ကချင်ပြည်နယ် ကာမိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်
နန်းမြနဒီ
·
August 8, 2016
ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ထဲမှာ မြန်မာအစိုးရတပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ကြား ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အစိုးရတပ်က ကေအိုင်အေ တပ်ရင်း ၆ ရှိရာဘက်ကို တက်လာတဲ့အတွက် ခုခံတိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဒီကနေ့လေ ဖားကန့် ကာမိုင်းဘက်မှာ ဖြစ်တယ်၊ ဖားကန့်ကားလမ်း တလျှောက်မှာ သေနတ်သံတွေကြာတယ်လို့ ရွာသားတွေပြောတယ်။ ဂေါင်ရီဆိုတဲ့ ဗျူဟာကုန်း ဘက်မှာ ပစ်တယ်တဲ့၊ ဒီမနက် ၈ နာရီလောက်က တပ်မတော်ဘက်က ကေအိုင်အေတပ်ရင်း ၆ ရှိတဲ့ဘက်ကို တက်လာတဲ့အတွက် ခုခံတိုက်ပွဲတွေဖြစ်တယ်လို့ ကျနော်တို့ကြားတယ်။ အစိုးရယာဉ်တန်း မိုင်းခွဲခံရလို့ တိုက်ပွဲတွေဖြစ်တယ်လို့လည်း ရွာသားတွေဆီကနေ ကျနော်တို့ သိရတယ်။ အစိုးရတပ်ဘက်က အင်အားနည်းနည်းများတယ်လို့ ပြောတယ်။ ကျနော်တို့ အောက်ခြေတပ်ဖွဲ့ကနေတော့ သတင်းပို့လာတာ မရှိသေးဘူး။”
ဒါ့အပြင် တနိုင်းမြို့နယ်ရှိ ကေအိုင်အေ တပ်ရင်း ၁၄ ဘက်မှာလည်း တပ်မတော်မှ ဒီမနက် စောစော အင်အားနဲ့ ပယင်းမော်ဘက်ကို ရောက်ရှိလာပြီး ကေအိုင်အေ တပ်စခန်းတွေရှိရာ ဘက်ကို အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်တာတော့ မကြားသေးဘူးလို့ သူကဆက်ပြောပါတယ်။
တပ်မတော်မှ အဲဒီဘက်ရောက်လာတဲ့အတွက် တနိုင်တပိုင်ရွှေတူးနေသူတွေလည်း မနေရဲတော့ ဘဲ အားလုံးအိမ်ပြန်ကုန်ပြီလို့ ဆိုပါတယ်။
ဒီဘီဗွီက သီးခြားအတည်ပြုလို့မရသေးတဲ့ သတင်းမှာလည်း ဒီမနက် မိုးကောင်းဘက်က အစိုးရ တပ် စစ်ယာဉ်တန်း ၇ စီး ကာမိုင်းဘက်ကို တက်သွားပြီး နမ့်ဟိုင်းရွာနားရောက်တော့ မိုင်းခွဲ ခံရတယ်လို့ မိုးကောင်းဒေသခံတဦးက ပြောပါတယ်။