တောင်ကြီး မီးပုံးပျံပွဲကြည့်စင်များ ပြန်လည်ဖျက်သိမ်း
နန်းမြနဒီ
·
November 2, 2016
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးက မီးပုံးပျံပြိုင်ပွဲကို စင်ပေါ်ကနေကြည့်ရှုအားပေးနိုင်ဖို့ ပွဲကြည့် စင်တွေ ဆောက်လုပ်နေရာက ဆန္ဒပြကန့်ကွက်မှုတွေကြောင့် အဆိုပါစင်တွေကို ဒီကနေ့ ပြန်လည်ဖျက်သိမ်းလိုက်ပါတယ်။
ပွဲကြည့်စင်တွေ ဖျက်သိမ်းနေကြောင်း သိရှိရတဲ့အတွက် အဆိုပါစင်ကို တာဝန်ယူဆောက်လုပ် နေတဲ့ ချယ်ရီကွင်းဟိုတယ်ပိုင်ရှင်ကို ကျေးဇူးတင်စကားလှမ်းပြောပြီး သူတို့ဘက်ကလည်း ဖျက်ပေးနေတဲ့အကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ ကန့်ကွက်ပွဲဦးဆောင်သူ တောင်ကြီး ဒေသခံ ဦးတင်မောင်တိုးက ဒီဗွီဘီကို ပြောပါတယ်။
“စင်တွေပြန်ဖျက်ပေးနေတာတွေ့ရလို့ အခုဘဲ ကန်ထရိုက် ဦးစိုးလင်းဆီကို ကျနော်ဖုန်းဆက်ပြီး ကျေးဇူးတင်စကားပြောလိုက်ပါတယ်။ သူတို့က ဖျက်သိမ်းပေးလိုက်ပါပြီ။ အစိုးရကိုလည်းပြန် အပ်လိုက်ပါပြီလို့ အတည်ပြုပြောပါတယ်။ ကျနော်ကလည်း သူတို့ကန်ထရိုက်ညီအကို နှစ်ေ ယာက်ကိုရော၊ ရှမ်းပြည်နယ်အစိုးရကိုရောပေါ့ ကျေးဇူးတင်တယ်လို့ ပြောတယ်။ သူက ကျနော့်ကို လာတွေ့ဦးမယ်လို့လည်း ပြောတယ်။”
အခုလို ပွဲကြည့်စင်တွေ ပြန်ဖျက်ပေးတာဟာ ဒေသခံပြည်သူတွေက သဘောမတူတဲ့အတွက်၊ ၀ိုင်းဝန်းကန့်ကွက်ကြတဲ့အတွက် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပွဲကြည့်စင်တည်ဆောက်မယ့်နေရာဟာ အဝေရာမီးပုံးပျံကွင်းထဲမှာဖြစ်ပြီး အခန်းပေါင်း ၂၀၀ ပါရှိကာ ပြီးစီးပါက စင်ပေါ်ကနေကြည့်ရှုလိုသူတွေအနေနဲ့ တညတာအတွက် တခန်းကို ကျပ် ၂ သောင်း မှ ၃ သောင်းထိ ပေးရမှာဖြစ်ပါတယ်။
စင်ဆောက်လုပ်ခွင့်ရဖို့အတွက် ရှမ်းပြည်နယ်အစိုးရကို ကျပ်သိန်း ၈၀ နဲ့ သန့်စင်ခန်းဆောက် လုပ်ရန် သိန်း ၁၂၀ စုစုပေါင်း သိန်း ၂၀၀ ပေးသွင်းထားပြီး လုပ်ငန်းပြီးစီးမှု အခြေအနေ ၈၀ ရာခိုင်နှုန်းလောက်မှာ ပြန်လည်ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။