Home
မြန်မာသတင်း
လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး လှုပ်ရှားမှု ပြုလုပ်
မင်းညို
·
May 18, 2016
လိင်တူချစ်သူတွေကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး လှုပ်ရှားမှုတခု ပဲခူးတိုင်း ပြည်မြို့မှာ မေလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) က ၁၉၉၀ ခု၊ မေလ ၁၇ ရက်နေ့က တူညီသော ချစ်ခြင်းမေတ္တာ ရှိသူများအား စိတ်ရောဂါခံစားနေရသူများ၊ စိတ်ဝေဒနာသည်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ စာရင်းကနေ ထုတ်ပယ်လိုက်တဲ့နေ့ကို အစွဲပြုကာ ဒီနေ့ကို အပြည်ပြည်ဆိုင်ရာ တူညီသော ချစ်ခြင်းမေတ္တာများအပေါ် မုန်းတီးမှုအား ပပျောက်ရေးနေ့အဖြစ် အခုလို ပြည်မြို့က လိင်တူချစ်သူတွေက ကမ်ပိန်းအခမ်းအနားတခု ပြုလုပ်ခဲ့တာပါ။ အလှဖန်တီးရှင်တဦးဖြစ်တဲ့ ကဲကဲက “ကဲတို့နားလည်ထားတဲ့ လူ့အခွင့်အရေးက လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ပိုင်ခွင့်ရှိတယ်။  ဆုံးဖြတ်ခွင့်တွေရှိတယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အခွင့်အရေး၊ လုပ်ရပ်တခုက၊ ကိုယ်ရသင့်တဲ့အခွင့်အရေးက သူတပါးကို မထိခိုက်ဖို့ပါပဲ။ အခု တကမ္ဘာလုံး၊ တနိုင်ငံလုံးလုပ်တဲ့ မေ ၁၇ လိင်တူချစ်သူများနေ့မှာ ကဲတို့ ပါဝင်ခြင်းအားဖြင့် ကဲတို့ရှေ့ကနေ လုပ်နေတဲ့သူတွေကို အထောက်အပံ့ ဖြစ်စေဖို့ပါပဲ” လို့ ပြောပါတယ်။ လိင်တူချစ်သူတွေအပေါ်မှာ ရန်သူတွေလို ဆက်ဆံတာတွေ၊ ဟာသလုပ် အနိုင်ကျင့်တတ်တာတွေ၊ မုန်းတီးနေတာတွေကို လျော့ပါးစေချင်လို့ အခုလို လမ်းပေါ်ထွက် ကမ်ပိန်းလုပ်ရတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ပဲခူးတိုင်း အနောက်ခြမ်းမှာရှိတဲ့ Skydragon Lesbians Group ရဲ့ ဥက္ကဋ္ဌ ကိုငြိမ်းက ပြောပါတယ်။ “လိင်တူချစ်သူတွေကို မုန်းတီးမှုကနေ အကြမ်းဖက်တာတွေ၊ သတ်ဖြတ်တာတွေထိ ဖြစ်လာတယ်။ အဲဒီလို အသတ်ခံရတဲ့သူတွေအတွက် နိုဝင်ဘာ ၂၀ တုန်းက ဆုတောင်းပွဲ လုပ်ပေးတယ်။ မုန်းတီးမှုကို အခြေခံလာရင် အကြမ်းဖက်မှုဖြစ်မယ်။  အကြမ်းဖက်မှုကနေ သတ်ပစ်တဲ့အထိ ဖြစ်လာမှာစိုးလိုပေါ့။  ဒီလူတွေဟာ မုန်းတီးဖို့ မဟုတ်ဘူး။ လိင်စိတ်ကိုင်းညွတ်မှုနှင့် လိင်ဝိသေသ လက္ခဏာလို့ခေါ်တယ်။ ဥပမာ မိန်းကလေးတယောက်က ယောက်ျားလေးတယောက်လို ၀တ်ချင်ရင်လည်း ၀တ်မယ်။ ယောက်ျားလေးတယောက်က မိန်းကလေးတယောက်လို ၀တ်ချင်ရင်လည်း ၀တ်မယ်။ ဒါဟာ သူ့ရဲ့ Right ပဲ။" ဒီနေ့ကမ်ပိန်းကို ပြည်မြို့ပေါ်က လိင်တူချစ်သူများ အင်အား ၅၀ ခန့်က ရွှေကူရပ်ကွက်၊ စာရေးတန်းလမ်းကနေ စတင်ခဲ့ပြီး ရွှေတချောင်းလမ်း၊ ဗိုလ်ချုပ်လမ်းတွေကနေ ကား၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ရှေ့မှာ တေးသီချင်းတွေ ဖွင့်လှစ်ကာ လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေ ဝေငှခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024