Home
မြန်မာသတင်း
ဘင်္ဂါလီကျေးရွာများတွင် ယမန်နေ့ညက ဆူညံအော်ဟစ်မှုကြောင့် ဒေသခံများ စိုးရိမ်
DVB
·
October 17, 2016
  ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘင်္ဂါလီကျေးရွာတွေမှာ မနေ့ညက ဆူညံအော်ဟစ်သံတွေ ဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသားတွေကတော့ စိုးရိမ်ပူပန်နေကြရတယ်လို့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ “ဘင်္ဂါလီရွာတွေက ရုတ်ရုတ်ဖြစ်တယ်လို့ပြောတယ်။ အဓိကကတော့ သူတို့က အကြမ်းဖက်ဖို့အတွက်ကို လှုံ့ဆော်တာပဲဖြစ်တယ်လို့ ယူဆလို့ရတယ်။  ဘူးသီးတောင်နဲ့ဆိုရင် အဲဒီဖြစ်တဲ့နေရာက ၇ မိုင်လောက်ဝေးမယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်။ ဘူးသီးတောင်က တော့ လောလောဆယ် ဘာမှာတော့ မဖြစ်သေးဘူး။ ဒါပေမယ့် လောလောဆယ် အဲဒီဘင်္ဂါလီရွာတွေနဲ့နီးတဲ့ တိုင်းရင်းသားရွာတွေက ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေက စိုးရိမ်နေတဲ့ အခြေအနေတော့ ရှိနေတယ်။ ကျနော်တို့ဆီကို ဖုန်းအမြဲတမ်း လှမ်းဆက်နေတယ်။” ဘူးသီးတောင်မြို့နယ်  အရှေ့ဘက်ကမ်းမှာရှိတဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့ (သင်္ဂနက်၊ သရဖီ၊ အုတ်တောင်၊ ပြင်ရှည်၊ အတွင်းငှက်သေ စတဲ့) ကျေးရွာတွေမှာ ညနေဘက်တွေမှာ မငြိမ်သက်မှုတွေ၊ အော်ဟစ်အသံပြုတာတွေကို မကြာခဏ ကြားနေရတဲ့အတွက် ထူးခြားမှု ဖြစ်လာနိုင်မလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေသလို မသင်္ကာဖွယ် တွေ့ရှိတိုင်း စုံစမ်းစစ်ဆေးတာတွေ ရှိနေပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေရှိတဲ့အနီးက ကျေးရွာတွေမှာ မနေ့ညအချိန် မကြာခဏ အော်ဟစ်သံတွေ ကြားနေရပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက နယ်မြေခံဒီဗွီဘီသတင်းထောက်ကို ပြောပါတယ်။ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ရဲတပ်ဖွဲ့စခန်းတွေ အကြမ်းဖက် တိုက်ခိုက်မှုခံရပြီး မောင်တောမြို့နယ်ထဲက တိုင်းရင်းသားကျေးရွာတွေက သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ပေါ်တွေကို တိမ်းရှောင်ခိုလှုံနေကြပြီး အရေအတွက် တထောင်ကျော်အထိ ရှိလာနေပါတယ်။ ဘူးသီးတောင်မြို့ အ.ထ.က ခွဲ (၁) မှာဆိုရင်  မောင်တောမြို့နယ်ဘက်က ထွက်ပြေးလာတဲ့သူ ၁၁၄၀ ရှိနေပြီ ဖြစ်တယ်လို့လည်း  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိမ်းက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်ထဲက ကျေးရွာတွေက တိမ်းရှောင်မှုတွေ မရှိသေးပေမယ့် စိုးရိမ်မှုတွေ လျော့နည်းအောင် နယ်ဘက်ကျေးရွာတွေမှာ လုံခြုံရေး ပိုမိုအားဖြည့်ပေးဖို့ လိုအပ်နေတယ်လို့ တိမ်းရှောင်သူတွေကို ကူညီပေးနေသူတွေက ထောက်ပြနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024