စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်များကို ဒဏ်ငွေတိုးမြှင့် ကောက်ခံမည်
DVB
·
October 5, 2016
စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်မောင်းတွေကို ဒဏ်ကြေးငွေရိုက်တာ နည်းပါးတာကြောင့် ရန်ကုန်မြို့တွင်းမှာ စည်းကမ်းပျက်မောင်းနှင်တာတွေ တနေ့တခြားပိုမိုများပြားလာတဲ့အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်တဲ့ ယာဉ်မောင်းတွေကို ဒဏ်ကြေးငွေတိုးမြှင့် ကောက်ခံသွားမယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ထံသို့ ပြည်သူတွေပေးပို့တဲ့ အကြံဉာဏ်ပေးစာတွေထဲမှာလည်း ဒဏ်ကြေးငွေနည်းပါးတာကြောင့် ယာဉ်မောင်းတွေဘက်က စည်းကမ်းမဲ့မောင်းနှင်မှုတွေ ပိုမိုများပြားလာတာလို့ ဝေဖန်အကြံဉာဏ်ပေးထားတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မော်တော်ယာဉ်ဥပဒေကို ၂၀၁၅ ခုနှစ် ၁၀ လပိုင်းကထဲက အတည်ပြု ထုတ်ပြန်ထားပြီး ထပ်မံထည့်သွင်းထားတဲ့ ဥပဒေအသစ်တွေကို မသိသေးတဲ့ ယာဉ်မောင်းတွေ များစွာရှိနေပြီး လက်ရှိအချိန်မှာတော့ အရေးယူဆောင်ရွက်တာထက် ပြည်သူတွေကို ယာဉ် စည်းကမ်း လမ်းစည်းကမ်း ပညာပေးတာတွေ အဓိကလုပ်ဆောင်နေပြီး ခေတ်မီ မီးပွိုင့်စနစ် ပြီးရင်တော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေတွေအတိုင်း အရေးယူဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
ဥပဒေအသစ်ထဲမှာ ထည့်သွင်းလာတာတွေကတော့ ကားမောင်းရင်း တယ်လီဖုန်းမပြောဖို့ အရက်သေစာသောက်စား မောင်းနှင်ခြင်းမပြုဖို့နဲ့ ကားမောင်းရင် ခါးပတ်တပ်ဆင်ထားတာတွေ ဖြစ်ပါတယ်။