ငလျင်ကြောင့် ပုဂံရှေးဟောင်းဘုရားစေတီ ၆၀ ကျော် ထိခိုက်ပျက်စီး၊ လူသေဆုံးမှုရှိ
DVB
·
August 24, 2016
မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဒီကနေ့ ညနေက လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ရှေးဟောင်းဘုရားစေတီ ၆၅ ဆူလောက် ထီးတော်ယိုင်၊ စိန်ဖူးတော်မြေခ၊ ဖောင်းရစ်တွေ အက်ကွဲခဲ့တယ်လို့ လူကယ်ပြန်ဌာနက သတင်း ထုတ်ပြန်ပါတယ်။
မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ ကျမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်းရှိ စေတီတော်ပြိုကျပြီး သစ်တပွေရပ်ကွက်မှာ လူ ၂ ဦး သေဆုံးသွားတယ်လို့ဆိုပါတယ်။
ပခုက္ကူမြို့နယ်မှာတော့ ပုဂ္ဂလိကဆေးပေါင်းရုံပြိုကျလို့ လူ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရရှိပြီး ကွန်းရွာမှာ ၁ ဦး သေဆုံးခဲ့ပါတယ်။
မင်းလှမြို့နယ်ရှိ ဘုရားစေတီ ၁ ဆူ စိန်ဖူးတော်မြေခခြင်း၊ ငဖဲမြို့နယ်မှာ အိမ်အချို့ပြိုကျပျက်စီးခြင်းရှိခဲ့သလို ချောက်မြို့နယ်မှာ အဆောက်အဦနှင့်နေအိမ်အချို့ပျက်စီးကာ ပွင့်ဖြူမြို့နယ် ကျွဲထိကျေးရွာမှာ စေတီ(၁)ဆူပြိုကျ အဆောက်အဦအချို့ပျက်စီးခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရတနာ့မာန်အောင်စေတီတော် ပြိုကျခဲ့သလို စစ်တွေမြို့နယ်မှာတော့ ဓာတ်တိုင်တွေယိမ်းယိုင်သွားပြီး နေပြည်တော်လွှတ်တော်အဆောက်အဦမှာ မျက်နှာကျက်တွေ အနည်းငယ်ပျက်စီးသွားခဲ့တယ်လို့ အစိုးရဌာနရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သိရ ပါတယ်။