Home
မေးမြန်းခန်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် ပြောကြားချက်များ
နော်နိုရင်း
·
January 12, 2016
အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေအကြား နိုင်ငံရေးဆွေးနွေးမှုတွေ ပထမဆုံးအကြိမ် အစပျိုးပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီကနေ့မနက်က နေပြည်တော်မှာ စတင်ကျင်းပနေပါတယ်။ ဒီညီလာခံဖွင့်ပွဲမှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တက်ရောက်ကြပြီး သမ္မတ ဦးသိန်းစိန်ကတော့ ဒါဟာ တိုင်းပြည်ရဲ့သမိုင်းမှာ အင်မတန်ထူးခြားတဲ့ နေ့တနေ့ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံး တိုင်းပြုပြည်ပြုကိစ္စကို အစပြုနိုင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီညီလာခံနဲ့ပတ်သက်ပြီး ပြောကြားချက်တွေကို ကောက်နုတ်စုစည်း တင်ပြပေးလိုက်ပါတယ်။ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) “ဒီငြိမ်းချမ်းရေးညီလာခံကြီးဟာ အစိုးရသစ်ထံ တာဝန်လွှဲပြောင်းမှု ချောမွေ့စေရေးအတွက်ရော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ပါ အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ရေး အတွက်ပါ စတင်ရတာ ဖြစ်ပါတယ်။ အချိန်မီ စတင်ရတာ ဖြစ်တဲ့အပြင် ဒီကနေ့ဆွေးနွေးကြမယ့် ကဏ္ဍကြီး ငါးရပ်ဟာလည်း အလွန်ကျယ်ပြန့်တာ ဖြစ်တဲ့အတွက် ဒီ ၅ ရက်တာ ကာလအတွင်းမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်းမပြုဘဲ ဆွေးနွေးမှုတွေကို စုစည်းမှာ ဖြစ်ပါတယ်။ ဒီလိုစုစည်းပြီးနောက် ညီလာခံကို သယ်ဆောင်သွားကြဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နောက်အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်ခြင်း ဖြစ်တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ပေါ်ပေါက်လာမယ့် ညီလာခံမှာ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် ဒီကနေ့ ဆွေးနွေးမှုများကို အကောင်းဆုံး စုစည်းနိုင်ခြင်းအပေါ်မှာ မူတည်မယ် ဆိုတာကိုလည်း သတိပြုကြစေလိုပါတယ်။” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) “မြန်မာနိုင်ငံသမိုင်းမှာ နှစ်ကာလကြာရှည်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် အရေးကြီးဆုံး မဖြစ်မနေ ကျင့်သုံးဆောင်ရွက်ရမယ့် မဟာဗျူဟာဟာ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေး” ပဲ ဖြစ်ပါတယ်။ ကျနော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှုတွေဟာ အနာဂတ် နိုင်ငံတော်အတွက်၊ အနာဂတ် ကျနော်တို့ မြန်မာ့မျိုးဆက်တွေအတွက်ဆိုတာ လေးလေးနက်နက် ခံယူပြီး စိတ်ရင်းစေတနာမှန်မှန်နဲ့ အောင်မြင်ပြီးမြောက်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့နဲ့ တပ်မတော်အနေနဲ့လည်း အဖြစ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။” သူရဦးရွှေမန်း (ပြည်ထောင်စုလွှတ်တော်နာယက) “ငြိမ်းချမ်းရေးဟာ မြန်မာတမျိုးသားလုံး