Homeသတင်းဓာတ်ပုံ
ရန်ကုန်-စစ်တွေ ရိုးမတောင်ကျော်လမ်းတွင် မြေထိန်းနံရံပြိုကျပြီး ကားလမ်းပိတ် (သတင်းဓာတ်ပုံ)
ရန်ကုန်-စစ်တွေ ရိုးမတောင်ကျော်လမ်းတွင် မြေထိန်းနံရံပြိုကျပြီး ကားလမ်းပိတ် (သတင်းဓာတ်ပုံ)
DVB
·
June 14, 2016
ရန်ကုန်-စစ်တွေကားလမ်း၊ အမ်းမြို့နယ်အတွင်းက ကြက်ရေစမ်းနဲ့ ကန်မြင့်ကန်အကြား ရိုးမတောင်ကျော်လမ်းမှာ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး မြေထိန်းနံရံတွေ ပြိုကျနေကာ နှစ်ဖာလုံလောက် လမ်းပိတ်နေတာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်ကား အစီး ၂၀ ကျော် ဆက်သွားလို့ မရနိုင်ဘဲ ဖြစ်နေပါတယ်။
ကျောက်တော်မြို့က ရန်ကုန်မြို့ကို ခရီးသွားနေပြီး အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ကိုကျော်ခိုင်က “အခု မြေပြိုပြီး လမ်းပိတ်နေတဲ့နေရာက ကန်မြင့်ကန်နဲ့ ပိုနီးပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက တောင်မြေကိုဖြိုပြီး လမ်းအသစ်လုပ်တဲ့နေရာမှာပါ။ နွေရာသီက လုပ်ခဲ့တဲ့ဟာတွေ အကုန်လုံး ပါသွားပါပြီ။ ပိတ်နေတဲ့ကြားမှာ နှစ်ဖာလုံလောက်ရှိပါတယ်။ ကျနော်တို့ပိတ်နေတာာ နှစ်နာရီနီးပါးလောက် ရှိပါပြီ။ လမ်းအဖွဲ့တွေကတော့ လုပ်နေတာပဲ၊ ဆက်သွားလို့ရမယ်လို့ ထင်ပါတယ်။ ပြိုနေတဲ့ နေရာနားမှာတော့ တော်တော် အန္တရာယ်ရှိနိုင်တယ်” လို့ ပြောပါတယ်။
အခုပိတ်ဆို့နေတဲ့နေရာမှာ ဟိုဘက်ဒီဘက် နှစ်ဖက်စလုံး ပိတ်ဆို့နေပြီး ရန်ကုန်ဘက်က တက်လာတဲ့ ကားစီးရေ ဘယ်လောက် စောင့်နေရလဲဆိုတာ မသိရသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေပြီး လမ်းပျက်စီးတာ၊ ရေကျော်တာနဲ့ ရေနစ်မြုပ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့တာပါ။
အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်တွေမှာလည်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လူသေဆုံးမှုနဲ့ ကျေးရွာ၊ နေအိမ်တွေ ရေနစ်မြုပ်တာတွေ ဖြစ်နေပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်ပုံ - ကိုကျော်ခိုင်