Home
မေးမြန်းခန်း
မဲစာရင်းတော်တော်လေးမှားတာဟာ သမ္မတမှာ တာဝန်ရှိတယ် - ရှေ့နေ ဦးကိုနီ
DVB
·
October 1, 2015
မဲစာရင်းမှားယွင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာဟာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှာ တာဝန်ရှိတာကြောင့် ရာထူးကနေ နုတ်ထွက်ပေးဖို့ ကယန်းပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက် အပါအ၀င် လက်ရှိကာလ မဲဆွယ်စည်းရုံးမှု ကန့်သတ်မှု၊ ဟောပြောစည်းရုံးမှု အခြေအနေတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စတွေကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်း ထုတ်ပြန်မှုမှာ အခြေခံမဲစာရင်း ထုတ်စဉ်ကရော၊ အပြီးသတ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာပါ အမှားအယွင်း များတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို နုတ်ထွက်ပေးဖို့ ကယန်းပြည်သစ်ပါတီက တောင်းဆိုတယ်ခင်ဗျ။ သမ္မတဦးသိန်းစိန်က ခန့်ထားတဲ့ ကော်မရှင်ဥက္ကဋ္ဌကို နုတ်ထွက်ပေးဖို့ တောင်းဆိုခွင့်ရှိသလားခင်ဗျ။ “တောင်းဆိုတာကတော့ တောင်းဆိုနိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့တုန်းဆိုတော့ ကော်မရှင်ကလည်း တော်တော်အားနည်းတယ်ပေါ့ဗျာ။ ပိုက်ဆံတွေ အများကြီးသုံးထားတယ်၊ နိုင်ငံတော်ဘက်က ငွေကြေးထောက်ပံ့မှု အများကြီးရတယ်။ ပြီးတော့လည်းပဲ နိုင်ငံတကာ အကူအညီတွေ အများကြီးရတယ်။ အဲဒီလောက် အများကြီးရတဲ့ကြားထဲက မဲစာရင်းက အကြိမ်ကြိမ် အမှားအယွင်းတွေ ဖြစ်နေတဲ့အခါကျတော့ ပြောစရာဖြစ်လာပြီဗျာ။ ပထမတကြိမ်မှားတယ်၊ ဒုတိယတကြိမ်ဆို ပိုပြီးတော့ မှန်ဖို့သင့်တယ်ပေါ့ဗျာ။ အဲဒီတော့ ဒုတိယတကြိမ်လည်း မှားမြဲ ဆက်ပြီးမှားနေတဲ့အခါကျတော့ ဝေဖန်စရာတွေ ဖြစ်လာတယ်။ တရည်တရွယ်မှားနေတာလား၊ သို့တည်းမဟုတ် အရည်အချင်းမရှိလို့ မှားတာလားပေါ့။ အဲဒီတော့ တရည်တရွယ်ပဲမှားမှား၊ အရည်အချင်းမရှိလို့ပဲမှားမှား၊ မှားရင်ကတော့ တာဝန်ယူရမှာပဲ။ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ဒီလိုကြီးကျယ်တဲ့ အလုပ်မျိုးကို လုပ်တဲ့အခါမှာ တာဝန်ယူမှုကလည်း ရှိဖို့လိုတယ်ပေါ့ဗျာ။ "အဲဒီတော့ အမှန်တော့ဗျာ ကိုယ့်ဟာကိုယ် အရည်အချင်းမရှိရင် ထွက်ဖို့ကောင်းတာပေါ့။ သို့သော် နုတ်ထွက်ပေးပါလို့ သူများက တောင်းဆိုရလောက်အောင် ဖြစ်လာတဲ့ဟာကတော့ ဒါ သိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။ အမှန်တော့ မမှားသင့်ပါဘူး။ ဒီဟာ သေသေချာချာ စနစ်တကျ လုပ်သင့်ပါတယ်။ အချိန်လည်း ၅ နှစ်လောက်ကြီး ရခဲ့တာကိုတောင် အခုအချိန်ထိ မှန်အောင်မလုပ်နိုင်ဘူးဆိုတော့လေ ပြောစရာဖြစ်နေတယ်။ ပြီးတော့လည်းဗျာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ သန်းခေါင်စာရင်းကောက်ထားတာ ဒါလည်း စာရင်းတွေက ရှိပါတယ်။ အဲဒီ သန်းခေါင်စာရင်း ကောက်ထားတဲ့ စာရင်းတွေ၊ နောက်တခါ အိမ်ထောင်စု လူဦးရေစာရင်းမှာ ရှိတဲ့စာရင်းတွေ၊ တကယ့်မြေပြင်ပေါ်မှာ ရှိနေတဲ့ အနေအထားဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ယူမယ်ဆိုရင်လည်း ရပါတယ်။ အဲသလို စာရင်းကို ထောင့်စုံကနေ ယူပြီးတော့မှ အားလုံးအပေါ်မှာ အခြေခံပြီး အမှန်ဆုံး လုပ်လို့ရှိရင် ရပါတယ်။ ဒါ ဒီလောက်ကြီး ခက်ခဲတဲ့ကိစ္စမှ မဟုတ်တာ။ အဲဒါကို အခုလို အမှားမှားအယွင်းယွင်း ဖြစ်နေတော့ ဒီလိုပဲ တောင်းဆိုလာမှာပေါ့။" အခြေခံမဲစာရင်းတုန်းက စာရင်းမှာ မပါတာတွေ။ မှတ်ပုံတင်၊ အိမ်နံပါတ် မိဘအမည်လွဲတာတွေ ရှိခဲ့တယ်။ အခု မဲဆန္ဒရှင်စာရင်းမှာ ရန်ကုန်မှာဆို အိမ်တအိမ်မှာ အိမ်ထောင်စုဝင်မဟုတ်ဘဲ လူပိုအမည်စာရင်းတွေ တိုးနေတာ တွေ့ရတယ်။ အဲဒီလူပိုတဲ့ မဲတွေက လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လိုအန္တရာယ်ပေးနိုင်လဲ၊ မသမာမဲတွေ ဖြစ်မလာနိုင်ဘူးလား။ "ဒီလိုဗျ လူပိုတဲ့ကိစ္စဟာ မဲမသမာမှု ကျူးလွန်ဖို့ အခွင့်အရေးတခုပဲ။ ဆိုလိုတာက မဲစာရင်း voter list ဆိုတာက registration ဆိုတာက မဲပေးမယ့်သူ ဘယ်လောက်ရှိသလဲဆိုတာကို စာရင်းကောက်တာပေါ့။ အဲသလို အတိအကျ စာရင်းကောက်ထားမှ အဲဒီစာရင်းနဲ့ မဲပုံးထဲက မဲနဲ့ကလည်း ကိုက်ညီရမယ်။ အဲဒီတော့ အပြင်မှာ လူ ၁၀၀ ရှိရင် မဲပုံးထဲမှာလည်း မဲ ၁၀၀ ဆိုတာ မသမာမှု မဖြစ်ဘူးပေါ့။ အဲဒီတော့ အပြင်မှာ လူကရှိတာက ၁၀၀၊ ဒါပေမယ့်လို့ ၁၅၀ စာရင်းပေါက်နေပြီးတော့ မဲပုံးထဲမှာလည်း မဲ ၁၅၀ ၀င်လာမယ်ဆိုရင် အဓိပ္ပာယ်က ဒါ မသမာမှု ဖြစ်နိုင်တဲ့ အနေအထားမျိုး ရှိတာပေါ့။ သို့သော်လည်းပဲ ကျနော်တို့မှာ နည်းနည်းလေး ခန့်မှန်းရခက်နေတာက မဲရုံမှာ မဲလာပေးတဲ့ မဲကိုကျတော့ ခိုးဖို့ တော်တော်လေးကို မလွယ်ဘူးဗျ။ ဘာကြောင့်တုန်းဆိုတော့ ကျနော်တို့က အားလုံး ထိုင်ကြည့်နေမှာကိုး။ လာမယ်၊ မဲပြားကို ထုတ်မယ်၊ ထုမယ်၊ ထုစရာရှိတာ ထုပြီးတာနဲ့ ပုံးထဲထည့်မယ်ဆိုတော့ ဒီမဲပြားစာရွက်က စားပွဲပေါ်ကနေ ပုံးထဲကို ၀င်သွားတာပဲ။ အဲဒီတော့ မဲပြားစာအုပ်ထဲကနေ အရွက် ၁၀၀၀ ထည့်လိုက်လို့ရှိရင် ပုံးထဲမှာ ၁၀၀၀ ရှိမယ်ဆိုတော့ ဒီမှာ လိုစရာ၊ ပိုစရာ မရှိဘူး။ မဲလာပေးတဲ့လူတွေကလည်း ဒီရပ်ကွက်ထဲမှာ နေတဲ့လူ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ကျနော်တို့က ထိုင်ကြည့်လို့ရတယ်၊ စိစစ်လို့ရတယ်။ အဲဒီတော့ အဲဒီလိုနေရာမှာတော့  