စစ်အာဏာရှင်စနစ် အလိုမရှိ
DVB
·
September 17, 2015
မြန်မာနိုင်ငံတွင် ကျားကုတ်ကျားခဲဖြင့် ရှင်သန်နေသောစစ်အာဏာရှင်စနစ်သည် အသွင်တမျိုးဖြင့် ပြည်သူကို မျက်လှည့်ပြကာ အာဏာကို ထိန်းထားဆဲ ဖြစ်ပါသည်။ Institution များတွင် စနစ်အကျဆုံး၊ စည်းကမ်းအရှိဆုံး၊ အထက်အောက်အမိန့်ပေးရာတွင် အခိုင်မာဆုံးဖြစ်သော စစ်တပ်မှ အစီအစဉ် တကျ နှစ်နဲ့ ချီပြီး စစ်အုပ်ချုပ်ရေးခိုင်မြဲအောင် ပြုလုပ်ခဲ့သဖြင့် သူတို့နဲ့ ယှဉ်ပြိုင်ရာတွင် လွယ်လွယ်ကူကူ ပေါ့ပေါတန်တန် ဘာမှ လုပ်၍ မရပေ။ အထူးသဖြင့် အန်အယ်လ်ဒီနဲ့ အန်အယ်လ်ဒီဥက္ကဋ္ဌသည် စစ်အုပ်စုနဲ့ ဆက်ဆံရာတွင် ပေါ့ပေါ့တန်တန် သဘောထား၏။ အမျိုးသားရင်ကြားစေ့ရေးဆိုသည်ကို ကြွေးကြော်ကာ လက်တွေ့ဘာမှ မလုပ်နိုင်ပဲ စစ်အာဏာရှင်တို့၏ လှည့်ဖြားခြင်းကို ခံနေရပါသည်။ ထို့ပြင် နှစ်ရှည်ထောင်ကျခဲ့သော ပြည်သူများ အားထားသည့် ၈၈ မျိုးဆက်များမှာလည်း ထောင်မှ ထွက်လာပြီးနောက် နိုင်ငံရေးနဲ့ ကင်းကွာခဲ့လေသည်။ စာကြည့်တိုက် ဆောက်ခြင်း၊ ဆွမ်းလောင်းအသင်းဖွဲ့ခြင်း၊ စစ်ပြေးဒုက္ခသည်များကို ကူညီခြင်းတို့အား အမြင့်ဆုံး နိုင်ငံရေးလုပ်ဆောင်မှုအဖြစ် သဘောထားခဲ့သောကြောင့် လူထုထောက်ခံမှု တ၀က်မက၊ ၄ ပုံ ၃ ပုံမက ထောက်ခံမှု ကျဆင်းသွားခဲ့သည်ကိုသူတို့ ယခုအထိ သဘောမပေါက်ကြသေးပေ။
၂ဝ၁ဝ တွင် ဘောင်းဘီချွတ်ပြီး တောင်ရှည်ပုဆိုးဝတ်လိုက်သော စစ်ဗိုလ်ချုပ်များသည် အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက်များ မျက်စိလည်အောင် အမျိုးမျိုး ပြသခဲ့သည်။ နှုတ်ချိုသော စစ်ဗိုလ်ချုပ်များကို ပါတီ ဖွဲ့ခိုင်း၊ အုပ်ချုပ်ရေးယန္တယား တာဝန်ယူခိုင်းလိုခိုင်းနဲ့ လုပ်ဆောင်ပြခဲ့သည်။ အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်ကာ ဒေါ်စုသည် ပထမ ဦးသိန်းစိန်နဲ့ ပေါင်းဖို့ ကြိုးစား၏။ ဦးသိန်းစိန်က ထင်သလို ပေါင်းမရသောအခါ ဦးရွှေမန်းနဲ့ သွားပေါင်းသည်။ ထို့ကြောင့် ဦးရွှေမန်းကို အယုံကြည်ရဆုံးဟု ဒေါ်စုက ပြောသလို ဦးသိန်းစိန်ကို မယုံကြည်ရဆုံးဟု ပြောဆိုခဲ့လေသည်။ ကျောင်းသားပြည်သူများကို စိတ်ရောကိုယ်ပါ ပွေ့ဖက်ရမည့်အစား တချိန်လုံး ဖိနှိပ်လာခဲ့သူများကို သွားမျှော်လင့်နေသဖြင့် အန်အယ်လ်ဒီမှာ ကျဆင်းနေသော ဂုဏ်သိက္ခာကို ပြန်ကောက်နေရလေသည်။ ဤသို့ဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ နီးသထက်နီးလာလေပြီ။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို လုံးဝပစ်ပယ်သွားခြင်းမရှိသေးပေ။ နှစ်ပေါင်းများစွာ အဖိနှိပ်ခံလာရသော စစ်အာဏာရှင်စနစ်ဆိုးကြောင့် ရေနစ်နေသူ ကောက်ရိုးမျှင်ကို ဖက်တွယ်သကဲ့သို့ အန်အယ်လ်ဒီများ အာဏာရမလားဟု ဖက်တွယ်နေကြခြင်းဖြစ်သည်။ ထိုသို့ ဖက်တွယ်နေရသည်မှာလည်း အားကိုးလောက်စရာ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီ မရှိသောကြောင့်ဖြစ်၏။ အန်အယ်လ်ဒီအပေါ် ပြည်သူ၏ အားထားမှုမှာ ၁၉၅၈ ခုနှစ် တည်မြဲနဲ့ သန့်ရှင်းအကွဲ၊ ဗိုလ်နေဝင်း၏ အိမ်စောင့်အစိုးရကို အာဏာပေးလိုက်ပြီးနောက် စစ်တပ်ကို ပြည်သူရွံရှာစက်ဆုပ်သွားသည့်အဖြစ်နဲ့ တူနေပါသည်။
၁၉၅၈ ခုနှစ်တွင် ၁ဝ နှစ်သက်တမ်းရှိ ဖဆပလအစိုးရတွင် အကြီးအကဲ ကွဲပြဲခဲ့လေသည်။ အထူးသဖြင့် ပါတီတွင်း အာဏာလုပွဲနဲ့ စားခွက်လုပွဲကြောင့် ဖြစ်သည်။ ဦးနု သခင်တင်အုပ်စုနှင့် ဦးကျော်ငြိမ်း အုပ်စုကွဲသွားခြင်း ဖြစ်သည်။ လက်ယာအစွန်းရောက်အုပ်စုနဲ့ သာမန်လက်ယာအုပ်စုတို့ ကွဲကြခြင်း ဖြစ်သည်။ နှစ်စုစလုံးမှာ နယ်ချဲ့အမေရိကန်အစိုးရ၏ လက်ဝေခံဖြစ်လိုကြ၏။ တစုမှာ အမေရိကန်နယ်ချဲ့သမားကို လုံးဝ မှီခိုလိုကြပြီး တစုမှာ ဆိုရှယ်လစ်နိုင်ငံများနဲ့လည်း သံတမန်ဆက်ဆံရေးရှိရမည်ဆိုသည့် ဘန်ဒေါင်းမူကို စွဲကိုင်လိုကြသည်။ ဦးကျော်ငြိမ်းတို့အုပ်စုက ကွန်မြူနစ်ဆိုလျှင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ဖြစ်ကာ ဦးနုတို့က ကွန်မြူနစ်များက အလျော့ပေးလျှင် အသက်ချမ်းသာခွင့်တော့ပေးမည်ဆိုသည့် သဘော ရှိ၏။ ထိုအချိန်က စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များမှာ ကွန်မြူနစ်ဆန့်ကျင်ရေး သဘောထားတင်းမာသူများဖြစ်၏။ ထိုသို့ ဖဆပလ အကွဲအပြဲတွင် စစ်တပ်အာဏာ ရယူလိုက်ကတည်းက သူတို့၏ မင်းသားရုပ်မှာ ကွာကျသွားပြီး ပြည်သူဆန့်ကျင်ရေး၊ ကွန်မြူနစ်ဆန့်ကျင်ရေး ဇာတိရုပ်ပေါ်လာပါသည်။ အိမ်စောင့်အစိုးရသည် မကြုံဖူးလောက်အောင် နိုင်ငံရေးအကျဉ်းသားများအား ကိုကိုးကျွန်း စပို့ပါတော့သည်။ လယ်ယာသမားများပင် မျက်လုံးပြူးကုန်ကြသည်။ ဗကပ၊ အလံနီ၊ ဆိုရှယ်နီတို့ဖြစ်၏။ တစ်ချိန်တည်းတွင် မြို့သစ်များကို မိုးပေါ်က ကျလာသလို ချက်ချင်း တည်ဆောက်ကာ ပြည်သူကို ရွံ့တော၊ ဗွက်တောထဲ အဓမ္မပို့ဆောင်ခဲ့၏။ စစ်အုပ်ချုပ်ရေးဖြင့် ပြည်သူကို ခေါင်းမဖော်နိုင်အောင်၊ မလှန်ရဲအောင် ပြုလုပ်ခဲ့သည်။ စီးပွားရေးလုပ်ပိုင် ခွင့်များကိုလည်း စစ်တပ်က BEDC၊ DSI၊ အင်းဝဘဏ်စသည့် စစ်တပ်လုပ်ငန်းများ ဖွဲ့စည်းကာ စီးပွားရေး လောကထဲ ဝင်လာခဲ့၏။ DSI