Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံတက်ရန် အဆင်သင့်ဖြစ်ဟု တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
DVB
·
August 18, 2016
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ အဆင်သင့်ရှိကြောင်း အစိုးရတပ်နဲ့ တိုက်ပွဲဆင်နွှဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်အမျိုးသားတပ်မတော်(AA)၊ နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) တို့မဟာမိတ် ၃ ဖွဲ့က ဒီနေ့သြဂုတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ပူးတွဲထုတ်ပြန်လိုက်တာပါ။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အတွင်းရေးမှူး တာဖုန်းကျော်က “အခုကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာ အဓိက ပြောထားတာပါ။ ကျန်တဲ့ဟာတွေကတော့ ကျနော်တို့ဆီမှာ တိုက်ပွဲတွေရပ်စဲနိုင်ဖို့ကိစ္စလည်း ကျနော်တို့က ဒါက ဆွေးနွေးဆုံးဖြတ်ရမယ့်ကိစ္စတွေဖြစ်တယ်။ နိုင်ငံရေးပြသနာတွေ ပြေလည်အောင် ရှင်းနိုင်ဖို့ အတွက်လည်း ကျနော်တို့ ဒီညီလာခံမှာ တက်ရောက်မယ့်အဖွဲ့အစည်းတွေနဲ့အတူတူ အားလုံး ၀ိုင်းညှိနှိုင်းဖို့ လိုအပ်တယ်ဆိုတော ကျနော်တို့ ပြင်ဆင်မှုတွေတော့ လုပ်ထားပါတယ်” လို့ ပြောပါတယ်။ ပူးတွဲထုတ်ပြန်ထားတဲ့ကြေညာချက်မှာတော့ သြဂုတ်၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ UPDJC အစည်းအဝေးက ၂၁ ရာစုပင်လုံညီလာမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်နိုင်မယ့် အားလုံးပါဝင်ရေးမူကို ဆုံးဖြတ်ချက်ချမှတ်တဲ့ အပေါ်ကိုလည်း ၀မ်းမြောက်အားတက်မိကြောင်း ဖော်ပြထားပါတယ်။ ဒါအပြင် ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တာကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်နေ အခုအစိုးရအထိ အစိုးရနဲ့မြန်မာ့တပ်မတော် ခေါင်းဆောင်များအကြားပူးပေါင်းဆောင်ရွက်ကာ ပြည်တွင်းစစ်မီးပြေငြိမ်းဖို့ ဆွေးနွေးအဖြေရှာ တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားပြည်သူတွေ လိုလားတောင်း တနေတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အားလုံးနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းမှာ မိမိတို့အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ဘဲလို့လည်း တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024