Home
ဆောင်းပါး
ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ ၄ မျိုးနှင့် အန်အယ်လ်ဒီ
DVB
·
January 20, 2016
လွန်ခဲ့သော ၄ နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အစိုးရအမျိုးအစား ခွဲခြားမှုတွင် ယနေ့ကာလ၌ အာဏာလက်ရှိဖြစ်လာမည့် အန်အယ်လ်ဒီပါတီရော၊ ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော ရင်ဆိုင်ရပေတော့မည်။ ထိုစဉ်က အစိုးရအမျိုးအစား အဓိပ္ပာယ်ဖွင့်ဆိုရာတွင်…. “ကျမတို့ အရှေ့တိုင်းအဆိုတခု ရှိတယ်ပေါ့နော်။ အဆိုးဆုံးအစိုးရဆိုတာ ပြည်သူက ရွံမုန်းတဲ့ အစိုးရတဲ့။ ဒါထက် နည်းနည်းသာတာကတော့ ပြည်သူကကြောက်တဲ့ အစိုးရတဲ့၊ ဒါ့ထက်ပိုကောင်းတာကတော့ ပြည်သူက ချီးမွမ်းတဲ့အစိုးရတဲ့။ ဒါပေမယ့် အကောင်းဆုံးအစိုးရကတော့ ပြည်သူက ရှိမှန်းတောင်မသိတဲ့ အစိုးရမျိုးပဲတဲ့။” ဟု ၂ဝ၁၂ ခုနှစ်က ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ပြည်သူလူထုအား ပြောကြားခဲ့ဖူးပါသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းမှာ ပြည်သူလူထုရင်ထဲ စွဲငြိသွားသော မိန့်ခွန်းလည်း ဖြစ်သည်။ ပြည်သူကရွံသော အစိုးရ၊ ပြည်သူကကြောက်သော အစိုးရ၊ ပြည်သူက ချီးမွမ်းသောအစိုးရနှင့် ပြည်သူက အစိုးရရှိမှန်းတောင် မသိသော အစိုးရဆိုပြီး ၄ မျိုးရှိသည်။ ပြည်သူကို အနိုင်ကျင့် သတ်ဖြတ်ခဲ့သော စစ်အစိုးရမှာ ပြည်သူကရွံသော အစိုးရအဖြစ် အားလုံးက သဘောပေါက်ခဲ့ကြပါသည်။ ထိုအခါ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရများမှာ ထို ၄ မျိုးထဲ ဘယ်လိုပါဝင်သလဲ သုံးသပ်ကြည့်ရာတွင် ထိုခေတ်ကာလ အစိုးရများကို သိမီခဲ့သူများသာ ဆုံးဖြတ်၍ ရပေမည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ အာဏာရလာခဲ့သော ဖဆပလအစိုးရကို ထိုအစိုးရ ၄ မျိုးအနက် ဘယ်အစိုးရထဲ ထည့်မလဲဟု သုံးသပ်ရန် ထိုအစိုးရကို သိမီခဲ့သူများသာ သိပေမည်။ သို့သော် မိမိတို့ အယူဝါဒအမြင်၊ ဂိုဏ်းဂဏအမြင်များအရ ဖဆပလများက အကောင်းထည့်နိုင်သလို ပမညတများက အဆိုးပိုင်း ထည့်နိုင်သော်လည်း ဗကပများက ထိုအချိန်ကမူ ဒေါ်စုပြောသော ပထမအမျိုးအစား ရွံမုန်းစရာကောင်းသော အမျိုးအစားထဲ ထည့်နိုင်လေသည်။ သို့သော် ၁၉၅၈ မှ ၆ဝ ခုနှစ်အထိ အာဏာသိမ်းခဲ့သော အိမ်စောင့်အစိုးရနှင့် ကြုံတွေ့လာရသော