်းမြင်သာမှုနဲ့ အခွန်စည်းကြပ်တဲ့ ကိစ္စကလည်း ဆက်စပ်နေတာပါပဲ။ အဲဒီတော့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ကောက်ခံရရှိတဲ့ အခွန်ငွေ၊ မှန်မှန်ကန်ကန် ကောက်ခံရရှိတဲ့ အခွန်ငွေတွေကလည်း တိုင်းပြည်ထူထောင်ရေး၊ စီးပွားရေးလုပ်ငန်းတွေအတွက် ပြန်ပြီးတော့အသုံးချနိုင်မယ့် ငွေကြေးတစုံတရာ ဖြစ်လာနိုင်တယ်။ ဒါတွေကလည်း ကျမတို့ စီးပွားရေးမူဝါဒအရ ပြန်သုံးသပ်မယ်ဆိုရင် တကယ်တမ်း ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင်မယ်၊ မှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကောင်းနိုင်မယ့် အချက်အလက်တွေပေါ့။ နောက်တချက်က ကျမရဲ့မိတ်ဆွေ အထည်ချုပ်လုပ်ငန်းရှင်တယောက်ရဲ့ အပြောအရပေါ့။ ဒီအစိုးရလက်ထက် ၆ လ၊ ၇ လအတွင်း ရောက်လာပေမယ့် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုတဲ့ အနေအထားကို ကျမ မေးကြည့်တဲ့အခါ သူက ဒါက တကယ်တမ်းကျတော့ စီးပွားရေးမူဝါဒနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိဘူးပေါ့နော်။ အခု ပြဿနာဖြစ်နေတာက ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် သက်ရောက်မှုက ဒီနိုင်ငံမှာလည်း ကျရောက်နေတယ်။ အဲဒီတော့ အော်ဒါတွေက ပြည့်မီအောင် မရတာတွေ ရှိမယ်။ နောက်တခါ လုပ်ငန်းခွင်မှာ Minimum wages ကိစ္စတွေက သူတို့အလုပ်သမားတွေကို ပေးရတဲ့ ငွေကြေးအရလည်း ရှာဖွေရတဲ့ကိစ္စတွေလည်း ရှိတယ်။ ဒါတွေက သူတို့ကို ရိုက်ခတ်တဲ့အခါမှာ စီးပွားရေးမူဝါဒဆိုတာ တကယ်တမ်းကျတော့ တရားတော်လိုပဲပေါ့နော်။ တကယ်တမ်းကျတော့ မကျင့်သုံးနိုင်ကြသေးဘူး။ သက်ရောက်မှု မရှိသေးဘူး။ လက်ရှိ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာက နိုင်ငံတကာစီးပွားရေးပျက်ကပ်ရဲ့ ရိုက်ခတ်မှုတွေ။ ဒါတွေကိုရော လက်ရှိအစိုးရက သူတို့အပေါ်မှာ ဘယ်လိုပြန်ပြီး ဖြည့်ဆည်းပေးနိုင်မလဲ၊ ပြန်ပြီးတော့ ကာဗာလုပ်ပေးနိုင်မလဲ ဆိုတာလည်း သူတို့က မျှော်လင့်နေတယ်ပေါ့။ ဒါတွေကလည်း မူဝါဒတရပ်ထဲမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