ပြည်ထောင်စုတခုလုံး၏ ဂုဏ်သိက္ခာ၊ ဂုဏ်အင်္ဂါနှင့် သက်ဆိုင်ပါတယ်။ ဒါကြောင့် ဤကိစ္စကို နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ယခုအချိန်ဟာ ရွှေမြန်မာတွေလို့ မည်ကဲ့သို့ပင် အမွှမ်းတင်စကားတွေ၊ သမိုင်းကြောင်းတွေနဲ့ ပြောနေကြပါစေ၊ နိုင်ငံအတွင်းမှာ ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူအများအပြား ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေကြလို့ ဂုဏ်မတင့်နိုင်ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့၊ မိဘမဲ့၊ စားရမဲ့ သောက်ရမဲ့၊ ပြေးလွှားပုန်းအောင်း တိမ်းရှောင်နေရသူတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ မျက်နှာငယ်ငယ်နဲ့ နေထိုင်လုပ်ကိုင် စားသောက်နေကြရပါတယ်။ တန်ဖိုးရှိလှသော အသက်နှင့် ခန္ဓာကိုယ်ကို စွန့်ခဲ့ကြရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ကြရသူတွေဟာ များပြားလှပါပြီ။” ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ) “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် ပထမအစ ခြေလှမ်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် မလွဲမသွေ ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကြားမှာ အန်စီအေစာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချင်းချင်း စိတ်ဝမ်းမကွဲကြဖို့ အရေးကြီးပါတယ်။ မတရားအသင်းမှ ပယ်ဖျက်ခံရပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မတရားအသင်းမှ ပယ်ဖျက်ခြင်း မခံရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြားမှာ နားလည်မှု လွဲမှားခြင်း မဖြစ်စေဖို့လည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ တမျိုးသားလုံး ပြန်လည်သင့်မြတ်ဖို့ အထူးလိုအပ်လှပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ လျစ်လျူရှုထားလို့ မရနိုင်ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိဘဲနဲ့ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ပါ။ ယခုအချိန်မှာ ပြည်သူပြည်သား တိုင်းရင်းသားများက ကျမတို့ကို ပေးထားသော လုပ်ပိုင်ခွင့်အာဏာ (Mandate) အပေါ် အခြေခံ၍ ထာဝရငြိမ်းချမ်းရေး ရယူရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့်ရှိပါတယ်။” စောမူတူးစေးဖိုး (ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ) “ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာလည်း နိုင်ငံရေးဆိုင်ရာ ယုံကြည်မှုတည်ဆောက်ရေး ယန္တရားတခု ဖြစ်ပါလိမ့်မယ်။ ဒီကနေ့ရထားတဲ့ အဆင့်ကနေ နောင်ဆက်လက်ပြီး အစိုးရသစ်အနေဖြင့် လက်ဆင့်ကမ်းပြီး ဆက်လက် အကောင်အထည်ဖော်ဖို့အတွက် လုံလောက်တဲ့ အခြေခံကို ဒီကနေ့ ဖွင့်ပွဲကစလို့ ၅ ရက်တာကာလ ကျင်းပမယ့် ညီလာခံကနေ ချထားနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။  နောက်တခု တင်ပြချင်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ လုံခြုံစိတ်ချနိုင်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ရရှိမှာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သေချာစေမှာ ဖြစ်ကြောင်းလည်း ထောက်ပြလိုပါတယ်။” ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီခေါင်းဆောင်) “အလားအလာ ကောင်းပါတယ်လို့ ကျနော် အကောင်းမြင်တဲ့ သဘောနဲ့ သုံးသပ်ပါတယ်။ ယုံကြည်မှုတည်ဆောက်ခြင်းတခု ရနိုင်ပါတယ်။ ဥပမာ နိုင်ငံရေးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဒီမိုကရေစီနိုင်ငံတော်ပေါ့။ အဲဒီအတွက် မူလေးတွေရမှာပေါ့။ အခြေခံမူလေးတွေလေ။ လူမှုရေးဆိုရင်လည်း နိုင်ငံတွင်းမှာ အခုဖြစ်ပျက်နေတဲ့ ရွှေ့ပြောင်းနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ အဲဒီကဏ္ဍလေးတွေ အလေးပေး ဆွေးနွေးနိုင်မယ်ထင်တယ်။ ပြန်လည်နေရာချထားရေး အထိပေါ့ဗျာ။ နောက် လုံခြုံရေးမှာလည်းပဲ တပ်မတော်ဘက်က အခြေခံလုံခြုံရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချနိုင်မယ်ထင်တယ်။ ညှိညှိနှိုင်းနှိုင်းနဲ့လေ။ နောက်တခုက မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍလည်း အခြေခံမူဝါဒလေးတွေ ချမှတ်နိုင်မယ်လို့ မြင်ပါတယ်။ အခြေခံ အချက်အလက်လေးတွေကတော့ဖြင့် ရဖို့များပါတယ်။ အဲဒီအပေါ်မှာ နောက်လာမယ့် ညီလာခံအထိ၊ ညီလာခံနှစ်ခုကြားမှာတော့ အမျိုးသားအဆင့် ဆွေးနွေးပွဲလေးတွေရှိဖို့ အန်စီအေမှာ သတ်မှတ်ထားတာ ရှိပါတယ်။ အားလုံးပါဝင်တဲ့ ညီလာခံတခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။ အားလုံးပါဝင်တဲ့ ညီလာခံဆိုရင် ပြည်ထောင်စုရဲ့ ဖြေရှင်းမှု အစစ်အမှန်ဖြစ်တယ်။ နိုင်ငံရေးအားဖြင့် ရလဒ်ကောင်းတွေ ရမယ်ဆိုတာကို သုံးသပ်ပါတယ်။” ဦးဒေါင်းခါး (ကေအိုင်အို နည်းပညာကော်မတီ ပြောရေးဆိုခွင့်ရှိသူ) “တကယ်တန်းကျတော့ ‘တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး’ ဆိုတဲ့အတိုင်းပေါ့နော် အားလုံးကို လွှမ်းခြုံမယ့် အနေအထားမျိုးနဲ့ သွားသင့်တာပေါ့။ ထိုးတဲ့သူတွေက ထိုးပြီးသွားပြီ။ ဒါပေမယ့်လည်း အားလုံးကို လွှမ်းခြုံမယ်ဆိုတဲ့ လမ်းကြောင်းကို စဉ်းစားရင် ဒါက မဟာဗျူဟာ မဟုတ်တော့ဘူးပေါ့။ ‘တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး’ ဆိုတာက အားလုံးရဲ့ သဘောထားဖြစ်ရမယ်။ ဆိုတော့ လက်မှတ်ထိုးလို့၊ လက်မှတ်မထိုးလို့ဆိုတဲ့ ခွဲခြားမှုမျိုး မဟုတ်ဘဲနဲ့ အားလုံး ရာနှုန်းပြည့် ပါဝင်ဆွေးနွေးနိုင်မယ့် လမ်းကြောင်းက အရေးကြီးတယ်။ ဒါပေမယ့်လည်း အခုက နိုင်ငံရေးမူဘောင် ရေးဆွဲတဲ့အချိန်မှာ အားလုံးမပါဝင်တော့ လက်မှတ်မထိုးတဲ့အဖွဲ့က ပါဝင်ရင်လည်း သူတို့က တဘက်သတ် သဘောတူညီထားတဲ့ အပေါ်မှာ လိုက်ပြီးတော့ သဘောတူညီပေးတဲ့ပုံစံမျိုး၊ နောက် မန်းဒိတ်ပေးတဲ့ ပုံစံမျိုးတွေ ဖြစ်လာတဲ့ အနေအထား ဖြစ်နေတာကို။ ဆိုတော့ လက်မှတ်မထိုးတဲ့ အဖွဲ့အတွက်တော့ အကျုံးမ၀င်တဲ့ပုံစံမျိုး ဖြစ်သွားပြီ။ အန်အယ်လ်ဒီ အနေနဲ့လည်း ဒီလမ်းကြောင်းကို သူတို့က