Homeမြန်မာသတင်း
ဦးသိန်းစိန်ကို ကွန်ပြူတာပြုလုပ်ချက်ဖြင့် လှောင်ပြောင်ခဲ့သူဟု သံသယရှိသူကို ထပ်မံတရားစွဲရန် အမိန့်ချမှတ်
ဦးသိန်းစိန်ကို ကွန်ပြူတာပြုလုပ်ချက်ဖြင့် လှောင်ပြောင်ခဲ့သူဟု သံသယရှိသူကို ထပ်မံတရားစွဲရန် အမိန့်ချမှတ်
DVB
·
August 22, 2016
သမ္မတဟောင်းဦးသိန်းစိန်တို့ကို ကွန်ပျူတာပြုလုပ်ချက်တွေနဲ့လှောင်ပြောင် သရော်ခဲ့တဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ သံသယရှိသူ ကိုလှဖုန်းကို စွဲချက်တင်ထားတဲ့အမှုတွေ ဖြေရှင်းဖို့အတွက် မရမ်းကုန်းမြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးက သြဂုတ်လ ၂၂ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။
ကိုလှဖုန်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၆၅/အလံဥပဒေပုဒ်မ ၁၆၊ ဒုတိယရဲမှူးသိန်းဗိုလ်ထွန်းက တရားလိုပြုဆွဲဆိုထားတဲ့ အီလက်ထရောနစ်ဥပဒေပုဒ်မ ၆၆-ဃ ဒုဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုပြုဆွဲဆိုထားတဲ့ အီလက်ထရောနစ်ဥပဒေပုဒ်မ ၆၆-ဃ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ တို့ကို ဆက်လက်အမှုရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် အရင်စစ်ဆေးခဲ့တဲ့ တရားလိုတွေ တရားလိုပြသက်သေတွေကို ပြန်လည်ဆင့်ခေါ်ပြီး စစ်ဆေးသွားဖို့လည်း ရှိနေပါတယ်။
ဒီလိုအမှုကို ဆက်လက်ရင်ဆိုင်ဖြေရှင်းဖို့အတွက်အမိန့်ချချိန်မှာ တရားခံအဖြစ်သံသယရှိသူ ကိုလှဖုန်းက "မိမိတစုံတရာမကျူးလွန်တဲ့အတွက် အပစ်မရှိဘူး" လို့ ထွက်ဆိုခဲ့ပါတယ်။
ကိုလှဖုန်းရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ "အစိုးရသစ်လက်ထက်မှာ ဖြေလျှော့ပေး ထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅-ခ နဲ့ ထပ်မံတရားဆွဲဆိုဖို့ အမိန်ချတဲ့အတွက် တရားလိုတွေဘက်က သဘောထားတင်းမာတဲ့သဘောတွေ ရှိနေတယ်”လို့ ပြောခဲ့ပါတယ်။
ဖေ့ဘုတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော် သမ္မတဟောင်းဦးသိန်းစိန်တို့ကို ကွန်ပျူတာပြုလုပ်ချက်တွေနဲ့လှောင်ပြောင် သရော်ခဲ့တဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ သံသယရှိတာကြောင့် ကိုလှဖုန်းကို ၆ လကျော် စစ်ဆေးနေတာပဲဖြစ်ပါတယ်။ ကိုလှဖုန်းအတွက် နောက်တကြိမ်ရုံးချိန်းကို မရမ်းကုန်းတရားရုံးမှာ သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီမှာ ထမ်မံချိန်းဆိုခဲ့ပါတယ်။