Home
မြန်မာသတင်း
လွှတ်တော်ဂုဏ်သိက္ခာ ထိပါးစေသည့် လုပ်ဆောင်ချက်များ ရှောင်ကြဉ်ကြရန် သတိပေး
ရွှေအောင်
·
May 11, 2016
လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လွှတ်တော်ရဲ့လုပ်ဆောင်ချက်တွေကို အထင်အမြင် မှားစေတဲ့ ရေးသားပြောဆိုမှုတွေ မလုပ်ဘဲ ရှောင်ကြဉ်ကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယအကြိမ်လွှတ်တော်သက်တမ်း ရက် ၁၀၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် သတိပေး ပြောကြားလိုက်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော်အတွင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်မှာတင်သွင်းဖို့ လက်မခံတဲ့ ရခိုင်အရေးအဆိုတခုနဲ့ ပတ်သက်လို့ အခုလိုသတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေ ၆ ရက်မှာ ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ အေအေ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် မိမိနေရပ်ကို စွန့်ခွာတိမ်းရှောင်လာနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတွေက လိုအပ်တဲ့ အကူအညီအထောက်အပံ့တွေ ရရှိနိုင်ရေး အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းတာကို လွှတ်တော်ဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်။ သူဘာကြောင့် ဒီအဆိုကို ပယ်ချခဲ့သလဲဆိုတာကို ဒီနေ့ လွှတ်တော်ထဲ ဦးဝင်းမြင့် ရှင်းပြခဲ့တာ တခုက “ဥက္ကဋ္ဌအနေဖြင့် အဆိုတရပ်ကို လက်ခံခွင့်ပြုရန် သင့် မသင့် စဉ်းစားတဲ့အခါ နည်းဥပဒေများနှင့် ညီညွတ်ခြင်း မရှိလျင်သော်လည်းကောင်း၊ အဆိုတင်သွင်းပိုင်ခွင့်ကို အလွဲသုံးစား ပြုသည်ဟုသော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်သည်ဟု သော်လည်းကောင်း၊ လွှတ်တော်၏လုပ်ငန်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ရွှေဖြစ်စေ၊ ထိပါးစေ သည်ဟုသော်လည်းကောင်း ယူဆလျင် ယင်းအဆို သို့မဟုတ် အဆို၏ အစိတ်အပိုင်းကို ခွင့်မပြုရ ဆိုတဲ့ပြဌာန်းချက်နှင့်အညီ ခွင့်မပြုခဲ့ခြင်း ဖြစ်ပါတယ်။” အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်မရခင် လွှတ်တော်နည်းဥပဒေတွေကို ချိုးဖောက်ပြီး အဆိုရှင်က မီဒီယာကို ထုတ်ပြောခဲ့တဲ့အချက်ကိုလည်း ဥက္ကဋ္ဌက ထောက်ပြခဲ့ပါ တယ်။ ဒါ့အပြင် ဒီအဆိုဟာ အမျိုးသားလွှတ်တော်မှာ ဆုံးဖြတ်ပြီး ကိစ္စရပ်နဲ့ သဘောထားချင်း တူညီနေတာ တွေ့ရသလို စစ်ဘေးရှောင်တွေကို နိုင်ငံတော်က ပံ့ပိုးကူညီပေးဖို့ တိုက်တွန်း ကြောင်းအဆိုလို့ ခေါင်းစဉ်တပ်ထားပေမယ့် အေအေအဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့် ပြုရေး လွှတ်တော်က ဆုံးဖြတ်ပေးရန်ဆိုတဲ့ အနှစ်သာရကို ဦးတည်ထားတာ တွေ့ရတယ်လို့ သူ့ ရှင်းလင်းချက်မှာ ဖော်ပြလိုက်ပါတယ်။ တခါ အဆိုရှင် ဒေါ်ခင်စောဝေက သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာ လွှတ်တော်ဥက္ကဋ္ဌရဲ့အဆိုနဲ့ ပတ်သက်တဲ့ ရှင်းလင်းပြောကြားချက်များကို လုံးဝဖော်ပြခြင်းမပြုဘဲ သူ့အဆိုကို ဥက္ကဋ္ဌက လက်မခံတဲ့အတွက် ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ရေးသားဖော်ပြခဲ့တယ်။ ဒါဟာ ပြည်သူတွေအနေနဲ့ လွှတ်တော်ကို အထင်အမြင်လွဲမှားစေတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ်လို့လည်း ဦးဝင်းမြင့်က လွှတ်တော်ထဲ ပြောခဲ့ပါတယ်။ အဆိုရှင် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကတော့ သူ့အနေနဲ့ လွှတ်တော်ကို အထင်အမြင်လွဲအောင် လုပ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ “လွှတ်တော်ဥက္ကဋ္ဌက ဒီလို သတိပေး ပြောကြားတာဟာလည်း သူ့ရဲ့ဘက်ကကြည့်ရင် သူ့ရဲ့ အတွေးအခေါ်က မှန်တယ်လို့ထင်လို့ သူ ဒီလို ပြောတာပါ။ ကျမဘက်ကလည်း လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ နိုင်ငံရေးဆိုတာ တယောက်နဲ့တယောက်ကတော့ ဒီလိုမျိုး ပြောပိုင်ခွင့် လည်း ရှိပါတယ်၊ ကျမအနေနဲ့ကလည်း လွှတ်တော်ကို အသုံးချခြင်လို့ မဟုတ်ဘူး၊ လွှတ်တော်ကို လူအများက အထင်လွဲမှားစေရေးအတွက် ကျမ ပြုလုပ်တာ မဟုတ်ဘူး ဆိုတာကိုတော့ ကျမ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024