အခါတွင်မူ ဖဆပလထက်ပင် ဆိုးသည်ဟု ဝေဖန်ကြလေသည်။ ကိုကိုးကျွန်း အကျဉ်းထောင်စနစ်ကို ထို ဗိုလ်နေဝင်းစစ်အစိုးရက စတင်တည်ထောင်ခဲ့လေသည်။ သို့သော်လည်း နောင်တက်လာသည့် စစ်အစိုးရ အဆက်ဆက်မှာ သူ့ထက် လူစွမ်းကောင်းများ ဖြစ်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော ၄ မျိုးအနက် တတိယ၊ စတုတ္ထမှာ ဝေးသထက်ဝေးသွားပြီး ပထမ၊ ဒုတိယ အမျိးအစားများထဲ၌ပင် တဝဲလည်လည် ရှိနေကြလေသည်။ ထိုအခါ ထိုစစ်အစိုးရများကို သိမီခဲ့သူများအဖို့ ၁၉၆၂ ခုမှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သော စစ်အစိုးရကို ဘယ်အမျိုးအစားထဲ ထည့်မလဲဟု မိမိတို့ဘာသာ ဆုံးဖြတ်ဖို့လို၏။ နောက် ၁၉၈၈ မှနေ ၂ဝ၁ဝ အထိ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့သော ဒုတိယ စစ်အစိုးရ ကာလကိုလည်း နံပါတ်တစ်ထဲ ထည့်မလား၊ နံပါတ်နှစ်ထဲ ထည့်မလား ဆိုသည်ကို မိမိတို့ ဘဝ လက်တွေ့များအရ ဆုံးဖြတ်နိုင်ကြပေလိမ့်မည်။ ထိုအခါ ၁၉၆၂ မှ ၁၉၈၈ စစ်အစိုးရ၊ ၁၉၈၈ မှ ၂ဝ၁ဝ စစ်အစိုးရ၊ နှစ်ခုစလုံးမှာ လူသတ်ကြ၊ ပြည်သူကို ဖိနှိပ်ကြသည်သာ ရှိခဲ့သည်။ ပထမစစ်အစိုးရဖြစ်သော ဗိုလ်နေဝင်းနှင့် သူ့အမွေဆက်ခံသော နောက်တော်ပါများကလည်း လူသတ်ခဲ့ကြသည်။ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ ဦးသန့် အရေးအခင်း စသည်တို့တွင် ပြည်သူကို နှိပ်စက်သတ်ဖြတ်ခဲ့ကြလေသည်။ သို့သော် ၈၈ အရေးတော်ပုံကြီး ဖြစ်လာသောအခါတွင် ဗိုလ်နေဝင်းနှင့် နောက်တော်ပါများက ပစ်ခတ်ဖိနှိပ်ကာ တားဆီးဖို့ ကြိုးစားခဲ့သည်။ အမှတ်ကောင်းကောင်းရသွား၏။ ဗိုလ်စောမောင်နှင့် ဗိုလ်သန်းရွှေတို့က အာဏာသိမ်းကာ လူထုတိုက်ပွဲကြီးကို သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့လေသည်။ ယခင်စစ်အစိုးရအတိုင်း သူတို့လည်း လူသတ်ရမှာ ဝန်မလေးသော လက်မရွံ့များ ဖြစ်ခဲ့ပါသည်။ အမျိုးသားအချင်းချင်း မိမိတို့ ပြည်သူများကို မိမိတို့အာဏာရရေး၊ အာဏာတည်မြဲရေး၊ မိမိတို့ ရာဇပလ္လင်မှ မဆင်းဖို့အရေးအတွက် လက်ရဲဇက်ရဲဖြင့် သွေးချောင်းစီးအောင် ပစ်သတ်သည်ကို မျက်မြင်သက်သေများအဖြစ် မြင်တွေ့ခဲ့ကြရလေသည်။ ထို့ကြောင့် စစ်အစိုးရ ခေတ်တလျှောက်လုံးကို ပထမရော ဒုတိယရော နှစ်ဖွဲ့စလုံးသည် ပထမအမျိုးအစားဝင်များ ဖြစ်ကြပေတော့သည်။ ၂ဝ၁ဝ ခုနှစ်က ၂ဝဝ၈ ဖွဲ့စည်းပုံကို အတင်းအဓမ္မပြဋ္ဌာန်းကာ လမ်းပြမြေပုံ ၇ ချက်နှင့်အညီ အာဏာမရရအောင် အရေးပေါ်ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ ယှဉ်ပြိုင်၊ မရရတဲ့နည်းဖြင့် မဲများကိုယူကာ ၂ဝ၁ဝ ကို တက်လာတဲ့ အစိုးရကိုမူ ၅ နှစ်တာ လုပ်ရပ်များကို ဆန်းစစ်ကြည့်ခြင်းအားဖြင့် တတိယဖြစ်သော ပြည်သူက ချီးမွမ်းသည့်အစိုးရ ဖြစ်မလာနိုင်။ ၅ နှစ်တာ လုပ်ရပ်များမှာ ဒီမိုကရေစီ အခွင့်အရေးများကို ချိုးဖောက်၊ ပြည်သူ၏ ဆင်းရဲတွင်းကို မကယ်တင်နိုင်။ ဖိနှိပ်သော ဥပဒေများဖြင့် ဆန္ဒပြသမျှကို မတွန့်မဆုတ် ဖမ်းဆီးထောင်ချနေသောကြောင့် ပြည်သူကကြောက်သော အစိုးရအဖြစ် ဒုတိယအမျိုးအစားထဲ ရောက်ရှိခဲ့ပါတော့သည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများမှာ အလွန်ပင် ကုသိုလ်ကံ ဆိုးလှရှာပါသည်။ မြေရှင်ပဒေသရာဇ်ခေတ်သို့ ကူးပြောင်းခဲ့ကြရသည်။ ပြည်သူအတွက် အနစ်နာခံ၊ ပြည်သူကိုချစ်သော အစိုးရမျိုးနှင့် မကြုံတွေ့ခဲ့ရရှာပေ။ ထို့ကြောင့် နံပါတ် ၄ အမျိုးအစားမှာ ယခုထက်တိုင် ဝေးသထက် ဝေးနေရှာသည်။ နံပါတ် ၃ အမျိုးအစား ပြည်သူချီးမွမ်းသော အစိုးရမျိုးလည်း လွတ်လပ်ရေးရပြီးသည်မှ ယခုထက်တိုင် မကြုံတွေ့ခဲ့ရပေ။ ၂ဝ၁၅ ပါတီစုံ ရွေးကောက်ပွဲကြီးကား ပြီးဆုံးသွားခဲ့ပြီ။ လူထုက စစ်အစိုးရ မျိုးဆက်များကို မရွေးချယ်ကြပေ။ စစ်ဗိုလ်စစ်သားများမှာလည်း အာဏာရလောက်သည့် အမျိုးအစားထဲ မပါဝင်နိုင်ခဲ့ကြတော့ပေ။ လွှတ်တော်ထဲတွင် အစိုးရဖွဲ့နိုင်လောက်သော အင်အားအကောင်းဆုံး ကိုယ်စားလှယ်များမှာ အရပ်သားများချည်း ဖြစ်သွားတော့သည်။ ဒီမိုကရေစီ ဘက်တော်သားများသာ ရွေးချယ်ခံကြရသည်။ ထိုသို့ဆိုလျှင် ၂ဝ၁၆ မှစတင်၍ အစိုးရဖွဲ့စည်းနိုင်တော့မည်။ အန်အယ်လ်ဒီ အစိုးရအဖွဲ့သစ်မှာ စတုတ္ထအမျိုးအစား အကောင်းဆုံးအစိုးရ၊ အစိုးရရှိမှန်းတောင် ပြည်သူက မသိသော အစိုးရ ဖြစ်လာတော့မှာလား။ မဖြစ်လာနိုင်သေးပါ။ အစပိုင်း ဖြစ်မလာနိုင်လျှင် ၅ နှစ်သက်တမ်း၏ အလယ်ပိုင်းတွင်ရော ဖြစ်လာနိုင်ပါ့မလား။ မဖြစ်လာနိုင်သေးပါ။ ထိုသို့ဆိုလျှင် နောက်ဆုံးကာလ ၂ဝ၂ဝ ပြည့်ခါနီးလျှင်ရော ဖြစ်လာဖို့ အလားအလာ ရှိပါသလား။ အလားအလာလည်း မရှိလာနိုင်သေးပါ။ ဘာကြောင့် မဖြစ်လာနိုင်ပါသလဲ။ ပြည်သူလူထုက