မသမာမှုလုပ်ဖို့ အခွင့်အလမ်းက နည်းတယ်။ သို့သော် ကြိုတင်မဲအပိုင်းမှာ လာလုပ်မလား ဒါလည်း ကျနော်တို့က စဉ်းစားစရာရှိတယ်။ "ဒါပေမယ့်လည်း ကော်မရှင်က ကျနော်တို့ တွေ့ရသလောက် ကော်မရှင်က တတိယ ဦးရဲမြင့်နဲ့ ဒီဗွီဘီ ဒီဘိတ်လုပ်တော့ အဲဒီနောက်ပိုင်း သူနဲ့ စကားပြောဖြစ်တယ်။ စကားပြောဖြစ်တော့ သူပြောတာကတော့ မဲစာရင်းတွေက အိမ်ထောင်စုစာရင်းကို အခြေခံပြီး လုပ်လိုက်တာတဲ့။ အဲဒီတော့ အဲဒါကြောင့် တော်တော်လေးကို မှားနေတာပေါ့လေ။ ဘာဖြစ်လို့တုန်းဆိုတော့ အိမ်ထောင်စုစာရင်းတွေဟာ တချို့က လူက ပြောင်းသွားတယ်၊ အိမ်ထောင်စုက ထွက်မသွားတော့ ရှိမြဲရှိနေတယ်။ အိမ်မှာက လူမရှိဘူး၊ မဟုတ်ရင်လည်း ရှိတဲ့လူက တခြားလူဖြစ်မယ်။ သို့သော် စာရင်းမှာ အိမ်ထောင်စု ထုတ်မထားတဲ့အတွက် စာရင်းအဟောင်းအတိုင်းပေါ့ အိမ်ထောင်စုစာရင်းက ပေါ်နေတယ်။ တချို့ကျတော့လည်း လူက ထွက်သွားတယ်၊ စာရင်းထွက်မသွားဘူး။ တချို့ကျတော့လည်း စာရင်းက တနေရာ လူက တနေရာ အဲသလိုပေါ့လေ အမျိုးမျိုးတွေ ဖြစ်နေတယ်။ ဖြစ်ရတာပါလို့တော့ ပြောတာပဲ။ သို့သော်တဲ့ မဲပေးတဲ့နေ့မှာတော့ ကြိုတင်မဲဆိုရင် ဘယ်သူတွေ ကြိုတင်မဲ ပေးထားတယ်၊ စာရင်းကို ပြထားမယ်တဲ့။ အဲဒီတော့ မဲရုံမှာ လာထည့်တဲ့မဲကလည်း ဒါ ကျနော်တို့အားလုံးရှေ့မှာ ထည့်မှာဆိုတော့ မဲမသမာမှု မဖြစ်အောင်တော့ သူတို့ လုပ်ထားတယ်လို့ ပြောတာပဲ။ ဒါ ကော်မရှင်ဘက်က ပြောတာ။ လက်တွေ့ကတော့ ကျနော်တို့ တကယ်မဲပေးတဲ့နေ့ကျမှပဲ မျက်မြင်ကိုယ်တွေ့ ကျနော်တို့ တွေ့ရမှာပဲ။" မဲစာရင်းမှားယွင်းမှုနဲ့ပတ်သက်လို့ ကော်မရှင်ဥက္ကဋ္ဌကစပြီး အောက်ခြေအဆင့်အထိကို  ပြည်သူလူထုက စောဒကတက်တဲ့အခါမှာ မဲပေးခွင့်ရမှာပါဆိုတဲ့ နှုတ်အားဖြင့် ကတိတွေပေးတာ တွေ့ရပါတယ်။ တချိန်တည်းမှာ မြေပြင် လက်တွေ့မှာကျတော့ မဲစာရင်းတွေ မှားယွင်းမှုတွေကြောင့်၊ တချိန် မဲပေးတဲ့နေ့ကျမှ ဆိုလို့ရှိရင် ဥပဒေအရဆိုပြီး ကိုင်တွယ်ရင်၊ အခုဟာက လက်တွေ့ စာမထုတ်ထားတော့လေ။ ပြဿ  နာမတက်နိုင်ဘူးလား။ "ပြဿနာကတော့ ဒီလိုတက်နိုင်ပါတယ်။ မဲစာရင်းမှာ မပါတဲ့လူတွေက လာပြီးတော့ တောင်းဆိုတာမျိုးတွေတော့ ဖြစ်လာနိုင်တယ်။ သူတို့ မဲပေးချင်ပါတယ်၊ သူတို့က နိုင်ငံသား၊ ကျနော်တို့မှာ မဲပေးခွင့်ရှိတယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးကို ကိုင်ပြီး တောင်းဆိုလာနိုင်တယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာကတော့ ရွေးကောက်ပွဲဥပဒေအရ  မဲစာရင်းမှာ နာမည်မပါရင် မဲပေးခွင့်မရှိဘူး။ နိုင်ငံသားတော့မှန်တယ်၊ နိုင်ငံသားဖြစ်ရုံနဲ့ မဲပေးလို့မရဘူး၊ ရွေးကောက်ပွဲဥပဒေအရ မဲစာရင်းမှာ နာမည်ပါမှ သူက မဲပေးလို့ရမှာ။ တကယ်လို့ မပါဘူးဆို ဒီနှစ်မဲပေးခွင့် ရှုံးသွားမှာပဲ၊ ရမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့ပြင်ပေးမယ် လာပါတို့ဘာတို့ ပြောနေတဲ့ကိစ္စက နာမည်ပါပြီးတော့ တခြားအချက် မှားတာကိုတော့ သူတို့က လက်ခံတယ်၊ လုပ်ပေးမယ်။ နာမည်မပါဘူးဆိုရင်တော့ သူက မဲပေးလို့ကို ရမှာမဟုတ်ဘူး။ အဲဒီတော့ နာမည်မပါတဲ့လူကို မဲပေးခွင့်ပေးလိုက်လို့ရှိရင် အရမ်းကို ရှုပ်တော့မယ် အဲဒါဆိုရင်။ မဲမသမာမှုဖြစ်ဖို့ အခွင့်အလမ်းတွေက အရမ်းများသွားပြီ။ အဲဒါကြောင့်မို့လို့ မဲမသမာမှုမဖြစ်အောင် စနစ်တကျ ထိန်းမယ်ဆိုရင်တော့ ဒီvoter list ထဲမှာ မပါလို့ရှိရင်တော့ ပေးလို့ရမှာ မဟုတ်ဘူး။" ကချင်ပြည်နယ်မှာ လွှတ်တော်အမတ် ဦးစခုံတိန့်ယိန်းက သူ့နယ်မြေအတွင်း မဲဆွယ်ခွင့်မပြုဘူးဆိုပြီး တားမြစ်တယ်၊ အန်အယ်လ်ဒီ အပါအ၀င် တားမြစ်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေက တိုင်တာတောတာရှိတယ်။ ကော်မရှင်ကလည်း ခေါ်ပြောတယ်။ ဒီကိစ္စ အရေးယူဆောင်ရွက်မှုက ဥပဒေအရ ဘာနဲ့ငြိလဲ။ ကော်မရှင်မှာ လုပ်ကိုင်ခွင့်ရှိလား။ "ကော်မရှင်မှာ မဟုတ်ဘူးဗျ၊ အဲဒီလို မဲမပေးရဘူး မဲမဆွယ်ရဘူး နှောင့်ယှက်လို့ရှိရင် ရွေးကောက်ပွဲဥပဒေအရ ထောင်ဒဏ် ၁ နှစ်ချလို့ရတယ်။ ဒဏ်ငွေ ၁ သိန်းလည်း ချလို့ရတယ်။ နှစ်ခုစလုံးလည်း ချလို့ရတယ်။ အဲဒီပြစ်မှုက ရဲအရေးပိုင်သောပြစ်မှု ဖြစ်တဲ့အတွက် ရဲကို တိုင်ရမယ်၊ ရဲကိုတိုင်လိုက်တာနဲ့ ရဲက အရေးယူကို ယူပေးရမယ်။ မယူပေးရင် ရဲရဲ့ ပျက်ကွက်မှု။ ဦးစခုံတိန့်ယိန်းအနေနဲ့ ဒီလိုပြောတာတော့ တော်တော့်ကိုမှားတယ်။ သူ မပြောရဘူး။ ကျနော်ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်တယ်။ သူ ဥပဒေကို နာခံပါ့မယ်၊ ဥပဒေအတိုင်းပဲ ဖြစ်စေရပါမယ်လို့ ပြောတယ်ဆိုတော့ သူ မကန့်ကွက်တော့ဘူးလို့တော့ ထင်ရတာပါပဲ။ ဒါပေမယ့်လို့ ကန့်ကွက်တာတော့ သူ  လုံးဝမှားတယ်။ ဒီလိုလုပ်လို့မရပါဘူး။" ကော်မရှင်ဥပဒေ ပုဒ်မ ၅၈ (ဂ) မှာ ဘာသာရေးနဲ့ လူမျိုးရေး ဆက်နွယ်ပြီး မဲဆွယ်ပြောဆိုခြင်း၊ မဲမထည့်ရန် ပြောဆိုခြင်းတွေဟာ ငြိစွန်းတယ်ဆိုတဲ့ ထောင်ဒဏ်၊ ငွေဒဏ် ပြဋ္ဌာန်းထားတယ်။ ဒါနဲ့ပတ်သက်လို့ ဘာသာရေးနဲ့ လူမျိုးရေးနဲ့ ဆက်နွယ်စည်းရုံးနေတာ မြင်နေရတယ်။ ဘာမှ အရေးယူတာ မတွေ့ရဘူး။ ဥပဒေသက်ရောက်မှု မရှိတာလား။ "ဟုတ်တယ်။ ဥပဒေကတော့ရှိတယ်။ စာအုပ်ထဲမှာ ဥပဒေကတော့ သေသေချာချာ ရှင်းရှင်းလင်းလင်းကို ရေးထားပါတယ်။ မှန်ပါတယ်။ ခုနက ပုဒ်မ ၅၈ (ဂ) မှာ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အခြေပြုလို့ မဲပေးရန်သော်လည်းကောင်း၊ မဲမပေးရန်သော်လည်းကောင်း ပြောဆိုခြင်း မပြုရဟုတဲ့။ အခုကို ပြောတာပဲဗျာ သတင်းစာမှာကို ပါလာတယ်။ မဲမပေးခင်မေးပါ၊ ဗုဒ္ဓဘာသာလား၊ ဗုဒ္ဓဘာသာမဟုတ်ရင် မဲမပေးနဲ့ ဆိုတဲ့ဟာမျိုးပေါ့ဗျာ။ အဲဒီတော့ အဲဒါဟာ ရှင်းရှင်းပြောရရင်တော့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) ကို အတိအလင်း ချိုးဖောက်တာပဲ။ အဲဒီတော့ အဲဒီလိုချိုးဖောက်ရင် အရေးယူဖို့ကိစ္စဟာ ရဲတပ်ဖွဲ့ရဲ့တာဝန်ပဲပေါ့။ အဲဒီတော့ အရေးမယူတာဟာ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပြောတာကို သဘောကျလို့လား၊ ရဲကိုပဲ အရေးမယူဖို့ ပြောထားသလား ကျနော်တို့ စဉ်းစားစရာတွေက သို့လော၊ သို့လော တွေ့ရတယ်။ ရွေးကောက်ပွဲနီးလာမှ ဘာသာရေးကို ခုတုံးလုပ်တဲ့ဟာတွေက တော်တော်များများ တွေ့လာရတယ်။ အဲဒါဟာ တော်တော်လေး ဘာသာအတွက်လည်း မကောင်းဘူး၊ တိုင်းပြည်အတွက်လည်း မကောင်းဘူး။ နိုင်ငံတကာကလည်း ဝေဖန်စရာ ဖြစ်လာတော့မယ်။ ကျနော်တို့အနေနဲ့တော့ ဒါကို ရပ်တန်းက ရပ်စေချင်တယ်ဗျာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာအတွက်ပါ။" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို ဗွီဒီယိုဓာတ်ပုံတွေမှာ တွေ့တဲ့အခါ ဥပမာ ကိုယ်စားလှယ်လောင်း ဓာတ်ပုံနံဘေးမှာ ဗိုလ်ချုပ်ပုံတို့၊ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပုံ သုံးတာနဲ့ပတ်သက်လို့ တချို့ထောက်ပြချက်တွေရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုရှိပါသလဲ။ "အမှန်တော့ မဲဆွယ်စည်းရုံးတဲ့ကာလမှာ ဥပဒေက မတားထားတဲ့ဟာတွေ ကျနော်တို့ လုပ်လို့ရပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဆိုတာ သိသာအောင်ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီကို ကိုယ်စားပြုပြီးတော့ ရွေးကောက်ပွဲဝင်တယ် ဆိုတာကို ပြည်သူလူထု သတိပြုမိဖို့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ့အဖေဆိုတော့ သူသုံးတဲ့ဟာကို ဥပဒေတခုခုနဲ့ တားမြစ်မှုလည်း မရှိဘူး။ ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းပုံသုံးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပုံသုံးတယ် ဆိုပြီးတော့ ဝေဖန်တာကတော့ အတိုက်အခံဘက်က ဝေဖန်တာပဲဖြစ်ပါမယ်။ "ဟိုးအရင်တုန်းကလည်း မဲပုံပေါ်မှာ ဦးနုပုံကပ်ပြီးတော့ ဒါ မဲတောင်းတာပဲ၊ ယူတာပဲဗျာ။ ၁၉၆၀ ရွေးကောက်ပွဲတုန်းက ဒီလိုပဲ လုပ်တာပါပဲ၊ ဒါက အဓိကအချက် မဟုတ်ပါဘူး၊ မဲပေးတာက ပြည်သူလူထုက သူကြိုက်တဲ့သူ သူ့ဘာသာသူ မဲပေးမှာပဲ။ ဆွယ်တာကတော့ ဆွယ်ကြတာပါပဲ။ အဓိကကတော့ အခုနကပြောသလို ဘာသာရေးကို အကြောင်းပြုပြီး