ကြိုတင်ဆန္ဒမဲ ပေးရမည့်ရက် တိုကျို မြန်မာသံရုံး ကြေညာ
ဇော်ဇော်လှိုင်
·
October 2, 2015
၂၀၁၅ ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ ကြိုတင်မဲပေးဖို့ တိုကျို မြန်မာသံရုံးက အောက်တိုဘာ ၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြပါတယ်။
ဂျပန်ရောက် မြန်မာအင်ဂျင်နီယာတဦးဖြစ်တဲ့ ဒေါက်တာနန္ဒလင်းကတော့ ဆန္ဒမဲပေးဖို့ ပုံစံ ၁၅ ပေးပို့ထားပြီး အခြေခံမဲဆန္ဒရှင်စာရင်းမှာ အမည်ပါပြီးဖြစ်ပေမယ့် ကွန်ပျူတာစနစ် အမှားအယွင်းတွေကြောင့် မဲစာရင်းထဲ ပါပြီးသားသူတွေ နောက်ဆုံးအခေါက် ထုတ်ပြန်တဲ့ စာရင်းထဲ ပါမလာတဲ့ သတင်းတွေ ကြားတဲ့အတွက် ပါပြီးသားစာရင်းက ပြန်ပျောက်သွားပြီး မဲပေးခွင့်ဆုံးရှုံးမှာ စိုးရိမ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
"ကျနော်က မြန်မာပြည်က ပြန်ပေးရတာ၊ ပထမမဲစာရင်းမှာ မပါလို့ ထပ်တိုးမဲစာရင်း တင်ရတယ်။ ထပ်တိုးမဲစာရင်းမှာ ပါ မပါ စောင့်ကြည့်ရတော့ သံရုံးကို အကြောင်းကြားရမယ့် ပုံစံ ၁၅ တင်ရမယ့်ရက် ကျော်သွားလို့ ဒီကနေစောင့်ပြီး မဲပေးရတာ။" လို့ ဂျပန်မှာနေထိုင်ပြီး မြန်မာနိုင်ငံမှာ မဲပြန်ပေးမယ့် ဦးလှဟန်က ဒီဗွီဘီကို ပြောပါတယ်။
"သံရုံးမှာ မဲပေးခွင့်ရှိသူတွေဟာ မြန်မာပြည်က ရပ်ကွက်မဲစာရင်းမှာ မပါခဲ့ရင် မဲပေးခွင့် မရှိဘူး။ သံရုံးက ရက်ကျော်မှပြောရင် ဘာမှ လုပ်မရဘူး။ ကျနော်လည်း ခုမှသိတာ။ ဒါကြောင့် ကျိန်းသေအောင် ဒီက စောင့်ပေးတာ။ ဒါတောင် မွေးရက် မွေးလက မှားနေသေးတယ်။ ညစ်နည်းပေါင်းစုံ ညစ်နေတာ" လို့ သူ့အမြင်ကို ထပ်ပြောခဲ့ပါသေးတယ်။
ဆန္ဒမဲပေးရန် ပုံစံ ၁၅ ပေးပို့ကြဖို့ လှုံ့ဆော်ဆောင်ရွက်ခဲ့သူ အသက် ၂၀ အရွယ် ဂျပန်ရောက် မြန်မာကျောင်းသားတဦးဖြစ်တဲ့ ကိုကောင်းပိုင်ထက်ကတော့ သူ့ဘ၀မှာ ပထမဆုံးပေးရမယ့် ကြိုတင်ဆန္ဒမဲ ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်လို့ ဆိုပါတယ်။
ပြည်ပကြိုတင်ဆန္ဒမဲတွေ မှားယွင်းမှု ဖြစ်မှာကို စိုးရိမ်သူတွေ ရှိကြသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပြည်ပကနေ ပုံစံ (၁၅) ကြိုတင်မဲပေးဖို့ ၂ သောင်းသာ ရှိတယ်လို့ ပြောကြားထားပါတယ်။