ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တွင် မီးလောင်
နန်းမြနဒီ
·
February 4, 2016
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ မီးလောင်မှု ဖြစ်ပွားနေပါတယ်။
နမ့်ဆန်မြို့လယ်ခါင် မင်္ဂလာရပ်ကွက်ထဲမှာ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက စတင်လောင်ကျွမ်းနေတာဖြစ်ပြီး အိမ်ခြေပေါင်း ၄၀ ကြောင်း လောင်ကျွမ်းတယ်လို့ ဒေသခံက ခန့်မှန်းကြောင်း နမ့်ဆန်မြို့နယ် ပလောင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။
“မီးလောင်တာ ကျနော်တို့နေတဲ့ ရပ်ကွက်ထဲမှာပါ၊ အိမ်တွေတော်တော်များများ လောင်တယ်တဲ့။ ကျနော်တို့ အိမ်အတွက်လည်း တအားစိတ်ပူနေပါတယ်။ အခုကျနော် မန္တလေးကို အစည်းအဝေးလာတက်တာ၊ မတက်ဖြစ်တော့ဘူး၊ အခုပဲ နမ့်ဆန်ပြန်ဖို့ လုပ်နေပြီ၊ ၀ိုင်ယာရှော့ဖြစ်တယ်လို့လည်း ပြောနေတယ်ခင်ဗျ။”
နမ္မတူဒေသခံတဦးကတော့ မွန်းလွဲ ၂ နာရီခွဲက နမ္မတူ၊ မံစံဘက်က မီးသတ်ကားတွေ နမ့်ဆန်ဘက်ကို အမြန်တက်သွားတာ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲအခြေအနေသိရဖို့အတွက် ဒီဗွီဘီက သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။