Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကို အားစိုက်ဆောင်ရွက်မည်ဟု ဦးတင်ဦးပြော
ဇေယျာချမ်းအေး
·
March 23, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးကို အားစိုက်ဆောင်ရွက်သွားမယ်လို့ အဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ မတ် ၂၃ ရက် မနက်ပိုင်းက ရွှေတိဂုံဘုရားလမ်း သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်မှာကျင်းပတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း နှစ် ၁၄၀ ပြည့်မွေးနေ့ပွဲမှာ အခုလို ပြောကြားလိုက်တာပါ။ ဦးတင်ဦးက “ဒီလကုန်ရင်တော့ တာဝန်လုံးလုံးလျားလျား ကျရောက်ပြီးတဲ့နောက် ရှေ့ဆက်ပြီး ဧပြီလရောက်ရင် အဖွဲ့ချုပ်ဟာ အစိုးရတာဝန်ကို ယူရတော့မှာဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ တခဲနက် အောင်မြင်ခဲ့သော်လည်း အောင်မြင်သူတို့ရဲ့ မာန်ကို လုံးဝမထားပါဘူး။ မအောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာလည်း ထောက်ထားစာနာသောအားဖြင့် လေးစားစွာ စိတ်ထားပြီး တကယ် ပြည်သူပြည်သား လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်သွားနိုင်ရန် စတင်ပြီး အဓိက လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ မွေးနေ့ပွဲအခမ်းအနားကို နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စာပေလောကက ဝါရင့်ကလောင်ရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ကို ဒီနှစ်မှ သူ့ရဲ့ဂူဗိမာန်မှာ ကျင်းပခွင့်ရတာဖြစ်ပြီး အရင် စစ်အစိုးရအဆက်ဆက်မှာတုန်းက ကျင်းပခွင့်မပြုခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024