ရနောင်းမှာ ကားတိုက်သေဆုံးသူ ၅ ဦး အသုဘ ထောင်ချီပို့ဆောင်ခဲ့ကြ
DVB
·
May 4, 2016
ထိုင်းနိုင်ငံ ရနောင်းမှာ ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၅ ဦးရဲ့ အသုဘ အခမ်းအနားကို ဒီနေ့ပြုလုပ်ခဲ့ပြီး အသုဘကို မြန်မာအလုပ်သမားထောင်နဲ့ချီ လိုက်ပို့ခဲ့ကြ ပါတယ်။
ဧပြီလ ၃၀ ရက်က ကားတိုက်ခံရမှုအတွင်း သေဆုံးသူ ၆ ဦး ရှိသွားပြီဖြစ်ပြီး ဒီနေ့မှာ ၅ ဦးရဲ့ အသုဘကို ပြုလုပ်ခဲ့တာဖြစ်တယ်၊ အသုဘကို ဘန်ကောက်မြန်မာသံရုံးက သံအရာရှိဖြစ်သူ လာရောက်ခဲ့တယ်လို့ သေဆုံးသူအလုပ်သမားများအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ ကိုဟိန်းထက်က ပြောပါတယ်။
“မြန်မာသံရုံးက အလုပ်သမားအရာရှိ ဆင်းလာပြီးတော့ ဘာတွေ လိုအပ်သလဲ၊ လိုအပ်တဲ့ ဟာတွေ သူ့ကို ပြောလို့ရတယ်။ သူ ပေါင်းစပ်ညှိနှိုင်းပေးပါမယ်လို့ ပြောပြီးတော့ မိသားစုတွေကို အားပေးစကားပြောတယ်။”
လတ်တလောမှာတော့ သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၆ ဦးရဲ့ သက်သေခံ အထောက်အထားလက်မှတ် စစ်ဆေးတာတွေ လုပ်နေပြီး လျော်ကြေးတော့ မရသေးဘူးလို့လဲ ပြောပါတယ်။
မေလဆန်းပိုင်း နေပြည်တော်မှာ လုပ်ခဲ့တဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဆွေးနွေးပွဲမှာ လည်း မြန်မာအလုပ်သမားဝန်ကြီး ဦးသိန်းဆွေက ရနောင်းမှာ ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားများအတွက် နစ်နာကြေးရဖို့ ထိုင်းအစိုးရက လုပ်ပေးပါလို့ တောင်းဆိုခဲ့ ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလားလမ်း SIFCO အအေးခန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ ဧပြီ ၃၀ ရက်က အလုပ်ဆင်းဖို့ ကားစောင့်နေတုန်း အစုအပြုံလိုက် ကားတိုက်ခံရပြီး ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ကုသပြီး ဆေးရုံပေါ်မှာ နောက်ထပ် နှစ်ယောက် ထပ်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကားတိုက်ခံရတဲ့ အလုပ်သမားအများစုဟာ တနင်္သာရီတိုင်း၊ ထားဝယ်ဘက်ကဖြစ်ပြီး သေဆုံးသူ အားလုံးဟာလည်း ထားဝယ်ဘက်ကပဲဖြစ်ပါတယ်။
ဓာတ်ပုံ - ဟိန်းထက်