အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် လူငယ် ၂ ဦး ဓာတ်လိုက်သေဆုံး
နန်းမြနဒီ
·
October 4, 2016
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ဖောင်တောင်ဦးဘုရား ဒေသစာရီကြွစဉ် နောက်ပါလှေတစီးပေါ်မှာ ဓာတ်လိုက်မှုဖြစ်ပွားလို့ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားပါတယ်။
အောက်တိုဘာ ၃ ရက် မနက်က အင်းတိန်ရွာကနေ ဟဲယာရွာမကို ဖောင်တော်ဦးဘုရား ဒေသစာရီကြွစဉ် လယ်ခြေရွာသားတွေရဲ့ ဆွဲလှေတစီးပေါ်မှာ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့တာလို့ ဟဲယာရွာမ မြန်မာ့လျှပ်စစ်ဓာတ်အားလိုင်းဌာန ကြီးကြပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။
“ဘုရားပွဲဆိုတော့ လှေဦးပေါ်မှာ အလံထောင်သွားတာပေါ့၊ အလံက စတီးလ်နဲ့ လုပ်ထားတာ၊ အဲဒါ ကောင်းကင်ပေါ်သွယ်တန်းထားတဲ့ ကေဗွီ ၁၁ ဓာတ်အားလိုင်းကြိုးချိတ်မိပြီး ဓာတ်လိုက်တာ အလံကိုင်ထားတဲ့ လူငယ် ၂ ယောက် ဓာတ်လိုက်ခံရပြီး ၂ ယောက်ပွဲချင်းပြီး ဆုံးတယ်၊ ဓာတ်အားက နှလုံးကိုထိသွားတယ်လို့ ထင်ပါတယ်၊ တကိုယ်လုံးမည်းသွားတယ်၊ နောက်တယောက်က ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့တယောက်က ရွာမဆေးခန်းမှာပဲ၊ ဘယ်နားထိလဲတော့မသိဘူး၊ သူက ဒဏ်ရာမပြင်းထန်ဘူးလို့ ပြောပါတယ်။”
သေဆုံးသွားသူတွေကတော့ လယ်ခြေရွာသားတွေဖြစ်တဲ့ ဆန်းထွန်းနိုင် (၂၀ နှစ်) နဲ့ ချမ်းငြိမ်းသူ (၁၆ နှစ်) တို့ဖြစ်ပြီး ဒဏ်ရာရသူလည်း တရွာတည်းသား လူငယ်တဦး ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖောင်တော်ဦးဘုရားဂေါပက ဦးသန်းဝင်းက အလံတိုင်တွေနဲ့ ရွာထဲကို လှည့်လည်စဉ် ဓာတ်ကြိုးတွေနဲ့ မထိမိအောင် သတိထားရမှာဖြစ်ကြောင်း၊ ခုလို မတော်တဆ ထိခိုက်မှုဖြစ်ပေမယ့် ဘုရားပွဲအစီအစဉ်တွေ ပြောင်းလဲမှုမရှိကြောင်း၊ ရပ်ဝေးရပ်နီး ဧည့်သည်များ ပုံမှန်လာရောက်ဖူးမြော် လည်ပတ်နိုင်တယ်လို့ ပြောပါတယ်။
“ဆွဲလှေပေါ်ပါလာတဲ့သူတွေဟာ ဒီဓာတ်ကြိုးရှိတဲ့ဥစ္စာ ဒီအလံတိုင်ကြီးကို လှဲလိုက်မှရမှာ၊ မလှဲဘဲ ဒီတိုင်းသွားလိုက်တာ အန္တရာယ်ရှိတာပေါ့၊ သတိမထားလို့ပေါ့၊ ဘုရားပွဲတော့ မပျက်ပါဘူး၊ သူက ကြိုမယ့်လမ်းမှာပဲ ရှိသေးတာကို၊ ဘုရားဖူးဧည့်သည်တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘုရားပွဲကို မလာတာလည်း မဖြစ်ပါနဲ့လို့၊ မနက်ဖြန် ငါးဖယ်ချောင်းကို ကြွမယ်။”
ကမ္ဘာလှည့်ခရီးသည်တွေပါ စိတ်ဝင်စားတဲ့ ဖောင်တော်ဦးဘုရားပွဲတော်ကို ဒီနှစ်မှာတော့ သီတင်းကျွတ်လဆန်း ၁ ရက်နေ့က ဖောင်တော်စထွက်ကာ အင်းလေးဒေသ ရွာပေါင်း ၂၁ ရွာကို လှည့်လည်ပူဇော်ခံပြီး လပြည့်ကျော် ၃ ရက်မှာ ကျောင်းတော်ပြန်ဝင်မှာ ဖြစ်ပါတယ်။