ဒို့တာဝန်အရေး သုံးပါးကို ထိခိုက်ရင် ချေမှုန်းမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
ရွှေအောင်
·
June 5, 2016
ဒို့တာဝန်အရေး သုံးပါးကို ထိခိုက်လာနိုင်မယ့် လုပ်ဆောင်ချက်မှန်သမျှ၊ အဖွဲ့အစည်းမှန်သမျှကို ပြတ်ပြတ်သားသား ချေဖျက်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ဇွန် ၂ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားမှာ သူက ပြောခဲ့တာဖြစ်ပါတယ်။
“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဆိုပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော် ရပ်တည်နေတုန်းပဲလို့လည်း ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါသေးတယ်။
အရင် စစ်အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးဆိုတဲ့ မူဝါဒ အပါအ၀င် တပ်မတော်က ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့က သဘောမတူ ပယ်ချထားတာ ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီးကတော့ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားနေတုန်း အခြေအနေ ဖြစ်ပါတယ်။
ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးဆောင်းပါးရှင် ဆရာ သန်းစိုးနိုင်က အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဗိုလ်ချုပ်မှူးကြီးတို့ နှစ်ဦးရဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ငြိမ်းချမ်းဖြစ်စဉ်အပေါ် ဘယ်လိုသဘောထားနဲ့ သွားကြမလဲဆိုတာ အရေးကြီးတယ်လို့ ပြောပါတယ်။
“တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တို့တာဝန်အရေးသုံးပါးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ဘယ်လိုသဘောထားနဲ့ သွားကြမလဲဆိုတဲ့ ညှိနှိုင်းမှုက အခြေခံကျပါတယ်။ သို့သေည်ငြားလည်း တဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပြန်အလှန် သဘောမတူတာတွေ လက်မခံနိုင်ဘူးဆိုတဲ့ ကိစ္စတွေက စစ်ရေးအရ ဖြေရှင်းမှာလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်မှာ ဖြေရှင်းမှာလား၊ အဲ့ဒီနည်း ၂ နည်းကို စဉ်းစားဖို့ လိုပါတယ်”
အစိုးရသစ်လက်ထက်မှာ ဦးစားပေးလုပ်ဆောင်မယ်လို့ ပြောထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အစိုးရက ဒီရက်ပိုင်းမှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။