Home
မေးမြန်းခန်း
အောင်နိုင်ရေးအသုံးစရိတ်နဲ့ တရားမဲ့ပြုကျင့်မှုကိစ္စ အလေးထား ဆောင်ရွက်ခဲ့တယ် - ဦးရွှေလှ
အေးနိုင်
·
November 23, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအောင်နိုင်ရေး အသုံးစရိတ်နဲ့ တရားမဲ့ ပြုကျင့်မှုဆိုင်ရာတွေမှာ ငြိစွန်းခြင်း အလျဉ်းမရှိရအောင် အထူးအလေးထား ဆောင်ရွက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအဖွဲဥက္ကဋ္ဌ ဦးရွှေလှက ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့  အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း ဟာ မြို့နယ်ပေါင်း ၃၆ မြို့နယ်အနက် ၃၁ မြို့နယ်မှာ နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲအကြိုကာလ ဖြတ်သန်းမှု၊ အသုံးစရိတ်စတာတွေနဲ့ပတ်သက်လို့ ဦးရွှေလှကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲရလဒ် အောင်မြင်မှုအခြေအနေကို ပြောပြပါ။ “ရလဒ်ကတော့ မန္တလေးတိုင်းဒေသကြီးမှာ ကျနော်တို့ နေပြည်တော်ပြည်ထောင်စုနယ်မြေ အပါအ၀င်ဆိုရင် ၃၆ မြို့နယ်ရှိပါတယ်။ နောက်ဆုံးရရှိတဲ့ ရလဒ်အရ ဆိုလို့ရှိရင် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၃၁ မြို့နယ်မှာ အနိုင်ရရှိပါတယ်။ ၅ မြို့နယ်ကတော့ ကျနော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။” အဖွဲ့ချုပ်က ဘယ်မြို့နယ်တွေမှာ ရှုံးနိမ့်ခဲ့ပါသလဲ။ “ရှုံးတဲ့မြို့နယ်တွေကတော့ နေပြည်တော်ကောင်စီနယ်မြေက ဇေယျာသီရိပါ။ ရမည်းသင်းခရိုင်က ရမည်းသင်းမြို့နယ်နဲ့ ပျော်ဘွယ်မြို့နယ်ပါ။ မိတ္ထီလာခရိုင်ကဆိုရင် မိတ္ထီလာမြို့နယ်နဲ့ သာစည်မြို့နယ်ကျတော့ ကျနော်တို့က အမျိုးသားလွှတ်တော်နေရာ အနိုင်ရရှိပါတယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေနဲ့ တိုင်းဒေသကြီးလွှတ်တော် ၂ နေရာက ကျနော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။” ဒီရှုံးနိမ့်ခဲ့တဲ့ မြို့နယ်တွေဟာ ရွေးကောက်ပွဲအကြိုကာလမှာ သတိထားရမယ့်စာရင်းမှာ ပါရှိလား။ “အခုရှုံးနိမ့်တဲ့ ၅ မြို့နယ်ထဲမှာ ၄ မြို့နယ်ကတော့ ကျနော်တို့ သတိထားရမယ့် မြို့နယ်ထဲမှာတော့ သတ်မှတ်ထားတာ ပါပါတယ်။ သာစည်မြို့နယ်ကိုတော့ သတိထားရမယ့် မြို့နယ်အဖြစ် အရင်ကတော့ မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ မထင်မှတ်ဘဲနဲ့ အဲဒီနေရာက သုံးနေရာ ရှုံးနိမ့်သွားခြင်း ဖြစ်ပါတယ်။” အဓိကက ပြည်ခိုင်ဖြိုးပါတီနဲ့ ယှဉ်ပြိုင်ကြရာမှာ ဘယ်မြို့နယ်တွေမှာ မဲပြတ်နိုင်ပြီး ဘယ်နေရာတွေမှာ မတိမ်းမယိမ်းလိုက်လဲ။ “အဓိကက ပြည်ခိုင်ဖြိုးနဲ့ ယှဉ်ပြိုင်ရာမှာ မဲအပြတ်အသတ်နဲ့နိုင်တာ မန္တလေးခရိုင် တခရိုင်လုံး အပါအ၀င်ဆိုရင် ၁၀ မြို့နယ်ပါ။ မဲတော်တော်ပြတ်ပါတယ်။ မဲသိပ်မကွာတာကတော့ နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တခုပါ။ အဲဒီမှာ မဲဆန္ဒရှင်ကလည်း ထောင်ဂဏန်းပဲရှိတယ်။ အဲဒီတော့ ကွာဟမှုကလည်း သိပ်မကွာဘူး။” မန္တလေးတိုင်းမှာ တပ်မိသားစုတွေ အနေများတဲ့ ဒေသတွေမှာ အရှုံးများတယ်လို့ ကောက်ချက်ဆွဲနိုင်မလား။ “အဲဒါဆို တပ်မိသားစုများတဲ့ မြို့နယ် ၂ မြို့နယ်က သတ်မှတ်ထားတာက မိတ္ထီလာမြို့နယ်နဲ့ ပြင်ဦးလွင်မြို့နယ်ပါ။ ပြင်ဦးလွင်မြို့နယ်မှာ ကျနော်တို့ အားလုံးနိုင်ပါတယ်။ မိတ္ထီလာမြို့နယ်မှာ ရှုံးတယ်ဆိုတော့ ၂ မြို့နယ်မှာ တမြို့နယ်နိုင်တယ်၊ တမြို့နယ်ရှုံးတယ်လို့ ပြောရမှာပါ။ တပ်မိသားစုရှိတဲ့နယ်မြေတိုင်း ရှုံးတယ်လို့တော့ ပြောလို့မရဘူး။ တ၀က်နိုင် တ၀က်ရှုံးပေါ့။” ရွေးကောက်ပွဲအကြိုကာလမှာ ဘာတွေကြုံခဲ့လဲ၊ ဘယ်လိုစိမ်ခေါ်မှုတွေ ကြုံရသလဲ။ “ရွေးကောက်ပွဲအကြိုကာလမှာ စိန်ခေါ်မှုတွေကတော့ အသေးအဖွဲကအစ ကြီးကြီးမားမားအဆုံး တော်တော်များများ ကြုံရပါတယ်။ ပထမဆုံးကတော့ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ ကန့်သတ်ခံရတဲ့ နယ်မြေတွေ၊ တချို့နေရာတွေဆိုလို့ရှိရင် တပ်နယ်နိမိတ်တွေမှာ ကျနော်တို့က ၀င်ရောက်စည်းရုံးခွင့် မရပါဘူး။ တပ်ကနေပြီးတော့ သူတို့ ဦးစီးထားတဲ့ နေရာတွေဆိုရင် တချို့ ရပ်ကွက်ထဲမယ် အကျုံးဝင်တဲ့ နေရာတောင်မှ တပ်နဲ့သက်ဆိုင်တဲ့ နေရာတွေဆိုရင် မိတ္ထီလာ မြို့နယ်မှာဆိုရင် ချည်စက်ရပ်ကွက်မှာ ဒါ တပ်မတော် ချည်မျှင်နဲ့အထည်စက်ရုံရှိတဲ့ ရပ်ကွက်မယ် ဆိုရင် ကျနော်တို့က ကိုယ်စားလှယ်လောင်းက ၀င်ပြီး မဲဆွယ်စည်းရုံးခွင့် မရပါဘူး။ အဲလို အခက်အခဲတွေက မဲဆွယ်စည်းရုံးမှုအတွက် ကြီးမားတဲ့ အဟန့်အတားပေါ့။ ဒီပြင်ကိုမှ ကျနော်တို့ မဲဆွယ်စည်းရုံးမှုကို ကန့်သတ်ခံရတာရှိတယ်။ မဲစာရင်းတွေနဲ့ ပတ်သက်လို့ကလည်း မတည်ငြိမ်မှုတွေ ရှိတယ်ပေါ့။ မဲစာရင်းတွေ မတည်ငြိမ်မှုတွေက