Homeမြန်မာသတင်း
တပ်မတော်သားများ ဘယ်သူ့ကိုမဲပေးရမည်ဆိုတာ ညွှန်ကြားခြင်းမရှိဟု ကာကွယ်ရေးဦးစီးချုပ် ပြော
တပ်မတော်သားများ ဘယ်သူ့ကိုမဲပေးရမည်ဆိုတာ ညွှန်ကြားခြင်းမရှိဟု ကာကွယ်ရေးဦးစီးချုပ် ပြော
နေဖြိုးဝင်း
·
September 22, 2015
ရွေးကောက်ပွဲမှာ တပ်မတော်သားတွေကို ဘယ်သူ့ကို မဲပေးရမယ်ဆိုပြီး ညွန်ကြားထားတာ မရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ခန်းမမှာ ပြုလုပ်တဲ့ မီဒီယာများနဲ့ တွေ့ဆုံပွဲ အခမ်းအနားမှာ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည် ဖြေကြားတာ ဖြစ်ပါတယ်။
တိုင်းပြည်ကို ကောင်းအောင်လုပ်ပေးမယ့်သူ၊ တို့တာဝန်အရေး ၃ ပါးကို ကာကွယ်တဲ့သူ၊ တပ်မတော်အပေါ်မှာ နားလည်တဲ့သူတွေကို စဉ်းစားရွေးချယ်ဖို့ လိုတယ်လို့လည်း တပ်မတော် အကြီးအကဲက ပြောပါတယ်။
တပ်မတော်က ရွေးချယ်ပေးရမယ့် ဒုတိယသမ္မတလောင်းနဲ့ ပတ်သက်ပြီး ဒီဗွီဘီရဲ့ မေးမြန်းချက်ကို လည်း လောလောဆယ်မှာတော့ ရွေးချယ်ထားတာ မရှိသေးပေမယ့် အတွေ့အကြုံရှိတဲ့သူ ဖြစ်ရင် ပို ကောင်းတယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ တွေ့ဆုံပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံစာဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ၊ မြန်မာနိုင်ငံသတင်းသမားများကွန်ရက်၊ နိုင်ငံခြား သတင်းထောက်များအသင်းနဲ့ ပြည်တွင်းသတင်းမီဒီယာ ၁၁ ခု ပါဝင်ခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲကိစ္စတွေနဲ့ တပ်မတော် အရာရှိတွေ ၀န်ကြီးဌာနပြောင်းရွှေ့တာတွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။