ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ ရေဖြူမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား
နော်နိုရင်း
·
September 9, 2016
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မွန်ပြည်သစ်ပါတီ လက်အောက်ခံတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။
ရေဖြူမြို့နယ် သဲချောင်းကျေးရွာအနီးမှာ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၆ မိုင်လောက်ဝေးတဲ့ ရာဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။
“မနေ့က ၁ နာရီ မိနစ်၄၀ မှာ သဲချောင်းရွာ သံလွင်ချောင်းနားမှာ ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီနဲ့ တိုက်ပွဲ ခဏလေးဖြစ်သွားကြတယ်ခင်ဗျာ။ ကျနော်တို့ သိရသလောက်ဆိုရင် မွန်ပြည်သစ် ပါတီက သဲချောင်းမှာ သူတို့ အခြေချစခန်းရှိတာပေါ့။ အဲဒီမှာ ကေအန်ယူက ရွာထဲ ၀င်လာ တယ်လို့ ပြောတယ်။ တဖက်နဲ့တဖက် ဆက်သွယ်မှုမရှိဘဲ ၀င်လာတဲ့အချိန်ကျတော့ တိုက်ပွဲတွေ ဖြစ်သွားတဲ့ဆိုတာ သိရပါတယ်။”
ပစ်ခတ်မှုတွေ ၁၀ မိနစ်ဝန်းကျင်လောက်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ကေအန်ယူ တပ်သားတဦး ထိခိုက် ဒဏ်ရာရတယ်လို့ ကြားသိရပြီး ရွာသားတွေကတော့ ထိခိုက်မှုမရှိဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်တဲ့နေရာဟာ မွန်ပြည်သစ်ပါတီ အမှတ် ၂ တပ်ရင်း အခြေချတဲ့နေရာဖြစ်သလို ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ခွဲ (၃) လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးကို မေးမြန်းရာမှာတော့ ခြံမြေကိစ္စကြောင့် တင်းမာမှုဖြစ်ခဲ့တာလို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ နိုင်အောင်က ဒီဗွီဘီကို ပြောပါတယ်။
“ခြံမြေကိစ္စကြောင့် တင်းမာမှုလေးဖြစ်တာပါ။ သတ်မှတ်ထားတဲ့ တိုင်းတာထားတဲ့ဟာက မှားသွားတာ ဖြစ်မယ်ထင်တယ်။ တင်းမာမှုဖြစ်သွားတာပေါ့။ ဟိုဖက်ကလည်း ကရင်စစ်သား၊ ဒီဖက်ကလည်း မွန်စစ်သား တင်းမာမှုလေး ရှိတာပါ။ အခု နှစ်ဦးနှစ်ဖက် လူကြီးတွေ ညှိနှိုင်း ဖြေရှင်းကြတာပေါ့။ ”
ကေအန်ယူ မြိတ်/ ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဘီးလယ်ကတော့ သူအနေနဲ့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့အတွက် အဲဒီကိစ္စကို မသိရသေးကြောင်းပြောပါတယ်။ ကေအန်ယူ မြိတ်/ ထားဝယ်ခရိုင် ဆက်ဆံရေးရုံးကို ဒီကိစ္စ ဆက်သွယ်မေးမြန်းဖို့ကြိုစားခဲ့ပေမယ့် မရခဲ့ပါဘူး။
မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ဟာ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF)ရဲစေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်သွားခဲ့ပြီး ၂၈ နှစ်နီးပါး အကြာမှာ အခုတဖန် နှစ်ဖက်အကြား ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာမြန်မာအစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေမှာ ပါဝင် သဘောတူလက်မှတ် ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကတော့ သဘောတူစာချုပ် လက်မှတ် ထိုးထားခြင်းမရှိသေးပါဘူး။