စည်ပင်၏ တရားစွဲဆိုခံရသည့် သာယာဝတီ ပျံကျဈေးသည် ၃ ဦး ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
September 1, 2016
သာယာဝတီ မြို့နယ်စည်ပင်သာယာရေး ကော်မတီက သုံးဆယ်မြို့နယ် ကမ်းနားလမ်းမှာ ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည် ၃ ဦးကို တရားစွဲဆိုဒဏ်ရိုက်လို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
သုံးဆယ်မြို့ ကမ်းနားလမ်းမှာရှိတဲ့ မကျီးကုန်းပျံကျဈေးမှာ ဈေးရောင်းချနေတဲ့ ပျံကျ ဈေးသည် ၂၀၀ ကျော်ထဲမှ ဈေးသည် ၃ ဦးကို သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးလမ်းမှာခွင့်ပြုချက်မရှိပဲ ကျူးကျော်ဈေးရောင်းချတဲ့အတွက်အခုလို အရေးယူလိုက်တာပါ။
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၇၄ အရ အမှုဖွင့်တရားစွဲခဲ့တဲ့အပြင် စီမံခန့်ခွဲမှုဒဏ်ငွေအဖြစ် ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ တရက်လျှင် တသောင်းနှုန်းနဲ့ ဒဏ်ရိုက်ခဲ့တဲ့အတွက် အဲဒီတရားစွဲခံရတဲ့ ဈေးသည်သုံးဦးဟာ အခုဆို တဦးကို ၇ သိန်းထိ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။
အခုလို အမှုဖွင့်တရားစွဲဆိုခံရတဲ့အပြင် ဒဏ်ကြေးငွေများ နေ့စဉ်ဆိုသလို ပေးဆောင်ရမှာ ဖြစ်တဲ့အတွက် တရားစွဲဆိုခံရတဲ့ဈေးသည် ၃ ဦးဟာ စက်တင်ဘာလ ၁ ရက်နေ့က သုံးဆယ်မြို့ ကမ်းနားလမ်း မကျီးကုန်းပျံကျဈေးကနေ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သာယာဝတီ မြို့နယ် စည်ပင်သာယာရေးရုံးအရှေ့မှာ ထိုင်သပိတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အဲဒီလိုဆန္ဒထုတ်ဖော်ခဲ့တဲ့ ဈေးသည် သုံးဦးက “မကျီးကုန်းပျံကျဈေးတွင် ဈေးသည် ၃ ဦးအများနှင့်တန်းတူ ရောင်းချခွင့်ရရှိရေး၊ လက်လုပ်လက်စားဈေးသည်များအား ဖိနှိပ်မှုများ အလိုမရှိ၊ စည်ပင်သာယာရေးကော်မတီသည် ဈေးသည်အများစုထဲမှ ၃ ဦးကိုသာ တရားစွဲ ဒဏ်တပ်မှုများအား ရပ်ဆိုင်းပေးရေး အပါအဝင် ဈေးမိဈေးဖအဖွဲ့နဲ့ စည်ပင်ကော်မတီအား အလိုမရှိ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စည်ပင်ဌာနက တာဝန်ရှိသူကို ဒီဗွီဘီ သတင်းဌာနက သွားရောက်မေးမြန်းခဲ့ရမှာတော့ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် ရုပ်သံဖြေကြားဖို့ကို ငြင်းပယ်ခဲ့ပါတယ်။
သတင်း - ဝဏ္ဏထွန်း (လက်ပံတန်း)