မြို့နယ်တော်တော်များများမှာ ပထမ မဲစာရင်းက လိုအပ်ချက်တွေ၊ မှားယွင်းမှုတွေရှိလို့ ကျနော်တို့ နောက်တကြိမ် ပြန်လျှောက်တဲ့အခါမှာ နောက်ဆုံး အပြီးသတ်မထုတ်ပြန်ခင်မှာ မဲစာရင်းတွေက အပိုတွေ၊ မဲစာရင်းပိုတာတွေက တော်တော်များများ တွေ့လာရတယ်။ အဲဒီမယ်က ပြဿ နာက အိမ်ထောင်စုဇယားရှိပြီး လူမနေဘူးဆိုတဲ့ ပြဿ နာတခု ပေါ်လာတယ်။ ဒါပေမယ့် တချို့နေရာတွေက ပြောတာတော့ ဒေသခံတွေ ကွင်းဆင်းစစ်ဆေးတဲ့ ကျနော်တို့ အဖွဲ့ချုပ်ဝင်တွေကတော့ တွေ့ရှိလာတာကတော့ လုံးဝ နေထိုင်ခြင်း မရှိဘဲနဲ့ သူက မဲစာရင်းထဲမှာ ပါနေတယ်။ အဲဒီမှာ သူတို့က အိမ်ထောင်စုဇယားပေါက်လို့ဆိုပြီး မဲစာရင်းထဲမယ်ထည့်တယ်။ ဒါပေမယ့် အဲဒီနေရာကနေလည်းပဲ ဆန့်ကျင်ဘက်တခု ပေါ်ပေါက်တာက လူလည်းနေတယ်၊ အိမ်ထောင်စုစာရင်းလည်း ပေါက်ပြီးတော့မှ မဲစာရင်းထဲ မပေါက်တာက ပြဿ  နာဖြစ်နေတယ်။ အဲဒါ ဆန့်ကျင်ဘက် ၂ ခုက ကွာဟမှုလည်း ဖြစ်သွားတယ်။ "သဘာဝနဲ့၊ မဲစာရင်းပြုစုတဲ့ နေရာမယ် တော်တော်လေးကို မှားယွင်းမှုတခုလို ဖြစ်နေတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့လည်း ကျနော်တို့က နောက်ဆုံးပိတ် အပြီးသတ် မဲစာရင်းကြေညာတဲ့ အချိန်မှာကျတော့ ကျနော်တို့က ဒီမဲစာရင်းတွေကို ထပ်မံစစ်ဆေးဖို့ စိစစ်ဖို့ဟာကျတော့ အချိန်အတိုင်းအတာက ရွေးကောက်ပွဲနဲ့ တအားကပ်သွားတဲ့ အခါကျတော့ အဲဒါတွေကို ကျနော်တို့က အချိန်မီ အားလုံးပြည့်စုံအောင် လိုက်ပြီးတော့တော့ ပြင်ဆင်ဖို့ လျှောက်ထားနိုင်ခြင်း မရှိပါဘူး။ ဘာလို့တုန်းဆိုတော့ သွားပြီးတော့ မဲစာရင်းပြင်ဖို့လုပ်နေရင် ရွေးကောက်ပွဲအတွက်ကို ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ နှောင့်နှေးသွားမှာဖြစ်လို့ အဲဒါ မရခဲ့ပါဘူး။ တချို့မြို့နယ်တွေ ရွေးကောက်ပွဲမယ် များသောအားဖြင့်က ထပ်ကြုံခဲ့ရတာကတော့ သက်ဆိုင်ရာ စည်းရုံးခွင့်မရလို့ ကန့်သတ်ချုပ်ချယ်မှုတွေ အပါအ၀င်ပါ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မယ် ရဟန်းသံဃာတော်တွေ၊ ပြည်သူလူထုတွေကနေပြီး ထင်ယောင်ထင်မှား၊ အထင်မှား အမြင်မှားစေမယ့် လှုံ့ဆော်မှုတွေ၊ စာရွက်စာတမ်း ဝေငှမှုတွေ၊ ဟောပြောထားတဲ့ တိတ်ခွေဖွင့်လှစ်မှုတွေကလည်း တော်တော်များများ ပေါ်ပါတယ်။ ရှုံးနိမ့်တဲ့မြို့နယ်တွေမှာဆိုရင် လှုံ့ဆော်မှုကောင်းလို့ ရတဲ့အနေအထားမျိုးတွေပေါ့။ ကျနော်တို့က ဘာသာမတူတဲ့ ကျနော်တို့ တခြားဘာသာဝင်တွေ နေထိုင်မှုများပြားတဲ့ နေရာတွေက မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းတို့မှာဆိုရင် အဲဒါတွေက ဘာသာခြားတွေ နေတာများပါတယ်။ အဲဒီဘက်တွေမယ်ဆိုရင် ဘာသာရေးနဲ့ ပတ်သက်ပြီးတော့၊ လူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အဖွဲ့ချုပ်နဲ့ ကျနော်တို့ခေါင်းဆောင်အပေါ်မယ်ရော ဝေဖန်ပြီးတော့ တိုက်ခိုက်တာတွေ၊ နောက် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးဖို့ လှုံ့ဆော်တာတွေကလည်း အဲဒီဘက်တွေမယ်လည်းရှိတယ်။ တခြားမြို့နယ်တွေမှာလည်းရှိတယ်။ လှုံ့ဆော်မှုကတော့ မြို့နယ်အများစုမယ် အဲဒီလို လှုံ့ဆော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။” အခုရှင်းပြသွားတဲ့အတိုင်းဆို ရှုံးတဲ့မြို့နယ်တွေက ဒီလှုံ့ဆော်မှုကြောင့်လို့ ပြောလို့ရတဲ့ သဘောလား။ “သူ့ချည်း ဒီလှုံ့ဆော်မှုတခုတည်းလို့တော့ ပြောလို့မရသော်လည်းပဲ ဒါကလည်း တစိတ်တပိုင်း ပါဝင်ပတ်သက်မှု ရှိတာပေါ့။” မဲပေးချိန်မှာ နိုင်ငံ့ဝန်ထမ်းတွေ၊ ရဲ၊ တပ်မတော်အင်အားစုတွေ သူတို့ရဲ့ မဲပေးမှု အခြေအနေနဲ့ ပတ်သက်လို့ရော လွတ်လွတ်လပ်လပ် တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲကို အထောက်အပံ့ ဖြစ်စေသလား။ “အဲဒါကတော့ အားနည်းပါတယ်ခင်ဗျ။ အားနည်းတယ်ဆိုတာ ကျနော်တို့ ဒီလို တပ်မတော် မိသားစုတွေနဲ့ ပတ်သက်တဲ့ မဲစာရင်းဆိုလို့ရှိရင် ကျနော်က အပြင်ဘက်မယ် ကော်မရှင်မယ်  တရားဝင်ထုတ်ပြန်မှု မရှိပါဘူး။ သာမန်အရပ်ဘက်မယ် နေထိုင်တဲ့ ပြည်သူရဲ့ မဲစာရင်းကျတော့ သူတို့ ကြိုကပ်ထားနိုင်တယ်။ ဒါပေမယ်လို့ ကျနော်တို့ ဒီဘက် တပ်မတော် မိသားစုတွေနဲ့ ပတ်သက်တဲ့ မဲစာရင်းမယ်ကျတော့ နောက်ဆုံးအချိန်ထိအောင် ဂဏန်းအရေအတွက်ပဲ သိရပါတယ်။ လူစာရင်းအတိအကျနဲ့ ကျနော်တို့ အဖွဲ့ချုပ်က မဲစာရင်းစိစစ်ရေး အဖွဲ့တွေကို မသိရပါဘူး။ နောက်ပြီး မဲပေးမှုမယ် ကြိုတင်မဲပေးမှုပေါ့၊ တပ်မတော်သားတွေ ကြိုတင်မဲပေးမှုနဲ့ ပတ်သက်လို့ ကျနော်တို့ လုံးဝမသိရပါဘူး။ ဥပဒေပြဋ္ဌာန်းချက်ကတော့ ရှိတာပေါ့။ ဥပဒေပြဋ္ဌာန်းချက်မယ်တော့ တပ်မတော်သား မိသားစုဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သင်တန်းတက်နေတဲ့ သင်တန်းသားတွေ၊ ကျောင်းသားတွေနဲ့ ပတ်သက်လို့ မဲစာရင်းယူပုံယူနည်း၊ ဆေးရုံမယ် တက်ရောက်ကုသနေတဲ့ အတွင်းလူနာတွေနဲ့ ပတ်သက်လို့တော့ ကြိုတင်မဲယူပုံယူနည်း လုပ်ထုံးလုပ်နည်းတွေကို ပြဋ္ဌာန်းထားပြီးသားပါ။ ဒါပေမယ့် အဲဒီဟာကျတော့ သူက သက်ဆိုင်ရာတပ်မှူး၊ ကျောင်းအုပ်၊ သင်တန်းတာဝန်ခံ စသဖြင့်ပေါ့နော် ရဲတပ်ဖွဲ့မှူး သူတို့ကိုပဲ သက်ဆိုင်ရာ ကော်မရှင်အဆင့်ဆင့်ကနေပြီးတော့ ကြိုတင်မဲလက်မှတ်တွေ ထုတ်ပေးပြီးတော့ သူတို့ကနေတဆင့် ယူရတဲ့ပုံစံ။ ကျနော်တို့ ကျန်တဲ့ ပါတီနဲ့ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေက ဒါကို မသိရှိနိုင်ပါဘူး။ ကြိုတင်မဲပေးမှု အပိုင်းမှာလည်း ရွေးကောက်ပွဲမတိုင်ခင် ကာလတုန်းကတော့ ၀န်ထမ်းတွေ ကြိုတင်မဲပေးမှုတွေမတော့ တချို့ကြားသိရတာကတော့၊ ၀န်ထမ်းဆိုတော့ ကျနော်တို့က သက်သေကတော့ ပြလို့မရဘူး။ ဒါပေမယ့် ကြိုတင်မဲကို သူတို့ဆန္ဒမပါဘဲ ပေးခိုင်းတယ်ဆိုတာတော့ ကျနော်တို့ သတင်းတွေ ကြားရပါတယ်။ ဒါပေမယ်လို့ ဒါက ၀န်ထမ်းတွေကို ပေးခိုင်းတာ ဖြစ်တဲ့အတွက် ၀န်ထမ်းတွေကတော့ သူတို့ရဲ့ တာဝန်နဲ့အလုပ်ကို ထိခိုက်ခံပြီး သူတို့က လူသိရှင်ကြားတော့ ထုတ်ဖော်ပြောမှာ မဟုတ်ဘူး။ ကျနော်တို့ကတော့ ဒီသတင်းတွေကတော့ ရရှိပါတယ်။ တချို့နေရာတွေဆိုရင် ကျနော်တို့ ကိုယ်စားလှယ်တွေကို အကြောင်းမကြားဘဲနဲ့ ကြိုတင်မဲယူမယ့် အစီအစဉ်တွေကို သိလို့ ကန့်ကွက်တဲ့အချိန်ကျမှ ပြန်ပြီးတော့ သူက ကြိုတင်မဲယူမယ့် အစီအစဉ်ကို ပြန်ပြီးဖျက်တာမျိုးလည်း ရှိခဲ့ပါတယ်။” မန္တလေးတိုင်းမှာ ကြိုတင်မဲနဲ့ ပတ်သက်လို့ ပြဿ     နာ ကြီးကြီးမားမားရှိလား။ “ကြိုတင်မဲပြဿ နာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်တယ်လို့တော့ ကျနော်တို့ မကြားပါဘူး။ သူကတော့ အဲလိုပေါ့ မဲရုံမယ် ပို့ရမယ့် ကြိုတင်မဲပေါ့။ မဲဆန္ဒနယ်အတွင်းမှာရှိတဲ့ ကြိုတင်မဲပေးထားတဲ့ လူစာရင်းက မဲရုံမဖွင့်ခင် ခြောက်နာရီမတိုင်ခင် စာရင်းနဲ့ ကြိုတင်မဲစာအိတ်တွေက ကြိုရောက်ထားရမှာပေါ့။ ဒါ မဲဆန္ဒနယ် ပြင်ပရောက်သွားတဲ့ မဲဆန္ဒရှင်တွေက ပေးတဲ့ ကြိုတင်မဲဆိုလို့ရှိရင်တော့ သူက မြို့နယ်ကော်မရှင်ကိုပို့တာ၊ မြို့နယ်ကော်မရှင်ကိုကျတော့ ညနေ ၄ နာရီမတိုင်ခင် ပို့ပေးရမယ်။ ညနေ ၄ နာရီနောက်ပိုင်းကျမှ ရောက်ရှိလာတဲ့ ကြိုတင်မဲကိုတော့ ရေတွက်ရခြင်း မရှိရဘူးလို့ ဒါ သူက သတ်မှတ်ထားတာ ရှိပါတယ်။ ကျနော်တို့ မန္တလေးတိုင်းတွင်းမယ်တော့ ကြီးကြီးမားမား ဒီလိုမျိုး နောက်ပိုင်းမှ ရောက်လာတဲ့ ကြိုတင်မဲတွေကို ရေတွက်တယ်လို့တော့ ကျနော်မကြားဘူး။ အတည်မပြုနိုင်တဲ့ သတင်းတခုအရတော့ သာစည်မြို့နယ်ထဲက မဲရုံတရုံမယ် အဲဒီလိုပဲ မဲတွေ ရေတွက်ပြီးကာမှ အဲလိုကြိုတင်မဲကို ထပ်ရောက်လာလို့ ရေတွက်တာမျိုး ရှိတယ်လို့တော့ သတင်းပို့တာတော့ ရှိပါတယ်။ ဒါပေမယ့် ဒီသတင်းကို သူက အလွတ်ပို့တာဖြစ်တဲ့အတွက် အတည်မပြုနိုင်ပါဘူး။ ရှုံးနိမ့်ထားတဲ့နယ်မြေဖြစ်တဲ့အတွက် ခိုင်မာချင်သလို တဘက်ကို မစွပ်စွဲချင်လို့ပါ။” ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းတွေရဲ့ အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ စနစ်တကျ ပြုစုဆောင်ရွက်ခဲ့ပါသလား။ “ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က ကိုယ်စားလှယ်လောင်း မလျာထားခင်ကတည်းကိုက ကိုယ်စားလှယ်လောင်းရဲ့ တရားမဲ့ပြုကျင့်မှုပေါ့။ တရားမဲ့ပြုကျင့်မှုထဲမယ် အသုံးစရိတ်တွေ ပိုမိုသုံးစွဲလို့ရှိရင် ကိုယ်စားလှယ်လောင်းဟာ ရွေးကောက်ခံရပြီး နောက်ပိုင်းမှာလည်း သူက ပြန်ပြီး ပယ်ဖျက်ခံရနိုင်တယ်ဆိုတဲ့ အန္တရာယ်ကို ကျနော်တို့ကတော့ စောစောပိုင်းကတည်းက ပညာပေးလုပ်ငန်းကို ဖြန့်ဝေထားပါတယ်။ နောက် ရွေးကောက်ပွဲမယ် ကိုယ်စားလှယ်လောင်းတွေကို ကျနော်တို့ လျာထားပြီးတဲ့နောက်လည်းပဲ မြို့နယ်အောင်နိုင်ရေးအဖွဲ့၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိသူတွေကို တဆင့်ပြန်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်မယ် ကိုယ်စားလှယ်လောင်းရော၊ ပါတီဝင်တွေကိုရော ပြန်ပြီးအသိပေးလို့ရအောင်လို့ သီးခြား ကျနော်တို့ ခေါ်ပြီးတော့ ရွေးကောက်ပွဲမယ် တရားမဲ့ပြုကျင့်မှုတွေ ကျူးလွန်ရင် ကိုယ်စားလှယ်လောင်းမှာ ပယ်ဖျက်ခံရနိုင်တယ်၊ ရွေးပြီးရင်တောင်မှ ဒါကို ကျနော်တို့ လေးလေးနက်နက် သူတို့ကို အသိပညာပေးလုပ်ငန်းကို ဖြန့်ဝေပါတယ်။ ဒီသင်တန်းပေးတဲ့ အပြင်ကို မှာကြားပါတယ်။ ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း ကိုယ်စားလှယ်လောင်းမှ မဟုတ်ဘူး။ သာမန်ပါတီဝင်နဲ့ ပြည်သူလူထုက သူတို့ရဲ့ မှားယွင်းမှုကြောင့်ပဲဖြစ်ဖြစ်၊ သတိမထားလို့ပဲဖြစ်ဖြစ် ကျူးလွန်နိုင်လို့ သူတို့ကို ပြစ်ဒဏ်တွေ ဘာတွေ တရားစွဲပြီး ပြစ်ဒဏ်ချမှတ်ခံရမယ့် အရေးကိစ္စတွေကအစ ကြိုတင်သတိပေးတာပါ။ အဲဒါတွေကို တိုင်းအနေနဲ့လည်း ကိုယ်စားလှယ်လောင်းရော။ အလုပ်အမှုဆောင် အောင်နိုင်ရေးကိုလည်း ကြိုတင်ပြီးတော့ အထပ်ထပ် သတိပေးပါတယ်။ ဗဟိုအောင်နိုင်ရေးကလည်း အထက်ဗမာပြည်မှာရှိတဲ့ ကိုယ်စားလှယ်လောင်းနဲ့ ရွေေးကာက်ပွဲ ကိုယ်စားလှယ်တွေ အားလုံးကို ဒီမန္တလေးမြို့ကိုခေါ်ပြီးတော့ သင်တန်းအနေနဲ့ ပေးပြီးတော့မှ အားလုံးကို ရွေးကောက်ပွဲအသုံးစရိတ်နဲ့ သီးသန့်ကဏ္ဍတခု အနေနဲ့တောင်မှ သူတို့ကို အသိပညာပေးလုပ်ငန်းကို ဖြန့်ဝေပါတယ်။ ဒီသင်တန်းပေးတဲ့ အပြင်ကိုတောင်မှ ဒီနောက်ပိုင်း အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ကာလမှာကိုပဲ တိုင်းတတိုင်းချင်းအလိုက်ကို ဗဟိုအောင်နိုင်ရေးက စာရင်းအင်းကျွမ်းကျင်တဲ့ စာရင်းစစ်အဖွဲ့ကနေပြီးတော့ တိုင်းတတိုင်းချင်းကို လိုက်ပြီးတော့မှ ဒီစာရင်းတွေ တိကျမှန်ကန်ဖို့ ထပ်မံပြီးတော့ကို သတိပေးတယ်။ လိုအပ်တာတွေကို ပြန်လည်ဖြည့်စွက်မှာကြားတယ်၊ ကျနော်တို့ အောင်နိုင်ရေးအဖွဲ့နဲ့ အလုပ်အမှုဆောင်အဖွဲ့က ဒီတိုင်းအောင်နိုင်ရေး ကာလအတွင်းမယ် သက်ဆိုင်ရာမြို့နယ်တွေကို သွားတဲ့အချိန်တိုင်းမယ် တခေါက်ရောက်ရင် တခေါက်၊ နှစ်ခေါက်ရောက်ရင် နှစ်ခေါက် ဒီအောင်နိုင်ရေး အသုံးစရိတ်နဲ့ ပတ်သက်လို့ရယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရှောင်ကြဉ်ရမယ့် တရားမဲ့ပြုကျင့်မှုရယ်ကိုက အထူး အလေးအနက်ထားပြီး ကျနော်တို့က ထပ်ကာထပ်ကာ သတိပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချုပ်က ဒီ ၂၀၁၅ ရွေးကောက်ပွဲက အင်မတန်မှ အရေးကြီးတယ်၊ အပြောင်းအလဲအတွက်၊ နိုင်ငံအတွက်ရော၊ တတိုင်းတပြည်လုံးအတွက်ရော အရေးကြီးနေတဲ့အတွက်ကြောင့် ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲအသုံးစရိတ်နဲ့ ပတ်သက်ပြီးတော့ သူက အင်မတန်မှကိုပဲ စိုးရိမ်လို့ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကကို ထပ်ကာထပ်ကာ အထပ်ထပ် မှာကြားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ကလည်း ဆင့်ကဲဆင့်ကဲ အကြိမ်ကြိမ် သူတို့ကို သတိပေးထားပြီးသား ဖြစ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024