ထိုင်းအစိုးရ ၀က်ဆိုက်များကို နိုင်ငံရပ်ခြားမှ တိုက်ခိုက်ဟုဆို
DVB
·
January 14, 2016
လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကို မကျေနပ်လို့ ထိုင်းတရားရုံး ၀က်ဆိုက်တွေကို တိုက်ခိုက်ခဲ့တာဟာ နိုင်ငံရပ်ခြား အိုင်ပီလိပ်စာတွေကနေ တိုက်ခိုက်ခဲ့တာလို့ တရားရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီကနေ ဒီဇင်ဘာ ၁၃ ရက်အထိ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းတရားရုံးက ထိုင်း ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအသင်းကို ၀က်ဆိုင်တွေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ရာမှာ အခုလို တွေ့ရှိခဲ့တာလို့ တရားရုံး ပြောခွင့်ရကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။
ဟက်ကာတွေက ပြင်ပကလူတွေ ၀က်ဆိုက်ကို ၀င်လို့မရအောင် တားဆီးခဲ့တာဖြစ်ပေမယ့် တရားရုံးနဲ့ ဆက်နွယ်နေတဲ့ အတွင်းပိုင်းစနစ်ကတော့ ၀က်ဆိုက်ကို ဆက်လည်ပတ်အောင် လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ဟက်ကာတွေကို တရားဥပဒေအရ အရေးယူမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ကွန်ပျူတာစနစ်နဲ့ ကွန်ပျူတာအခြေခံ သတင်းအချက်အလက်တွေကို တစုံတရာ နှောင့်ယှက်မယ်ဆိုရင် ဘတ် ၃ သိန်း ဒဏ်ငွေနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
တရားရုံးရဲ့ မူလစာမျက်နှာမှာ ဟက်ကာတွေချန်ခဲ့တဲ့ အချက်အလက်တွေအရ လိပ်ကျွန်းလူသတ်မှု စီရင်ချက်နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
တရားရေးဌာနကတော့ ဟက်ကာတွေ အခုလိုတိုက်ခိုက်နေတာဟာ စီရင်ချက်ကို ပြောင်းလဲစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။