Home
မြန်မာသတင်း
မီးရှို့ခံရသည့်ရွာအတွက် တအာင်းတပ် ကျပ်သိန်း ၅၀ ထောက်ပံ့
နန်းမြနဒီ
·
May 25, 2016
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု ဟိုပန်ရွာမှာ ဒီလဆန်းပိုင်းက ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ရတာတွေနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ တအာင်း တပ်ဘက်က ရွာသားတွေအတွက် အကူငွေ ကျပ်သိန်းပေါင်း ၅၀ ထောက်ပံ့ခဲ့ပါတယ်။ အလှူငွေပေးအပ်ပွဲကို မေလ ၂၃ ရက် မနက်ပိုင်းက နမ့်ခမ်းမြို့နယ် လောနော်ကျေးရွာမှာ ကျင်းပခဲ့ပြီး ဟိုပန်ရွာသားများကိုယ်စား ရွာသားဦးအိုက်ညှာလက်ထဲ ပေးအပ်ခဲ့တယ်လို့ တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။ ဟိုပန်ရွာမီးလောင်ရတာဟာ တီအန်အယ်လ်အေရဲ့လက်ချက်လို့ သတင်းတွေ ထွက်ေ ပ်ါနေ တာ မှန်ကန်မှုမရှိကြောင်းကိုလည်း အလှူငွေပေးအပ်ပွဲမှာ တီအန်အယ်လ်အေ ဘက်က ပြောကြားခဲ့ပါတယ်။ အခမ်းအနားတက်ရောက်သူ သံဃာတော်များမှလည်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူတွေထိခိုက်စေမယ့်အပြုအမူတွေ ရှောင်ရှားဖို့၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်စွာ နေထိုင်ဖို့ သြ၀ါဒပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ ဟိုပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းဆန်အိုက်ကို ဆက်သွယ် မေးမြန်းရာမှာ သူ့အနေနဲ့ အလှူပေးအပ်ပွဲကို မတက်ရပေမယ့် သံဃာတပါးမှတဆင့် ငွေသိန်း ၅၀ လက်ခံရရှိကြောင်း ခုလိုပြောပြပါတယ်။ “အလှူငွေပေးတဲ့ပွဲသွားဖို့ ကျနော့်ကိုဖိတ်ကြားပါတယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ရွာက နည်းနည်း ဝေးတယ်။ ဒီကနေ ၄ နာရီကြာသွားရတယ်။ ကြားထဲမှာ တောအုပ်တွေကျော် ရသေးတယ်။ လမ်းမှာတခုခုဖြစ်မှာစိုးလို့ ကျနော်တို့မသွားရဲဘူး။ ရှမ်းဘုန်းကြီးတွေတော့ သွားတယ်။ မနေ့ကဘဲ အလှူငွေ သိန်း ၅၀ လာပေးပါတယ်။ ပြီးတော့ ရွာပြန်ပြီး အရင်လို လုပ်ကိုင်စားသောက်ဖို့ မူးယစ်ဆေးဝါး နဲ့ လက်နက်မပါရင် မဖမ်းဘူးလို့လည်း ပြောလာတယ်။ အခုလို ထောက်ပံ့ပေး တဲ့အတွက် တီအန်အယ်လ်အေ တာဝန်ရှိ သူတွေကို ကျေးဇူးတင်ပါတယ်။ အဲဒီငွေကို မိုင်းဝီး ဒုက္ခသည်စခန်းကော်မတီ လက်ထဲအပ်လိုက်တယ်။ ရွာကိုတော့ ပြန်လို့ မရသေးဘူး။ အိမ်လည်း မရှိတော့ဘူး၊ လုပ်ကိုင်စားသောက်ဖို့ ထည်တွေ၊ ထွန်တုံးတွေလည်း မရှိတော့ဘူး၊ ဓားမတောင် မကျန်ဘူး၊ ကျွဲနွားလည်းမရှိဘူး၊ ဘာလုပ်စားရမလဲ၊ ရွာကို ဘယ်သူမီးရှို့လဲ ဆိုတာတာ့ လုပ်တဲ့လူကအသိဆုံးပေါ့။ တွေ့တဲ့လူလည်းရှိတယ်။ လက်နက်ကိုင်အဖွဲ့ကို ကြောက်ရတော့ မပြောရဲဘူး။” ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်း ကစ အာရ်စီအက်စ်အက်စ် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ကြား ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့ပြီး အနီးနားတ၀ိုက် ကျေးရွာက ရွာသားပေါင်း ရာနဲ့ချီ မိုင်းဝီးရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှာရော၊ တအာင်းစာပေယဉ်ကျေးမှုအဖွဲ့ရုံးမှာပါ တိမ်းရှောင်ခိုလှုံ နေရပါတယ်။ ဒီလ ၆ ရက်နေ့မှာတော့ အိမ်ခြေ ၆၀ ကျော်ရှိတဲ့ ဟိုပန်ရွာဟာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ကလွဲလို့ တရွာလုံးနီးပါးမီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024