Homeမြန်မာသတင်း
လယ်ကွက်တွင်း ခရုများ ၀င်ရောက်မှုကြောင့် ပဲခူးမြို့နယ်တွင်းရှိ စပါးခင်းဧက ၄၀၀ ခန့် ပျက်စီး
လယ်ကွက်တွင်း ခရုများ ၀င်ရောက်မှုကြောင့် ပဲခူးမြို့နယ်တွင်းရှိ စပါးခင်းဧက ၄၀၀ ခန့် ပျက်စီး
DVB
·
August 5, 2016
ပဲခူးမြို့နယ် ပေါက်တောကျေးရွာ၊ ဘုရားကလေးကျေးရွာ၊ ပျဉ်ပုံကြီးတာဆုံနဲ့ ၀မ်းဘဲအင်းကျေးရွာက လယ်ကွက်တွေမှာ ရွှေခရုလို့ခေါ်တဲ့ ခရုတွေ အုပ်စုလိုက် ၀င်ရောက်စားသောက်တဲ့အတွက် စပါးခင်း ဧက ၄၀၀ ခန့် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
အခုလို စပါးခင်းတွေမှာ ခရုတွေ ၀င်ရောက်ပြီး ကိုက်ဖြတ်စားသောက်တာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဌာနအနေနဲ့ ခရုဝင်ရောက်တဲ့ ကျေးရွာတွေကို သွားရောက် ကွင်းဆင်းစစ်ဆေးပြီး ခရုတွေကို နှိမ်နင်းဖို့ နည်းလမ်းတွေနဲ့ ပညာပေးဆွေးနွေးပွဲ လုပ်ငန်းတွေကို လိုက်လံပြုလုပ်ပေးနေတယ်လို့ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်မြင့်မြင့်ဝင်းက ပြောပါတယ်။
စိုက်ပျိုးရေးဌာနကနေပြီး ခရုတွေကို ကောက်ဖို့၊ ဆေးဖျန်းဖို့ ပြောပေမယ့် ခရုတွေပျောက်သွားဖို့ကတော့ မိုးယွန်းကြီးအင်းနဲ့ ဆက်နေတဲ့အတွက် မလွယ်ကြောင်း၊ ဒီခရုတွေကြောင့် လယ်သမားတွေမှာ အတော်ကို ဒုက္ခရောက်နေကြကြောင်း ဒေသခံ လယ်သမားတွေက ပြောပါတယ်။
အခုလို ခရုကောင်တွေ ၀င်ရောက်ကိုက်ဖြတ်တာမျိုးကို ၂၀၁၅ ခုနှစ်ကလည်း ပဲခူးမြို့နယ် ရွှေတန်ဘက်မှာ တကြိမ်ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး(ပဲခူး)