ရဲဟုပြောပြီး အုပ်စုဖွဲ့မုဒိမ်းမှု ကျူးလွန်ခဲ့သူများကို ညတွင်းချင်းဖမ်းမိ
DVB
·
August 4, 2016
သြဂုတ် ၃ ရက် ည ၁၁ နာရီခွဲအချိန်က ကလေးမြို့ ဗိုလ်ချုပ်လမ်းဘေးမှာ ရဲလို့ ပြောပြီး အုပ်စုဖွဲ့မုဒိမ်းမှု ကျူးလွန်ခဲ့တဲ့ သံသယရှိ လူငယ်တွေကို ညတွင်းချင်းဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“ညက ဗိုလ်ချုပ်လမ်းပေါ် တာဟန်းရပ်ကွက်ဘက်မှာ ဖြစ်ခဲ့တာပါ။ သမီးရည်းစား လမ်းဘေးမှာ စကားပြောနေတုန်း လူငယ်တစ်စု ရောက်လာပြီး ရဲတွေပါ စခန်းလိုက်ခဲ့၊ မလိုက်ချင်ရင် ပိုက်ဆံပေးလို့ တောင်းတယ်။ အဲ့ဒီမှာ သုံးသောင်းပေးမယ်ဆိုပြီး ပြောတော့ နည်းတယ်ဆိုပြီး ကောင်လေးကို ပြေးခိုင်းပြီး ကောင်မလေးကို ခေါ်ပြီး အဓမ္မမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကောင်းလေးက စခန်းလာတိုင်တော့ ချက်ခြင်း ရှာဖွေ ဖမ်းဆီးခဲ့ပါတယ် “လို့ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့ လူငယ်အုပ်စုမှာ ၅ ယောက် ဖြစ်ပြီး တက္ကသိုလ်ကျောင်းသား ၂ ဦးပါဝင်ခဲ့ကာ ၁ ဦးကတော့ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
လူငယ်အုပ်စုက ကောင်မလေးကို ဗိုလ်ချုပ်လမ်းပေါ်ကနေ ကလေးအနောက်ဘက် ဒိုးဝိုင်းချောင်း သုသာန်ဘက်ကို ဆိုင်ကယ်နဲ့ ခေါ်သွားပြီး အဲ့ဒီသုသာန်အဟောင်းနားမှာ အဓမ္မပြုကျင့်မှု ဖြစ်ခဲ့လို့ အဲ့ဒီနေရာကို သွားရောက် ဖမ်းဆီးခဲ့ရတာပါ။ ရွှံ့နွံတွေထဲ လုံးထွေးဖမ်းဆီးခဲ့ရတယ်လို့လည်း ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးမှာ အသက် ၂၈ နှစ်ရှိနေပြီး အဆိုပါ အမျိုးသမီးကိုယ်တိုင် တရားလိုပြုကာ လူငယ် ၅ ဦးဖြစ်တဲ့ မင်္ဂလာဥယျာဉ်ရပ်ကွက် နယ်မြေ ၂ နေ ပြည့်စုံအောင်၊ အာကာစိုး၊ ဟိန်းထက်နိုင်၊ အောင်ကျော်ဟိန်း (ခ) ကိုရင်ကြီး နဲ့ ညောင်ပင်သာရပ်ကွက် နယ်မြေ ၅ နေ ဆင်ပေါက် (ခ) လင်းထက်အောင်တို့ကို ရဲတပ်ဖွဲ့ဝင်လို့ ပြောဆိုပြီး ဆိုင်ကယ်နဲ့ ခေါ်ဆောင် အဓမ္မပြုတာ၊ ဓမ္မတာမမှန် ဆက်ဆံတာ ဝိုင်းဝန်းပြုလုပ်ကြတာ၊ ဆိုင်ရာ ဥပဒေပုဒ်မ (၅) ခုနဲ့ အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရပါတယ်။
သတင်း - မင်းရဲစစ်နိုင်