အဲလို ခွဲခြားပြီးတော့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်သွားဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။  ပြီးရင် စစ်တပ်ရဲ့ သဘောတူညီချက် မရဘဲနဲ့လည်း အန်အယ်လ်ဒီအစိုးရအနေနဲ့ အကောင်အထည်ဖော်ဖို့ အခက်အခဲလည်း ရှိပါတယ်။” မိုင်အိုက်ကျော် (ပီအက်စ်အယ်လ်အက်ဖ်/တီအန်အယ်လ်အေ တအာင်းပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ပြန်ကြားရေးဌာနမှူး) “အန်စီအေစာချုပ် ရေးဆွဲတဲ့အချိန်က ကျနော်တို့ပါတယ်။ အစည်းအဝေးတိုင်းလည်း ကျနော်တို့ တောက်လျှောက်တက်တယ်။ ဒီနောက်ဆုံးညှိတဲ့ အချိန်ကျတော့ အန်စီအေကို အကုန်လုံး လက်ခံနိုင်တဲ့ အဆင့်ရှိတယ်။ အန်စီအေစာချုပ်ပါတိုင်း အကုန်လုံးက လက်မှတ်ထိုးမယ် ဆိုရင်တော့ ကျနော်တို့က လက်မှတ်ထိုးဖို့ အဆင်သင့်ရှိတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အစိုးရဘက်က ကျနော်တို့အဖွဲ့ကို ချန်ခဲ့တယ်။ လက်မှတ်ထိုးတဲ့အချိန်လည်း တိုင်းရင်းသား ၈ ဖွဲ့နဲ့ပဲ လက်မှတ်ထိုးသွားတာ တွေ့ရတယ်။ ဒီနောက်ပိုင်း သူ့ဟာသူ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်တွေ ရေးဆွဲတာရှိတယ်။ တောက်လျှောက် သူတို့ ဆွေးနွေးပွဲတွေ လုပ်တယ်။ အဲဒီနောက်ပိုင်းမှာ လုပ်ဆောင်တဲ့ အရာမှန်သမျှကို ကျနော်တို့က လက်ခံနိုင်တဲ့အဆင့် မရှိဘူး။ ဒီ အခုကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကလည်း  တိုင်းရင်းသားအားလုံးပါဝင်တဲ့ ညီလာခံ မဟုတ်တဲ့အတွက် အဓိပ္ပာယ်ပြည့်စုံတဲ့ ညီလာခံတခု မဖြစ်နိုင်ဘူး။ အနှစ်သာရလည်း ရှိလာမှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးညီလာခံလို့လည်း ခေါ်လို့ မရပါဘူး။” ဦးရွှေမျိုးသန့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး-၂) “ကောင်းကျိုးအပိုင်းကို ကျနော်တို့ ပြောနိုင်တာကတော့ ဒီညီလာခံကြီးမှာ တည်ပေးလိုက်တဲ့ ခေါင်းစဉ်တွေက ဒီတိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် အင်မတန်အရေးကြီးတဲ့ ခေါင်းစဉ်တွေ ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အပေါ်မှာ ပါဝင်ဆွေးနွေးခွင့်ရတဲ့ အစုအဖွဲ့တွေကြားထဲမှာ ဘယ်လောက် တန်းတူညီတူ အခြေခံတဲ့ ဆွေးနွေးခွင့်ရသလဲ ဆိုတာကို ကျနော်တို့ အကဲဖြတ်ခွင့်ရမှာပေါ့။ နောက် ဆိုးကျိုးလို့ မပြောချင်ပါဘူး။ ဒါပေမယ့် ထောက်ပြချင်တာက ပြည်ထောင်စုညီလာခံကြီးလို့ ပြောတဲ့နေရာမှာ ဒီ အန်စီအေစာချုပ်ဟာ  ပြည်ထောင်စုအတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်အောင် ရေးဆွဲတဲ့စာချုပ်ဖြစ်တယ်။ ဒါပေမယ့် အဲဒီလို မလုပ်နိုင်သေးဘဲနဲ့ အဆောတလျင်သွားနေတဲ့ အပိုင်းကိုလည်း မြင်တွေ့နေရတာပေါ့လေ။ ဒီအပိုင်းကို ပြန်ကြည့်ဖို့ လိုပါမယ်။ တခုက ကျနော်တို့ စောင့်ကြည့်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိပါတယ်။ တဘက်မှာကကျတော့ မပြည့်စုံမှုတွေရဲ့ နောက်ဆက်တွဲ ရလဒ်တွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024