တပ်မတော်သုံး မော်တော်ယာဉ်အတွင်း တရားမဝင်သစ်များ ဖမ်းမိ
DVB
·
August 26, 2016
တရားမဝင်သစ် တင်ဆောင်လာတဲ့ တပ်မတော်သုံး ၆ ဘီး မော်တော်ယာဉ် ၁ စင်းကို စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်မှာဖမ်းဆီးရမိခဲ့ပါတယ်။
အဆိုပါ တပ်မတော်ယာဉ်ကို မြင်းမူမြို့နယ် သစ်တောဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ သြဂုတ် ၂၄ ရက်နေ့က သတင်းအရ စစ်ဆေးရာ မြို့အထွက် ထီးဆောင်းရွာအနီးမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။
တပ်မတော်သုံးယာဉ်ပေါ်မှာ တရားမ၀င် ပိတောက်ခွဲသား ၂၉ ချောင်း၊ တန်ချိန် ၃ တန်နီးပါး ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သယ်ဆောင်လာသူတွေက တပ်မတော်သား ၂ ဦးဖြစ်ကြောင်း မြင်းမူမြို့နယ် ရဲမှူး ဦးစိုးမြင့်က ပြောပါတယ်။
"မွန်းလွဲ ၁၂ ခွဲက မြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ကျနော်တို့ ရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးတာပါ။ ကလေးထောက်ပို့တပ်ကပါ။ သူတို့ကိုတော့ တပ်မတော်သားတွေဖြစ်တဲ့အတွက် တပ်စည်းကမ်းအရ အရေးယူဖို့ မိခင်တပ်ရင်းကို လွှဲပြောင်းဖို့ လုပ်နေပါတယ်။"
လက်ရှိမှာတော့ တရားမဝင်သစ်တင်ဆောင်လာသူ အဆိုပါ တပ်မတော်သား ၂ ဦးကို မြို့နယ်သစ်တောဦးစီးမှူးက တရားလိုပြုလုပ်ပြီး မြင်းမူမြို့မရဲစခန်းမှာ (ပ)၁၇၀ /၁၆ ၁၉၄၇ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆/၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း- ရန်နိုင်စိုး
ဓာတ်ပုံ-ကျော်သူရ