သထုံ ဘုရားဖူးကားမှောက်၊ ၉ ဦး သေဆုံး
DVB
·
April 13, 2016
သင်္ကြန်အကြို ဧပြီ ၁၂ ရက် ညနေပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နားမှာ ဘုရားဖူးကားတစီးမှောက်ပြီး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ ယာဉ်အမှတ် YGN/5830 အဖြူရောင် CANTER အမျိုးအစား ဘုရာဖူးကားဟာ တံတားဘောင်ကိုတိုက်မိပြီး ချောက်ထဲထိုးကျသွားခဲ့တာပါ။ ကားပေါ်ပါသူ ၉ ဦး သေဆုံးခဲ့တယ်လို့ သထုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးကို ကိုးကားပြီး ပြန်ကြားရေး အင်တာနက်သတင်းမှာ ဖော်ပြပါတယ်။
သထုံမြို့နယ်ရဲတပ်ဖွဲ့က စခန်းမှူး ဒုရဲမှူးထွန်းသိန်းက "တံတားဘောင်ကို အရှိန်နဲ့တိုက်မိပြီး လမ်းဘေးထိုးကျသွားတာ။ ၆ ယောက်ကတော့ နေရာတင် သေတယ်၊ ကျန်သူတွေကို သထုံဆေးရုံပို့တော့ လမ်းမှာတင် ၁ ဦးဆုံးပြီး ဆေးရုံမှာ ၂ ဦး ထပ်ဆုံးတယ်။ ပေါင်း ၉ ဦးရှိပြီ။ ကျန်သူ ၁၁ ဦးကလည်း ဒဏ်ရာပြင်းတော့ အရေးပေါ်ကားနဲ့ ရန်ကုန်ကို တင်သွားကြပြီ"လို့ ပြောပါတယ်။
သထုံဘက်ကနေ ရန်ကုန်ဘက်အပြန်လမ်းမှာ ကားမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူဟာ ရန်ကုန်၊ မြောက်ဥက္ကလာပမှာ နေထိုင်သူပြီး ကားကလည်း ရန်ကုန်ကဖြစ်ပါတယ်။
သေဆုံးသူ ဘုရားဖူးတွေက ဘယ်ဒေသက ဆိုတာကိုတော့ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။