Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးအဖြစ် သံအမတ်ဟောင်းဦးကျော်တင့်ဆွေကို ခန့်အပ်မည်
DVB
·
May 11, 2016
အငြိမ်းစားသံအမတ်ဟောင်း ဦးကျော်တင့်ဆွေကို အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ဖို့ကိစ္စ ခုသီတင်းပတ်အတွင်း သမ္မတက လွှတ်တော်မှာ တင်သွင်း အတည်ပြုချက်ရယူဖို့ ရှိနေပါတယ်။ ဦးကျော်တင့်ဆွေဟာ အရင်က ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးတာဝန်၊ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌတာဝန်နဲ့ သူရဦးရွှေမန်းခေါင်းဆောင်တဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်တွေ ထမ်းခဲ့ဖူးပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးအဖြစ် ဦးကျော်တင့်ဆွေကို ခန့်အပ်ဖို့ရှိတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ “ဟုတ်ပါတယ်၊ ဒါနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို အထောက်အပံ့ဖြစ်နိုင်တဲ့ရာထူးပါ။ အစိုးရ တဖွဲ့မှာ လုပ်ငန်းတခုကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်မယ်သူကို ရွေးချယ်တာပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တယ်။ နိုင်ငံတော် အတိုင်ပင်ခံလည်း ဖြစ်တယ်ဆိုတော့ များပြားတဲ့တာဝန်တွေကို သူအထောက်အပံ့ဖြစ်နိုင်အောင် လို့ ရွေးတာပေါ့။ ဦးကျော်တင့်ဆွေက ဒေါ်အောင်ဆန်းစုကြည်ရုံးရောက်သွားတာ ကြာလှပြီ အခုမှ တရားဝင် အောင်လုပ်တာ”လို့ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေကို တရားဝင်ခန့်အပ်မယ့်ကိစ္စ လာမယ့် သောကြာနေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတက တင်သွင်းဖို့ အစီအစဉ် ရှိတယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ နိုင်ငံတော် သမ္မတရုံး ဒုညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဒီကိစ္စ တရားဝင်ထုတ်ပြောလို့ မရသေးဘူးလို့ ပြောပါတယ်။ “အဲဒါက လွှတ်တော်ကို သမ္မတက လက်မှတ်ထိုးပြီးပို့ရမယ် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရယူရမယ်။ ရယူပြီးမှာ ခန့်ထားမှာဖြစ်တယ်၊ အခုလွှတ်တော်ကို မပို့ခင် ကျနော်တို့ဘက်က တရားငင်ပြောလို့ မရသေးဘူး။ တရားဝင်ပို့ပြီးတော့ လွှတ်တော်မှာ ကြေညာ မှပဲ ပြောလို့ရမယ်။ ပို့ဖို့လုပ်ထားတယ် သို့သော်ဘယ်သူဘယ်သူဆိုတာတွေ လောလောဆယ် ကြိုပြီးပြောလို့ မရသေးဘူး။” အစိုးရသစ် ဖော်ဆောင်နေတဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပိုမိုအောင်မြင်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကိုထပ်မံဖွဲ့စည်းဖို့ သမ္မတရဲ့တင်ပြချက်ကို မနေ့ကမှ ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိအတည်ပြုခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024