ရွေးကောက်ပွဲအလွန် မန္တလေး စီးပွားရေးဈေးကွက်
DVB
·
November 17, 2015
မန္တလေးမြို့မှာ အထွေထွေရွေးကောက်ပွဲပြီးလို့ နောက်ဆုံးရလဒ်ကို စောင့်ကြည့်ရင်း အရောင်းအ၀ယ်တွေ သွက်လာတဲ့ ဈေးကွက်တချို့ ရှိလာပါတယ်။ တချို့ဈေးကွက်တွေမှာဆိုရင် ဈေးအတက်အကျကြီးဖြစ်မှာကို မစိုးရိမ်ရလို့ ကုန်သိုလှောင်တာတွေ မရှိဘဲ တပတ်စာ ဈေးကွက်နဲ့ အရောင်းဝယ်ပြုလုပ်နေတယ်လို့ မန္တလေးက ဈေးကွက်အခြေအနေကို စုံစမ်းသိရပါတယ်။
ခြေချမရအောင် အရောင်းသွက်နေတဲ့ ဈေးချိုတော်
မန္တလေးမြို့ရဲ့ စီးပွားရေးမှာ အဓိက အချက်အချာတခုဖြစ်တဲ့ ဈေးချိုတော်နဲ့ မန်းမြန်မာ ဈေးကွက်မှာ ရွေးကောက်ပွဲပြီး ၂ ရက်အတွင်း နယ်ဝယ်လက်နဲ့ လက်လီတွေကြောင့် အရောင်းအ၀ယ် သွက်လာပါတယ်။
မန်းမြန်မာ ဈေးချိုတော်ရှိ အမျိုးသမီးဝတ် အထည်ဆိုင်ရှင် ဦးတင့်ဇော်မောင်က "အများစုကတော့ ရွေးကောက်ပွဲပြီး ပစ္စည်းမလှောင်တော့ဘူး။ တပတ်စာဝယ်ရောင်းပဲ လုပ်တယ်။ ကမောက်ကမဖြစ်ပြီး ဈေးတက်မှာ ကျမှာ မကြောက်ကျတော့ဘူး။ အခု နယ်အနှံ့က ၀ယ်လက်တွေလာလို့ ကားလမ်းတွေပိတ်အောင် စည်ကားနေတယ်" လို့ ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းက သီတင်းကျွတ်အချိန်ရာသီ ဖြစ်တာတောင် ဈေးချိုတော်မှာ အရောင်းဝယ်တွေ အေးခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲရလဒ် အနိုင်စာရင်းတချို့ ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ၀ယ်လက်တွေနဲ့ စည်ကားနေပါတယ်။ တန်ဆောင်တိုင် ကထိန်ရာသီ အခါတော်နဲ့ မင်္ဂလာပွဲတော်တွေကြောင့်လည်း အရောင်းအ၀ယ်သွက်လာလို့ ဈေးချိုတော်ရဲ့ လမ်းတွေကို ပိတ်သွားစေခဲ့ပါတယ်။
တရုတ်ဝယ်လက်ရှိတဲ့ နှမ်းနက်နဲ့ ပဲတချို့ ကုန်ကျန်နည်း
မန္တလေးမြို့က ပဲ၊ နှမ်း ကုန်စည်ဒိုင်မှာတော့ တရုတ်ဝယ်လက်ရှိနေတဲ့ နှမ်းနက်က အရောင်းအ၀ယ် လိုက်နေပေမယ့် ပဲအမျိုးစားတချို့ လက်ကျန်နည်းနေတာကြောင့် ကုန်စည်ဒိုင်မှာ ကုန်ရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။
အောင်သာပဲပွဲရုံမှ ဦးမျိုးဇော်က "လက်ရှိတော့ ကုန်စည်ဒိုင်မှာ နှမ်းနက်တခုပဲ ၀ယ်လက်ရှိတယ်။ တရုတ်ယွမ်ဈေးကလည်း ငြိမ်နေတယ်။ နိုင်ငံကောင်းမွန်ပြီး ဈေးကွက်တွေ ငြိမ်သွားမယ်ဆိုရင် စီးပွားရေးတွေလုပ်လို့ ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။" လို့ ပြောပါတယ်။
