Home
မြန်မာသတင်း
ကချင်နှင့်ရှမ်းလက်နက်ကိုင်တပ်များ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံ
နန်းမြနဒီ
·
June 9, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပဖို့ရှိနေတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ကချင်နဲ့ ရှမ်း လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့က ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) အဖွဲ့တို့က ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဇွန်လ ၇၊ ၈ ရက်နေ့ ဆွေးနွေးခဲ့ကြအပြီးမှာ ပြောကြားခဲ့တာပါ။ ပင်လုံစာချုပ်ရဲ့ မူလအနှစ်သာရမပျောက်ရေး၊ တိုင်းရင်းသားလူမျိုးတွေဘက်က တူညီတဲ့ဆန္ဒ သဘောထားတွေ ရယူရေး ကြိုးစားသွားမယ်လို့ သူတို့က ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံဟာ အလွန်အရေးကြီးတဲ့အတွက် အထူးသတိထားရမှာဖြစ်ပြီး တိုင်းရင်းသားတွေ တသွေးတည်း တသံတည်း ဆွေးနွေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ကချင်လွတ်လပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။ “ဒီပင်လုံကြောင့် လွတ်လပ်ရေးရခဲ့တယ်၊ ဒီပင်လုံကြောင့် ပြည်တွင်းစစ်တွေဖြစ်ခဲ့ရတယ်၊ အခုလည်း ၂၁ ရာစုပင်လုံညီလာခံမှာ ကောင်းကောင်းမွန်မွန် ကျနော်တို့ မလုပ်နိုင်ရင် ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်။ ဒါကြောင့် ဒီရှုပ်ထွေးမှု မဖြစ်အောင် ကျနော်တို့က ပိုင်ရှင်အနေနဲ့ ကြို တင်ပြင်ဆင်မှု လုပ်နေရခြင်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့ အခြားတိုင်းရင်းသားတွေနဲ့ ညှိညှိ နှိုင်းနှိုင်း အစည်းအဝေးတွေ ကျင်းပသွားမယ်။ ကချင်၊ ရှမ်း နဲ့ ချင်းတိုင်းရင်းသားတွေဟာ ပင်လုံ စာချုပ်ရဲ့ မူလပိုင်ရှင်ဖြစ်တဲ့အတွက် ဒီလုပ်ငန်းစဉ်မှာ ပိုပြီးတော့ တာဝန်ယူဆောင်ရွက်ရ မှာဖြစ်တယ်။” ကေအိုင်အို ဒုဥက္က| - ၂ ဗိုလ်ချုပ်ဂွန်မော်ကလည်း ၂၁ ရာစု ပင်လုံညီလာခံမှာ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ်အနှစ်သာရအတိုင်း မပျောက်မပျက်ဆွေးနွေးနိုင်ဖို့  ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ လောလောဆယ် ပင်လုံစာချုပ် ဖြစ်လာရခြင်း၊ စာချုပ်ရဲ့ အနှစ်သာရ၊ ပင်လုံစိတ်ဓာတ် စတာတွေရဲ့ အဓိပ္ပာယ်ကို အတူတကွ လေ့လာသုံးသပ်နေကြ တာဖြစ်ပြီး ပြည်သူတွေကို ချပြသွားဖို့ ဖြစ်တယ်လို့  ဖြည့်စွက်ပြောကြားပါတယ်။ ဆွေးနွေးကြတဲ့ သုံးဖွဲ့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားပြီး  ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) အဖွဲ့တို့က လက်မှတ်ရေးထိုးကြရခြင်းမရှိသေးပါဘူး။ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက ပြောခွင့်ရ  ဗိုလ်မှူး စိုင်းမိုင်းကလည်း  ရှမ်း၊ ကချင် နဲ့ ချင်းတို့ဟာ ၁၉၄၇ ပင်လုံစာချုပ်မှာ စတင်လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် အခုလို ကနဦး ၃ ဖွဲ့ တွေ့ဆုံရတာဖြစ်ကြောင်း၊ ချင်းလက်နက်ကိုင်အဖွဲ့က ဒီကနေ့ တက်ရောက်လာခြင်း မရှိပေမယ့် နောက်နောက်ဆွေးနွေးပွဲတွေမှာ ပါဝင်လာမှာဖြစ်ကြောင်း၊ အခြား တိုင်းရင်းသားအဖွဲ့နဲ့ရော ပြည်သူတွေနဲပါ ဆက်လက် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အရင်အစိုးရလက်ထက်က အစပြုခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့သာ အန်စီအေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံခေါ်ယူမယ်လို့ ကြေညာခဲ့ပြီး ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ရေးနဲ့ လာမယ့် ဇူလိုင်လကုန်ပိုင်း ကျင်းပနိုင်ရေး အတွက် ကြိုးပမ်းနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024