Homeမြန်မာသတင်း
ကချင်တိုက်ပွဲများရပ်စဲရေး ကချင်အန်အယ်လ်ဒီအမတ်များ နိုင်ငံတော်အတိုင်ပင်ခံထံ စာပို့ တောင်းဆို
ကချင်တိုက်ပွဲများရပ်စဲရေး ကချင်အန်အယ်လ်ဒီအမတ်များ နိုင်ငံတော်အတိုင်ပင်ခံထံ စာပို့ တောင်းဆို
ကျော်ဇေယျာဝင်း
·
October 8, 2016
လက်ရှိ ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲများရပ်တန့်နိုင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေစုပေါင်းလက်မှတ်ရေးထိုးပြီး အောက်တိုဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံလိပ်မူပြီး စာတစောင် ပေးပို့ပြီးတောင်းဆိုလိုက်တယ်လို့ ကချင်ပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဒီဗွီဘီကိုပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့သော မေတ္တာရပ်ခံစာမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် တနေ့ထက်တနေ့များပြားနေပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် တစ်သိန်းကျော်ထိရှိသွားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ကချင်ပြည်နယ်နေရာအနှံ့ကူးစက်သွားမည်ကို ကချင်ပြည်သူ တွေက စိုးရိမ်နေကြတယ်လို့ ဖော်ပြပါရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖော်ဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံကို တိုင်းရင်သားတွေက အပြည့်အဝထောက်ခံနေတာဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသား တွေက အားကိုးမျှော်လင့်စောင့်စားနေကြတယ်လို့လည်း မေတ္တာရပ်ခံစာမှာဖော်ပြပါရှိပါတယ်။
အခုလို တိုက်ပွဲများရပ်တန့်ရေး မေတ္တာရပ်ခံစာပေးပို့တောင်းဆိုရတာနဲ့ ပတ်သတ်ပြီး တပ်မတော် ဘက်က ထိုးစစ်တွေဆင်နေတာနဲ့ ပတ်သတ်ပြီးစိုးရိမ်ထိန့်လန်မိပြီး စစ်ပွဲဖြစ်ပွားနေတာတွေကို မလိုလားတော့ကြောင်း၊ လက်ရှိတိုက်ပွဲတွေကြောင့် တပ်မတော်ဘက်ကော တိုင်ရင်းသား လက်နက်ကိုင် ဘက်ကကော အကျိုးမရှိနိုင်ပဲ ဆုတ်ယုတ်နိုင်စရာရှိပြီး ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တဲ့အတွက် အခုလို မေတ္တာရပ်ခံစာပေးပို့ရခြင်းဖြစ်တယ်လို့ ကချင်ပြည်နယ် အမှတ် (၉) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။
“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါတယ်။ သူက Reconciliation ရင်ကြားစေ့ရေးပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက်တက်နိုင်သမျှ အမုန်းစကားတွေ မပြောကြပဲနဲ့ ကျနော်တို့အနီးကပ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ကြိုစားနေကြ ပါတယ်။ ဒါပေမယ့် တပ်ကအနေနဲ့ ဘယ်လိုသူသဘောတရားရှိလို့လဲမသိဘူး။ စစ်ပွဲတွေ ထိုးစစ်တွေဆင်နေတယ်ဆိုတော့ ကျနော်တို့လည်း စိုးရိမ်ထိတ်လန့်လားတယ်။ နောက် ၂၁ ရာစု ပင်လုံညီလာခံကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ အသီးသီး တက်ရောက်ကြတာပဲ။ အဲ့ခေါင်းဆောင်တွေအသီးသီးတက်ရောက်ကြတဲ့နေရာမှာ တက်ရောက်တဲ့ ခေါင်းဆောင်အသီးသီးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တော်တော်လေး ထောက်ခံကြပါတယ်။ သူဖော်ဆောင်မယ့် (၂၁) ပင်လုံညီလာခံကိုပေါ့”လို့ ဦးခင်မောင်မြင့် ကပြောပါတယ်။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ၂၀၀၉ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ငါးနှစ်ကျော်နေပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲရေးနဲ့ ပတ်သတ်ပြီး အောက်တိုဘာ လဆန်းပိုင်းမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ တနိုင်းတို့မှာ ဒေသခံပြည်သူတွေ ထောင်သောင်းချီစုပေါင်းပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြ ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဟာ အဲ့ဒီမေတ္တာရပ်ခံစာကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ လိပ်မူပြီး ပေးပို့ခဲ့ကြပါတယ်။