တရုတ်ဝယ်လက် အနည်းငယ်လိုက်နေတဲ့ နှမ်းနက်တွေ နိုဝင်ဘာ ၁၂ ရက်မှာ ၃ တင်းဝင် တအိတ်ကို ကျပ် ၂၁၅၀၀၀ နဲ့ ကျပ် ၂၂၅၀၀၀ ရှိပြီး နေ့စဉ် မန္တလေးကုန်စည်ဒိုင်ကနေ အိတ်ရေ ၃၀၀၀ နဲ့ ၅၀၀၀ ကြား ပို့ပေးနေရပါတယ်။
အောင်လံ၊ မကွေးဘက်က အသစ်ဝင်လာတဲ့ ပဲတီစိမ်းက ကျပ် ၁၁၈၀၀၀ ကနေ ၁၂၀၀၀၀ ဈေး ရှိပါတယ်။ အိန္ဒိယ၀ယ်လက် ရှိနေသေးတဲ့ မြေတောင့်ပဲ၊ မတ်ပဲ၊ ပဲစင်းငုံတွေက ဈေးကွက်အတွင်း ပစ္စည်းပြတ်သလောက် ဖြစ်နေပါတယ်။ မတ်ပဲဈေးနူန်းက ကျပ် ၂၂၅၀၀၀ ရှိပြီး ပြည်တွင်းစားသုံးမှုပဲ ရှိနေပါတယ်။
ပဲရာသီပေါ်ချိန် လိုသေးတာကြောင့် ဈေးကွက်အတွင်း ပဲရှားပါးပေမယ့် ရွေးကောက်ပွဲပြီးလို့ မြန်မာ့ရွှေဈေးတွေကျပြီး ယွမ်ဈေးငြိမ်လို့ ပဲဈေးကွက် လှုပ်ခတ်မှုမရှိဘဲ ရွေးကောက်ပွဲရလဒ်ကြောင့် ပဲသစ်ပေါ်ချိန်မှာ ဈေးကွက်ငြိမ်ပြီး အရောင်းဝယ် ကောင်းနိုင်မယ်လို့ မျှော်လင့်ကြောင်း ပဲ နှမ်း ကုန်သည်တွေက ဆိုပါတယ်။
ဆန်ဈေးကျပြီး စောင့်ကြည့်အနေနဲ့ ဈေးကွက်အေး
မူဆယ်ဆန်ဈေးကွက်နဲ့ ပြည်တွင်းစားသုံးမှု ဆန်ဈေးကွက်မှာ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို စောင့်ကြည့်ရင်း ကုန်ပစ္စည်းသိုလှောင်မှုမရှိဘဲ လက်ကျန်ဆန်တွေနဲ့ အရောင်းဝယ် ဖြစ်နေပါတယ်။
"ရွေးကောက်ပွဲအဖြေကို စောင့်ကြည့်ရင်း လုပ်ငန်းကို သိပ်မ၀င်စားဘူး။ ပစ္စည်းတွေ မ၀ယ်ဘဲ စောင့်ကြည့်နေတယ်။ ခါတိုင်းဆို ဂိုဒေါင်မှာ လူသွားစရာမရှိဘူး။ အခု ဘောလုံးကန်လို့ ရတယ်" လို့ မန္တလေး ဆန်ကုန်သည်အသင်း ပြန်ကြားရေးမှ ဦးမိုက်က ပြောပါတယ်။
မူဆယ် တရုတ်နယ်စပ်ဘက်မှာ ဆန်တအိတ် ၅ ယွမ် ဈေးကျပြီး ပြည်တွင်းသုံး ဆန်အမျိုးစားလည်း တအိတ်ကို ကျပ် ၁၀၀၀ လောက် ဈေးကျသွားပါတယ်။ ဈေးကွက်စောင့်ကြည့် အခြေအနေနဲ့ အ၀ယ်နှေးသလို ဈေးအေးနေပါတယ်။ နယ်ပေါင်းစုံက ဆန်သစ်တွေ ထပ်ဝင်လာရင် ဆန်ဈေးတွေ ထပ်ကျနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။ နယ်စပ်ဘက် ငွေလဲလှယ်နှုန်းထားတွေက တရုတ်ငွေ တယွမ်က မြန်မာငွေ ၁၉၉ ကျပ် ၆ ပြား ဖြစ်ပါတယ်။
ရွေးကောက်ပွဲရလဒ်ပေါ် မူတည်တဲ့ မန်းမြေဈေး