ဟုတ်ကဲ့ခင်ဗျ။ မမွန်မွန်မြတ်ကတော့ တကမ္ဘာလုံးနဲ့ပတ်သက်တဲ့ စီးပွားရေးကိစ္စတွေပါ ထည့်သွင်း ပြောသွားပါတယ်။ အခုကျနော်တို့ လူကြီးကြီးတွေပေါ့နော်။ ခရိုနီတွေ ကိစ္စကနေပြီးတော့ လက်ရှိ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ ဆန်စပါးဈေးနှုန်းကျမှုပေါ့။ ဒါလည်း တကမ္ဘာလုံးနဲ့ ဆိုင်ပါတယ်။ ဥပမာ ကျနော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ထိုင်းအစိုးရက ၁ ဘီလီယံဒေါ်လာ Subsidize လုပ်တယ်။ လယ်သမားတွေကို ၆ လစာအထိ ဆန်ဝယ်ပြီး သိမ်းထားပေးတယ်ပေါ့။ မြန်မာပြည်မှာလည်း လယ်သမားတွေ အခု ကျနော်ထင်တယ်။ အရင်ထက် ဈေးက တဝက်လောက်ကျတယ်။ အဲဒီတော့ ကျနော် ဆိုလိုတာက လက်ရှိ လယ်သမားတွေပေါ့။ နောက်တခု ပိုဆိုးတာက လယ်ရိတ်သိမ်းတဲ့အချိန်မှာ မုန်တိုင်း အဖျားခတ်တော့ သူတို့စပါးပင်တွေ လဲကုန်တယ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ရော အခု ပြည်သူ့အစိုးရပေါ့နော် ၇ လရှိလာပြီ။ လယ်သမားတွေကို ကူညီနိုင်မယ့်ဟာ ဘာလုပ်ပေးဖို့လိုလဲ။ အထူးသဖြင့်တော့ အခုလို ဆန်စပါးဈေး ကျနေတဲ့အပေါ် လယ်သမားတွေ ဆက်လက်ရပ်တည်နိုင်အောင် အဲဒါနဲ့ပတ်သက်လို့ မယမင်း ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။
မယမင်းမြတ်အေး (စီးပွားရေးဆောင်းပါးရှင်)
ဆန်ဈေးနှုန်း ကျသွားတယ်ဆိုတဲ့အပိုင်းမှာ ပထမဦးဆုံးတချက် ကျမ မြင်တာကတော့ တနှစ်တနှစ်ကို ကျမတို့ မြန်မာနိုင်ငံနေပြီး ဆန်တော်တော်များများ တန်ချိန်က သန်းနဲ့ချီပြီး တရုတ်ဘက်ကို တင်ရတာတွေ ရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာကျတော့ အစိုးရသစ် တက်လာတယ်။ မူဝါဒတွေ ပြောင်းလဲသွားတယ်။ ပေါ်လစီတွေ ပြောင်းသွားတဲ့အခါကျတော့ တရုတ်ဘက်က မြန်မာနိုင်ငံက ဝယ်တဲ့ဆန်ကို သူတို့က မဝယ်ဘူးလို့ မပြောဘူး။ ဒါပေမယ့် အခွန်တွေ တိုးကောက်လိုက်တယ်။ ၃၀ ရာခိုင်နှုန်းလောက်အထိ တိုးကောက်လိုက်တယ်။ ဆိုလိုတာက ဝယ်သူဈေးကွက် ဖြစ်သွားတယ်။ ရောင်းသူဈေးကွက် မဟုတ်တော့ဘူး။ ဒါက ဟိုတုန်းကတည်းကလည်း ဒီပြဿနာက ရှိခဲ့တယ်။ ရှေ့အစိုးရကလည်း ဒီပြဿနာကို မဖြေရှင်းနိုင်ခဲ့ဘူး။ နားလည်မှုနဲ့ပဲ သွားခဲ့တာပေါ့။ ဒီအစိုးရ တက်လာတဲ့အခါကျတော့ သစ်မှောင်ခိုတွေ ဖမ်းတယ်။ ကျောက်မှောင်ခိုတာတွေ ဖမ်းတယ်ဆိုတော့ ဟိုဘက်ကလည်း မကြိုက်ဘူး။ မကြိုက်လို့ လုပ်လိုက်တဲ့သဘော။ တကယ်တော့ ကျမတို့ မြန်မာနိုင်ငံကနေ တရုတ်ကို ဆန်တွေ ပို့နေတယ်၊ ပြောင်းတွေ တင်ပို့နေတယ်ဆိုတာ တရားဝင်တင်ပို့ခွင့် ရနေတာ မဟုတ်ဘူး။ ဒါ မြန်မာနိုင်ငံကပဲ တရားဝင်တင်ပို့ခွင့် ပြုထားတာ။ ဒါပေမယ့် တရုတ်ဘက်ကျတော့ တရားဝင်လို့ မပြောဘူး။ တရုတ်ဘက်က တရားဝင် မပေးဘူး။ ဒါပေမယ့် မဖမ်းဘူး။ ကြည့်နေတယ်။ ဖမ်းချင်တဲ့နေ့ကျရင် ဖမ်းတယ်ပေါ့။ တခါတလေကျရင် QC ကို အကြောင်းပြပြီး ပြဿနာရှာတယ်။ ဒါမျိုးတွေရှိတယ်။ အဲဒီကတည်းကပဲ ကျမ ရွှေလီမှာလုပ်တဲ့ မီတင်တခုကို သွားပြီးတက်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံက ဆန်တွေကို တရုတ်ဘက်ကို တင်ပို့ဖို့ရဖို့ ပြောင်းတွေတင်ပို့ခွင့်ရဖို့ဆိုတာ Government to Government (G to G) ဒါလုပ်သင့်တယ်။ နားလည်မှုနဲ့ သွားသင့်တယ်။ ယူနန်အစိုးရလောက်နဲ့ မြန်မာနဲ့ ကုန်သည်လောက်နဲ့ ပြောလို့မရဘူး။ ဒါ ဟိုဘက်က အစိုးရနဲ့ ဒီဘက်ကအစိုးရ ပြောတဲ့အခါကျမှသာ ဒီက တရားဝင်တင်ပို့ခွင့်ရမယ် ဆိုတာ ဒါ ဟိုအစိုးရလက်ထက်ကတည်းက မလုပ်လိုက်နိုင်တဲ့ ကိစ္စပေါ့။ ဒါဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် တက်လာတဲ့အခါမှာရော တရုတ်အစိုးရနဲ့ နားလည်မှုယူလို့ မရနိုင်ဘူးလားဆိုတဲ့ အဲဒါတချက် ရှိတယ်။ ဘာလို့လဲဆိုတော့ လောလောဆယ် ဈေးကွက်ကို ဖောက်ထွက်ဖို့ ဥပမာ- အီးယူဈေးကွက်ကို ဖောက်ထွက်ဖို့အတွက် ကျမတို့ ဆန်ရှင်လွှတ်ပေးထားတယ်။ အမေရိကန်ဈေးကွက်ကို ဖောက်ထွက်ဖို့ကျတော့ ကျမတို့နိုင်ငံမှာက အရင်းအနှီးမရှိတဲ့ ပြဿနာရှိတယ်။ ကွာလတီမရှိတဲ့ ပြဿနာရှိတယ်။ ကွာလတီဆိုတာ နည်းပညာအားနည်းတဲ့ ပြဿနာရှိတယ်။ အဲဒါကို ဒီနေ့ ကျမတို့ ဆန်စိုက်ပြီး နောက်နေ့ ဗီယက်နမ်ကို ကျော်ရမယ်တို့၊ နောက် ထိုင်းကိုကျော်ရမယ် ဆိုတာမျိုး အဲဒါ လုပ်လို့မရတဲ့အနေအထား ရှိတယ်။ နောက်ပြီး အရင်းအနှီးမရှိဘူး၊ မပေးနိုင်ဘူး။ နည်းပညာ မရှိဘူး။ ဒါနဲ့ပတ်သက်လို့ စောစောကပြောတဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ထဲမှာလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ပါတဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံက လယ်သမားတွေနဲ့ပတ်သက်လို့ ဆိုရင်တော့ မှန်တယ်။ Subsidize လုပ်ပေးဖို့လည်း လိုအပ်တယ်။ နောက်တခုက လယ်မြေ အသိမ်းခံရတဲ့ ပြဿနာတွေလည်းရှိတယ်။ လယ်မြေသိမ်းခံရတဲ့ ပြဿနာတွေ ရှိသလို မြေကြီး မြေပုံ မမှန်တဲ့ ပြဿနာတွေလည်း ရှိတယ်။ ဒါက ဘယ်မြေအမျိုးအစားထဲမှာ ထည့်မှာလဲဆိုတာ။ ဒီမြေယာပြဿနာတွေကိုလည်း အစိုးရက ဖြေရှင်းပေးရဦးမှာ။ ဒါပေမယ့် အဲဒီမှာ အစိုးရမှာ အဲဒီလောက် သတ္တိရှိရဲ့လား ဆိုတာ စဉ်းစားစရာလိုတယ်။ ဘာလို့လဲဆိုတော့ ဒီမြေယာပြဿနာကို မဖြေရှင်းနိုင်ဘူး ဆိုတာ မဟုတ်ဘူး။ ကျမတို့ ဖြေရှင်းလို့ရနိုင်တယ်။ မြေယာသန်းခေါင်စာရင်း ကောက်လိုက်ရင် မြေယာပြဿနာကို လုံးဝဖြေရှင်းလို့ရတယ်။ ဒါပေမယ့် သွားနေရတဲ့ပုံစံတွေက သူတို့မှာလည်း ဘေးကျပ်နံကျပ်ပေါ့နော်။ ရင်ကြားစေ့စီးပွားရေးဆိုတော့ ဟိုလူ့မျက်နှာ ကြည့်ရတာ၊ ဒီလူ့မျက်နှာ ကြည့်ရတာနဲ့။ ဒီမြေယာပြဿနာ မဖြေရှင်းနိုင်တာကလည်း လယ်ယာကဏ္ဍကို ကျဆင်းစေတဲ့ အကြောင်းရင်းပဲ။ စောစောတုန်းက ပြောတဲ့ ဈေးနှုန်းတွေ ကျဆင်းတာက အစိုးရအနေနဲ့ Subsidize မလုပ်ပေးသင့်ဘူးလား ဆိုတော့ လုပ်ပေးသင့်တယ်။
ဦးတိုးဇော်လတ်(ဒီဗွီဘီ)
အင်န်အယ်လ်ဒီ အစိုးရမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုတဲ့ မူရှိပေမယ့် လက်ရှိအခြေအနေမှာ လယ်သမားတွေအတွက် အဓိက ဘာတွေလုပ်ပေးသင့်လဲ ဆိုတာလေးကို ဖြည့်စွက်သုံးသပ်ပေးပါဦးခင်ဗျ။
မမွန်မွန်မြတ် (နိုင်ငံရေးဆောင်းပါးရှင်)
လယ်ယာကဏ္ဍနဲ့ ပတ်သက်လို့တော့ စောစောက ပြောခဲ့သလို Emergency Plan တွေ ရှိဖို့တော့ လိုတယ်ပေါ့။ ဒီလိုမျိုး ရာသီဥတု ဆိုးဝါးတဲ့ကိစ္စတွေ၊ Climate Changes တွေ ကြောင့် သူတို့ရဲ့စိုက်ပျိုးရေးတွေမှာ သွားပြီးထိခိုက်တယ်ဆိုရင် ဒီဟာတွေကို ဘယ်လို ကုစားပေးမလဲဆိုတဲ့ ပေါ်လစီတွေ အစိုးရဆီမှာ ရှိသင့်တာပေါ့။ သူတို့ကို စိုက်ပျိုးစရိတ် ချေးငွေတွေကို လုံလုံလောက်လောက် လုပ်နိုင်အောင် ဘယ်လောက် ထောက်ပံ့ပေးမလဲ။ ဒါတွေနဲ့ပတ်သက်ပြီးတော့ အစိုးရဘက်က တတ်နိုင်သမျှပေါ့ နှောင်ကြိုးမဲ့ချေးငွေမျိုးတွေ ထုတ် ပေးနိုင်အောင်ပေါ့။ အဲဒါမျိုးတွေနဲ့ လယ်ယာကဏ္ဍကို တိုးမြင့်အောင် လုပ်လို့ရတယ်။ နောက်တချက်က စက်မှုလယ်ယာကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာလည်း စီးပွားရေးမူဝါဒထဲမှာ ပါတယ်။ အဲဒီဟာတွေအတွက် စက်မှုလယ်ယာကဏ္ဍ အကောင်အထည်ဖော်နိုင်အောင် သုံးစွဲနိုင်မယ့် စက်ပစ္စည်းတွေ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ဖို့လည်း လိုပါတယ်။
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