တခဲနက် လိုလိုလားလား ရွေးချယ်တင်မြှောက်လိုက်သူများ ဖြစ်နေပါလျက်နဲ့ ပြည်သူ၏ လိုအင်ဆန္ဒအားလုံးကို လိုက်လျောကာ ဒီမိုကရေစီ အခွင့်အရေးများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်လုပ်မည့် အစိုးရ မဖြစ်နိုင်ပါသလဲ။ ထိုသို့မဖြစ်ရသည်မှာ မြန်မာနိုင်ငံတွင် အစိုးရကို ဖွဲ့စည်းခွင့်ကို ထိန်းချုပ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်ပေတော့သည်။ လစ်ဘရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော မည်သည့်နိုင်ငံမှာမဆို ထိုနိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထိန်းချုပ်ပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိကြရသည်။ ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ၏ အသက်လည်းဖြစ်၏။ စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီး ထိုအတိုင်း ကျင့်သုံးလျှင် စတုတ္ထအမျိုးအစားထဲ ရောက်ရှိနိုင်သော်လည်း ၂ဝ၁၆ တွင် အာဏာရပြီး အစိုးရဖွဲ့စည်းမည့် အန်အယ်လ်ဒီ အစိုးရမှာမူ စစ်အစိုးရခေတ်က စစ်အာဏာရှင်များ စိတ်ကြိုက်ရေးဆွဲကာ အဓမ္မအတည်ပြုထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် စစ်တပ်၏ လွှမ်းမိုးမှုမှာလည်း ဆက်လက်တည်ရှိနေသည်။ အစိုးရအဖွဲ့ထဲတွင် စစ်တပ်ကို ခွဲတန်းပေးထားရသော စစ်ဗိုလ်ဝန်ကြီးများ လွှတ်တော်ထဲတွင် လူထုက ရွေးချယ်သည့် အရပ်သားများ ပြဋ္ဌာန်းချင်တိုင်း ပြဋ္ဌာန်း၍မရအောင် နေရာယူထားသည့် စစ်ဗိုလ်တမတ်သား စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တကြီး ပြောဆိုခဲ့သော အစိုးရ ၄ မျိုးတွင် ပြည်သူလူထုက တခဲနက် ထောက်ခံကာ ရွေးကောက်ပွဲ အနိုင်ပေးလိုက်သည့်တိုင် စတုတ္ထအမျိုးအစား အစိုးရ၊ ရှိမှန်းတောင် မသိလောက်သည့် ပြည်သူလူထုကို မေတ္တာစေတနာများဖြင့် အုပ်ချုပ်သော အစိုးရမျိုးကိုကား မရနိုင်သေးပေ။ စစ်တပ်ကလည်း တစိတ်တပိုင်း စေတနာထားလာ၊ ဒေါ်အောင်ဆန်းစုကြည် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နေသော အာဏာမငမ်းသည့် အစိုးရလည်း ဖြစ်လာမည်ဆိုလျှင် တတိယအစိုးရဖြစ်သော ပြည်သူက ချီးမွမ်းသည့် အစိုးရမျိုး ဖြစ်လာနိုင်သည်ဟု မျှော်လင့်ရပါတော့သည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024