မြန်မာပြည် ရွေးကောက်ပွဲကို မှီပြီး အဓိက စောင့်ကြည့်နေတာက မန္တလေးက မြေဈေးကွက်ပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့နဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းအတွက် လချီအေးနေတဲ့ မန္တလေးက မြေဈေးကွက်ဟာ ရွေးကောက်ပွဲရဲ့ အနိုင်ရလဒ်ကို အပြောင်းလဲပေါ်မူတည်ပြီး စောင့်ကြည့်ဈေးကွက်နဲ့ လက်ရှိထိ အရောင်းအ၀ယ်တွေ အေးနေပါတယ်။
"အေးဆေးပြောင်းမလားဆိုပြီး စောင့်ကြည့်နေတာ။ ရောင်းမယ့်သူမရှိဘူး။ ထိုင်စောင့်နေကြတယ်။ အငှားဈေးကွက်ပါ အေးနေတာ" လို့ ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးနေလင်းအောင်က ပြောပါတယ်။
မန္တလေး မိန်းလမ်းမဘေး အဆောက်အဦပါ မြေကွက်တွေဟာ ကျပ်သိန်းပေါင်း သောင်းချီရှိသလို မန္တလေးမြို့ ၃၅ လမ်းတောင်ဘက် မြို့သစ်နဲ့ မြို့ပြင် အဝေးပြေးကုန်စည်ပို့ဆောင်ရေးအနီး လမ်းမတန်း မြေကွက်တွေက ပေ ၄၀×၆၀ ကို ကျပ်သိန်းပေါင်း အနည်းဆုံး သိန်း ၂၀၀၀ အထက်မှာ ရှိနေပါတယ်။
အကျဘက်မှာ ရှိနေတဲ့ မန္တလေးရွှေ
နိုဝင်ဘာ ၉ ရက်နေ့မှာ သိသိသာသာ ကျဆင်းလာတဲ့ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းမှုကြောင့် မြန်မာ့ရွှေဈေးတွေ ကျလာပါတယ်။ မြန်မာ့ပွဲတော်ရာသီချိန်မို့ ရွှေအထည်လုပ်သူ ၀ယ်သူတွေနဲ့ ပုံမှန်ရှိနေပေမယ့် အရောင်းအ၀ယ်ပိုင်းဘက်မှာတော့ အေးနေပါတယ်။
"ရွှေဈေးကတော့ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှုမရှိပါဘူး။ ဒီရက်ပိုင်း ကမ္ဘာ့ရွှေဈေးကျလို့ပါ။ ဒေါ်လာဈေးက ငြိမ်နေတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးက သိပ်မကျဘူး။ ဒေါ်လာဈေးပါ ကျရင်တော့ မြန်မာ့ရွှေဈေးက တော်တော်လေး ကျသွားလိမ့်မယ်" လို့ အောင်သမာဓိ ရွှေသန့်စင်ခြင်းနဲ့ စိန်၊ ရွှေ ရောင်းဝယ်ရေးက ရွှေကုန်သည် ဦးမော်က လက်ရှိဈေးကွက် အခြေအနေကို ပြောပါတယ်။
ဒေါ်လာငွေလဲနှုန်းတွေ တည်ငြိမ်နေပြီး ကမ္ဘာ့ရွှေဈေးနှုန်း ထပ်ကျပါက မြန်မာ့ရွှေဈေးက အကျဘက်ကို ဦးတည်နေတယ်လို့ ရွှေကုန်သည်တွေက မှတ်ချက်ပြု ပြောဆိုပါတယ်။
မန္တလေးရွှေဈေးကွက်မှာ နိုဝင်ဘာ ၇ ရက်က ကမ္ဘာ့ရွှေဈေး တအောင်စ ကန်ဒေါ်လာ ၁၁၁၀၊ မြန်မာ့ရွှေဈေး အခေါက်ရွှေတကျပ်သား ကျပ် ၇၆၅၂၀၀ ရှိပါတယ်။ ရွှေဈေး တဖြည်းဖြည်း ကျလာပြီး နိုဝင်ဘာ ၁၃ ရက်မှာတော့ ကမ္ဘာ့ရွှေဈေးက တအောင်စကို ကန်ဒေါ်လာ ၁၀၈၇ ဖြစ်ပြီး မြန်မာ့ရွှေဈေးနှုန်းထားက တကျပ်သား ကျပ် ၇၄၆၈၀၀ ဖြစ်ပါတယ်။
ဓာတ်ပုံ - တာရာ