အခုလို ဆန်ရှင်လွှတ်ပေးမယ့် တကယ်တမ်း မြန်မာပြည်မှာ ငွေကြေးခဝါချမှုနဲ့ပတ်သက်လို့ ခိုင်မာမှုမရှိတဲ့အတွက် အမေရိကန်လိုနိုင်ငံက ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။ အဲဒါနဲ့ပတ်သက်လို့ရော Monetary Policy ပေါ့။ ဘာလုပ်သင့်လဲဆိုတာ နောက်ဆုံးအနေနဲ့ ဆွေးနွေးသုံးသပ်ပေးပါဦး။
မယမင်းမြတ်အေး (စီးပွားရေးဆောင်းပါးရှင်)
အဓိက က အခု အောက်တိုဘာလ ၇ ရက်နေ့က သူတို့ Treasury Department ကနေ ထုတ်ပြန်လိုက်တဲ့အထဲမှာ ဒီ Sanction List တွေ၊ Targeted Sanction တွေ အကုန်လုံး လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် ငွေကြေးခဝါချတဲ့ဟာနဲ့ပတ်သက်ပြီး သူတို့ ကျန်သေးတယ်။ ကျန်သေးတဲ့အခါကျတော့ ဖြစ်နေတာက အခု ဆန်ရှင်လွှတ်လိုက်ပြီ။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်လာမလားဆိုတော့ မဝင်လာနိုင်သေးဘူး။ သူတို့ ဝင်လာမယ်ဆိုရင် ပထမ သူတို့ရဲ့ရှေ့ပြေး ဘဏ်တွေ ဝင်လာမယ်။ ဒါပေမယ့် ဒီငွေကြေးခဝါချတဲ့ပြဿနာက ရှိနေသေးတယ်။ ရှိနေသေးတော့ သူတို့ ဝင်မလာနိုင်သေးဘူး။ ဒါတွေရှိတယ်။ အဲဒီတော့ Monetary Policy ဆိုတဲ့အပိုင်းမှာ ဒါကို ကိုင်တွယ်ဖို့အတွက်ကျတော့ ဗဟိုဘဏ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ကျမတို့က ၂၀၁၃ တုန်းက ဗဟိုဘဏ်ဥပဒေကို ပြဋ္ဌာန်းထားတာက ရှိတယ်။ အဲဒီဗဟိုဘဏ် ဥပဒေမှာလည်း အားနည်းချက် တော်တော်များများ ရှိနေတယ်လို့ ပြောတယ်။ အဲဒီတော့ Monetary Policy ကို ကိုင်မယ်ဆိုရင် အဲဒါကို အစိုးရအနေနဲ့ တကယ့် တတ်သိပညာရှင်တွေနဲ့ World Bank ဟာမျိုး၊ ADB တို့လို ဟာမျိုးတွေလည်း ပါမယ်ပေါ့။ ဒါကို ငွေကြေးမူဝါဒနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တချက်ပေါ့နော်။ နောက်တချက်က အခု ကျမတို့ အိတ်စ်ပို့ အပြင်ကို မပို့နိုင်ဘူး ဆိုတာလေ။ ဥပမာ- ကျမတို့ မြန်မာနိုင်ငံက အိန္ဒိယကို ပဲပို့တယ်ဆိုပါစို့။ ကျမတို့က TT Advance မရဘူး။ မရတဲ့အတွက် ကျမတို့က နှစ်ရင်း ရင်းနေရတဲ့ပြဿနာ ရှိတယ်။ ကိုယ့်ပိုက်ဆံပဲ စင်ကာပူမှာ သွားထားလိုက်တယ်။ စင်ကာပူကနေ ဒီဘဏ်ထဲကို ပြန်လွှဲတယ်။ အဲဒီပိုက်ဆံနဲ့ ဒီမှာ ပြတယ်။ နှစ်ရင်း ရင်းရတယ်။ ပြီးတော့မှ အိတ်စ်ပို့ လုပ်နိုင်တယ်။ ဒါတွေကို ဖြေလျှော့ပေးဖို့ ဗဟိုဘဏ်နဲ့ ပတ်သက်နေတယ်။ ဒါတွေကို မလုပ်နိုင်သေးဘူးပေါ့။ ဒါလေးတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ ထင်တယ်။ ဒါမှ အိတ်စ်ပို့က ပရိုမိုးရှင်း လုပ်လို့ရမယ်ရှင့်။