ဆွယ်တာတို့၊ လူမျိုးရေးကို အကြောင်းပြုပြီး ဆွယ်တာတို့ အဲဒီလို ဥပဒေအရ ကန့်သတ်ထားတာကို လုပ်ရင်သာ အပြစ်ရှိတယ်။ အရေးယူလို့ရမယ်။ အဲဒီလို ကန့်သတ်ထားတာ မရှိဘူးဆိုရင် ဒါကို အပြစ်ရှိတယ်လို့ ပြောလို့မရဘူး။" ဒေါ်အောင်ဆန်းစုကြည်က ပါတီကိုမဲပေးကြပါ၊ တသီးပုဂ္ဂလကို မဲမပေးဖို့ ပြောတာတွေဟာ ငြိစွန်းမှုရှိနေမလား။ "တသီးပုဂ္ဂလ မဟုတ်ပါဘူး။ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပြီး မဲပေးပါလို့ ပြောလိုက်တဲ့စကားပါ။ အဲဒီတော့ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ပြီး မဲပေးပါလို့ ပြောတဲ့အတွက် တချို့က သတင်းစာကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်လာတာလည်း ကျနော်တို့ တွေ့ရပါတယ်။ ‘ဘာဖြစ်လို့ လူကို မကြည့်ရမှာတုန်း၊ ရွေးတာက လူကိုရွေးတာပဲ၊ လူကို ကြည့်ရမှာပေါ့' ဆိုပြီးတော့ ဒီလို ဝေဖန်တာရှိပါတယ်။ တကယ့်တကယ်တော့ ကျနော်တို့က လူကိုကြည့်ပြီးတော့ လူကကောင်းရင်တောင် ပါတီက မကောင်းလို့ရှိရင် ကျနော်တို့ မဲပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ လူကမကောင်းသည့်တိုင်၊ အရည်အချင်း အားနည်းသည့်တိုင် ပါတီက သိပ်ပြီးတော့ ကောင်းတယ်၊ တိုင်းပြည်အကျိုးကို ဆောင်နိုင်တယ်ဆိုရင် ကျနော်တို့ မဲပေးလို့ရပါတယ်။ အဓိကအချက်ကတော့ လူကိုမကြည့်နဲ့ ပါတီကိုကြည့်ဆိုတာက ဒီမိုကရေစီ အသားသေနေတဲ့ တိုင်းပြည်တွေမှာ လူကိုကြည့်ပြီး ရွေးပေးတာဟာ မှန်ပါတယ်။ "ဒါကို သီအိုရီတခုအနေနဲ့ ဒါကို ကျနော်တို့ လက်ခံပါတယ်။ သို့သော်လည်းပဲ ဒီမိုကရေစီ မရင့်ကျက်သေးဘူး။ အခုလို ကျနော်တို့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ အလွန်အမင်း ပြင်းပြင်းထန်ထန် အားထုတ်နေတဲ့ တိုင်းပြည်မျိုး၊ တနည်းအားဖြင့် တိုက်ပွဲကာလတခုကို ဖြတ်သန်းနေတဲ့ တိုင်းပြည်မျိုး။ ဒီလိုတိုင်းပြည်မျိုးမှာကျတော့ လူကိုကြည့်ပြီး ရွေးမယ်ဆိုရင်၊ မဲတွေက ပြန့်သွားရင်၊ ပါတီတခုဟာ အားနဲ့အင်နဲ့ တက်မလာနိုင်ဘူးဆိုရင် အပြောင်းအလဲဟာ လုပ်လို့ရမှာမဟုတ်ဘူး။ အပြောင်းအလဲလုပ်ဖို့ ရဖို့အတွက်ဆိုလို့ရှိရင် ပါတီတခုကို ပြည်သူလူထုက အင်ပြည့်အားပြည့် ထောက်ခံမှုပေးမှ ကျနော်တို့က လုပ်လို့ရမယ်။ ဒါကြောင့်မို့လို့ လူကိုမကြည့်ပါနဲ့၊ ပါတီကိုကြည့်ပြီး မဲပေးပါလို့ ပြောတာပါ။ ဒါနဲ့ပတ်သက်ပြီး သာဓကလည်း ရှိပါတယ်။ ဥပမာ ၁၉၄၆ နှောင်းပိုင်း  ၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းက ပြောတာရှိပါတယ်။ ‘ဖဆပလကို မဲပေးကြပါ၊ လူကိုမကြည့်ပါနဲ့ ဖဆပလပါတီကိုသာ မဲပေးကြပါ၊ သူ တနှစ်အတွင်း လွတ်လပ်ရေးရအောင် လုပ်ပေးမယ်’ ဆိုပြီးတော့ ဒီလို ပြောခဲ့ဖူးတယ်။ အဲဒီတော့ ဆိုလိုတာက ဖဆပလကို လူထုက ပြုံပြီးတော့ မဲပေးလိုက်တဲ့အတွက် ဖဆပလဟာ အင်္ဂလန်သွားပြီးတော့၊ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလန်သွားပြီးတော့ လွတ်လပ်ရေးတောင်းတဲ့ အခါမှာ သူ အထက်ကနေ ပြောလို့ရခဲ့တယ်။ တနှစ်အတွင်းလည်းပဲ တကယ့်ကို လွတ်လပ်ရေးပေးပါ့မယ်လို့ ကတိက၀တ်ရခဲ့တယ်။ လွတ်လပ်ရေးလည်း ရခဲ့ပါတယ်။ ဒါ သာဓကပေါ့ဗျာ။ အခုလည်းပဲ ကျနော်တို့ တိုင်းပြည်ဟာ ဒီအာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ဖို့အတွက် ရုန်းထွက်နေတဲ့၊ ကြိုးပမ်းနေတဲ့ အချိန်ကာလမျိုး ဖြစ်နေတယ်။ အဲဒီတော့ တိုင်းပြည်ကို တကယ်ပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ပါတီတခု အင်နဲ့အားနဲ့ဖြစ်သွားအောင် ထောက်ပံ့ပေးဖို့ လိုတယ်။" မဲဆွယ်စည်းရုံးစဉ်မှာ ယာဉ်တွေ၊ ဆိုက်ကား၊ ဆိုင်ကယ်တွေမှာ အလံတွေ တံခွန်တွေ ထောင်တာကရော ညိစွန်းမှု တစုံတရာရှိနိုင်သလား။ “အဲဒါလည်း ဥပဒေအရ မတားထားပါဘူး။ ကျနော်တို့ မဲဆွယ်တဲ့အခါမှာ အဓိကအချက်က အဲဒီကုန်ကျစရိတ်တွေကို ကျနော်တို့က စာရင်းထဲမှာ ထည့်ပေးဖို့ လိုပါတယ်။ အဲဒီတော့ ဒီနေရာမှာ ၂ ပိုင်းရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းက သူမဲဆွယ်စည်းရုံးတာကို လူတွေသတိပြုမိအောင်ဆိုပြီးတော့ ဆိုက်ကားငှားပြီးတော့မှ သုံးတယ်ဆိုရင် ငှားတဲ့အခကို ကုန်ကျစရိတ်ထဲမှာ ထည့်ပြီးတော့ ပြရမယ်၊ မပြလို့မရဘူး။ ငွေကြေးထိမ်ချန်တဲ့သဘောဖြစ်သွားမယ်။ “အခုဖြစ်နေတာက တမျိုး၊ တချို့ဟာကျတော့ ဆိုက်ကားတွေမှာ အလံထောင်တာကလည်း စီးပွားရေးသမားကလည်း စတစ်ကာတွေ၊ အလံတွေကို အခုရောင်းတယ်ဗျ။ အဲဒီတော့ ပြည်သူလူထုကလည်း သူ့သဘောနဲ့သူ ၀ယ်ပြီးတော့မှ အန်အယ်လ်ဒီအတွက် ကမ်ပိန်းလုပ်တာတွေရှိတယ်။ အဲဒီ ၂ ခုကတော့ ကျနော်တို့က ခွဲရမယ်။ တရားဝင်မဲဆွယ်ခွင့်ပေးထားတဲ့ ရက်ပေါင်း ၆၀ အတွင်းမှာတော့ လွတ်လွတ်လပ်လပ်မဲဆွယ်နိုင်တယ်။ တချက်တည်းပဲ ဥပဒေက ဒါတွေ မလုပ်ရဘူးလို့ ပြောထားတဲ့ ကိစ္စမျိုးကလွဲရင် ကျန်တာကိုယ်ကောင်းမယ်ထင်သလို မဲဆွယ်လို့ရပါတယ်။ အဓိကက တဖက်ကို မတိုက်ခိုက်ဖို့၊ တဖက်ကို မပုတ်ခတ်ဖို့။ ဘာသာ၊ သာသနာကို ခုတုံးမလုပ်ဖို့၊ လူမျိုးကိုခုတုံးမလုပ်ဖို့ ဒါတွေပဲ ဥပဒေအရ တားထားတော့ အဲဒီ တားထားတာနဲ့ မငြိစွန်းဘူးဆိုရင်တော့ မိမိကြိုက်တဲ့နည်းနဲ့ မဲဆွယ်လို့ရပါတယ်။” နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့ဆိုတော့ မဲဆွယ်စည်းရုံးကာလက ဘယ်အချိန်ကာလမှာ အဆုံးသတ်နားရမလဲ။   “မဲဆွယ်စည်းရုံးတဲ့ရက်ကို ကော်မရှင်က ကြေညာပြီးပါပြီ။ သတိမထားမိလိုက်လို့ဖြစ်ပါလိမ့်မယ်။ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီအထိပါပဲခင်ဗျ။ ၇ ရက်နေ့က silent day လို့ခေါ်ပါတယ်။ အဲဒီနေ့ တနေကုန်လုံးဝတိတ်နေမယ် မဲဆွယ်စည်းရုံးတာ မလုပ်ရတော့ဘူး။ ပြီးတာနဲ့ ၈ ရက်နေ့က ရွေးကောက်ပွဲလုပ်မယ်။ အဲဒီတော့ နောက်ဆုံး မဲဆွယ်နိုင်မယ့်ကာလက နိုဝင်ဘာလ ၆ ရက်နေ့အထိပဲ မဲဆွယ်လို့ရမယ်။  အဲဒီနောက်ပိုင်းမှာ မဲဆွယ်တဲ့အလုပ် လုပ်လို့မရတော့ပါဘူး။ နောက်ပိုင်းလုပ်လို့ရှိရင် သူက တရားမဲ့ပြုကျင့်မှု ဖြစ်သွားမယ်။ တားထားတာကို သူက သွားလုပ်လိုက်တဲ့အတွက်။ အဲဒီလို သတ်မှတ်ထားတဲ့အချိန်ထက် ကျော်လွန်ပြီး မဲဆွယ်တဲ့အကြောင်းကြောင့် သူက နိုင်ခဲ့ရင်တောင် သူက တရားမဲ့ပြုကျင့်ပြီးတော့မှ အနိုင်ယူတာဖြစ်ပါတယ်ဆိုပြီး စွပ်စွဲပြီးတော့ အဲဒီအနိုင်ရတဲ့အမတ်ကို ပြန်ဖြုတ်ချလို့ရတယ်။ အမှုဖွင့်ပြီးတော့ ဖြုတ်လို့ရတယ်။” ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ကမောက်ကမအပါအ၀င် ကျန်တဲ့ လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး မြင်ကြားတွေ့ရှိသမျှကို မှတ်ချက်အကျဉ်းချုပ်ပြောပေးပါခင်ဗျာ။ “အခုလောလောဆယ် ကျနော့်အနေနဲ့ မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီးတော့ မှတ်ချက်ပေးရမယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီအကူးအပြောင်းကာလ ၁၉၆၀ နောက်ပိုင်း ပထမဦးဆုံး အကြီးအကျယ်ပြိုင်ဆိုင်မှုရှိတဲ့ ရွေးကောက်ပွဲတပွဲမှာ အခြေခံအကျဆုံးဖြစ်တဲ့ မဲစာရင်းတော်တော်လေးမှားတာဟာ ကျနော်တို့တိုင်းပြည်ရဲ့ ပုံရိပ်ကို တော်တော်ကျတယ်။ ကော်မရှင်ဟာ အရည်အချင်း အလွန်အားနည်းတဲ့ ကော်မရှင်ဖြစ်တယ်ဆိုတဲ့ ပုံပေါ်နေတယ်။ အဲဒါ သမ္မတမှာ တာဝန်ရှိတယ်။ ဘာကြောင့်လဲဆို ဒါ သမ္မတကြီး ခန့်ထားတဲ့ ကော်မရှင်ဖြစ်နေတဲ့အတွက်ပေါ့ဗျာ အဲဒါမှတ်ချက်ပေးချင်ပါတယ် တခု။ နောက် ဒုတိယတခုက ရွေးကောက်ပွဲမှာ ဘာသာရေးကို ခုတုံးမလုပ်ရဘူးလို့ အတိအလင်းဥပဒေတွေ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ကြားထဲကနေပြီးတော့ အဲဒီဥပဒေကို ဂရုမစိုက်ဘဲနဲ့ အစုအဖွဲ့တခုက ဘာသာရေးကို အသုံးချပြီးတော့မှ ဒီရွေးကောက်ပွဲမှာ ဘာသာရေးကို ခုတုံးလုပ်ပြီးတော့မှ ဆွယ်တာတွေ၊ ဟောတာတွေ၊ ပြောတာတွေ လုပ်နေတာကို အပြစ်မပေးဘဲနဲ့ ကြည့်နေတဲ့ကိစ္စကလည်း နိုင်ငံတကာက ကျနော်တို့တိုင်းပြည်အပေါ်မှာ အတော်လေး အထင်အမြင်လွဲမှားမှု ဖြစ်နိုင်တယ်။ တိုင်းပြည်ရဲ့ပုံရိပ်ကို တော်တော်လေးထိခိုက်စေတယ်လို့ အဲဒီလိုမှတ်ချက်ပေးချင်ပါတယ်။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024