သမ္မတ ဦးထင်ကျော်တင်သွင်းသည့် ၀န်ကြီးများကို ကန့်ကွက်သူမရှိ အတည်ပြု
DVB
·
March 24, 2016
ရွေးကောက်ခံသမ္မတ ဦးထင်ကျော်ခေါင်းဆောင်မယ့် ပြည်ထောင်စုအစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန ၀န်ကြီးတွေရဲ့ အမည်စာရင်းနဲ့ပတ်သက်ပြီး ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
အစိုးရအဖွဲ့သစ်မှာ နိုင်ငံခြားရေး၊ သမ္မတရုံး၊ ပညာရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ၄ ခုကို ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ယူမယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြုပြောပါတယ်။
လွှတ်တော်မှာ တရားဝင် တင်ပြထားတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီး ၁၈ ဦး စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ ဦး၊ အရပ်သားပညာရှင် ၇ ဦး၊ တပ်မတော်သား ၃ ဦး ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေး၊ ပညာရေး၊ သမ္မတရုံး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး စတဲ့ ၀န်ကြီးနေရာ ၄ နေရာကို ပူးတွဲထမ်းဆောင်မယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်နေပြီး သူရဦးအောင်ကိုက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး၊ စာရေးဆရာဖေမြင့်က ပြန်ကြားရေးဝန်ကြီးနဲ့ မွန်အမျိုးသားပါတီက နိုင်သက်လွင်က တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။