ဆိုလျှင် ထိပ်တန်းစစ်ဗိုလ်ချုပ်များက အစုရှယ်ယာ သိန်းချီ ထည့်ဝင်ကာ လုပ် ကိုင်ခဲ့ခြင်းဖြစ်၏။ ထိုသည်ကိုလည်း အမျိုးသားအရင်းရှင်များက မကြိုက်ကြပေ။ သူတို့ လုပ်ပိုင်ခွင့်များကို ဝင်လုသလို ဖြစ်နေပြီး ပြည်သူလူထုကလည်း မျက်စိလည်သွားကြသည်။ သို့သော် ဗိုလ်နေဝင်းသည် သူပေး ထားသော ကတိအတိုင်းနောက် ၂ နှစ် အကြာတွင် ရွေးကောက်ပွဲ လုပ်ပေးလေသည်။ ပြည်တွင်းစစ်ဒဏ်ခံ နေရသောသ ပြည်သူ၊ ၂ နှစ်အတွင်း စစ်အုပ်ချုပ်ရေးကို ခါးခါးသီးသီး ဖြစ်နေသော လူထုသည် ထိုစစ်ဗိုလ် ချုပ်များ၏ ထောက်ခံမှုကို ရရှိထားသော တည်မြဲဖဆပလ၊ စစ်ဗိုလ်ချုပ်များနဲ့ တသားတည်း ဖြစ်နေသော ဦးကျော်ငြိမ်းတို့အုပ်စုကို နာနာကြည်းကြည်း ဖြစ်သွားသောကြောင့် ၁၉၆ဝ ရွေးကောက်ပွဲတွင် ဦးနု၏ သန့် ရှင်း ဖဆပလတဖြစ်လည်း ပြည်ထောင်စုပါတီကို မဲပုံအောထည့်ခဲ့သည့် သာဓကလည်း ရှိခဲ့ဖူးလေသည်။
ထိုသာဓက၏ ရိုက်ခတ်ချက်အဖြစ်နဲ့ ၁၉၉ဝ ပြည့်ရွေးကောက်ပွဲကို သုံးသပ်ကြည့်ဖို့ လိုပါသည်။ စစ်အာဏာရှင်စနစ်အပေါ် ပြည်သူဘက်လောက် နာကြည်းစက်ဆုပ်သလဲ ဆိုသည်မှာ ၁၉၆ဝ ရွေးကောက်ပွဲ ပြယုဂ်၊ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲပြယုဂ်များက သက်သေပြခဲ့ပြီးဖြစ်သည်။ ထိုသည်ကို အန်အယ်လ်ဒီက သဘောပေါက်ပုံ မရပေ။ ပြည်သူက မိမိကို ချစ်သည် မုန်းသည်ထက် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှု ကို ရွံရှာ စက်ဆုပ်နေခြင်းကြောင့် ဖြစ်သည်ကို သဘောပေါက်ဖို့လို၏။ စစ်အာဏာရှင်စနစ်ကို ရွံရှာ စက်ဆုပ်နေချိန်၌ မိမိတို့၏ ဆန္ဒမဲများကို အသုံးချလာခြင်းဖြစ်ပါသည်။ “ငါတို့တော်လွန်း၍” ဟုမိမိတို့ ကိုယ်မိမိတို့ အထင်ကြီးလွန်းလျှင် သမိုင်းတရားခံများ ဖြစ်သွားပေလိမ့်မည်။ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတုန်းကဆိုလျှင် အန်အယ်လ်ဒီပါတီ တည်ထောင်ခဲ့သည်မှာ ၁ နှစ်ကျော်ကျော် ၂ နှစ်နီးပါးသာ ရှိလိမ့်ဦးမည်။ ဒေါ်အောင် ဆန်းစုကြည် ဒီမိုကရေစီခေါင်းဆောင် ဖြစ်သည်မှာလည်း ၂ နှစ်ခန့်သာ ရှိပေဦးမည်။ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်များ ပြည်သူ့ရင်ထဲ ရောက်နေသည်မှာလည်း ၂ နှစ်ခန့်သာ ရှိပေမည်။ ထိုနိုင်ငံရေးသက်တမ်း၊ နိုင်ငံရေးခေါင်းဆောင်မှု အရည်အချင်း စသည်တို့ထက် ၁၉၅၈ ခုနှစ်က စစ်အုပ်ချုပ်ရေးအနိဋ္ဌာရုံများ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ အထိ စစ်အုပ်ချုပ်ရေး၏ ညှဉ်းပန်းနှိပ်စက်မှုများကို နာကြည်းချက်များကြောင့် အန်အယ်လ်ဒီကို ပုံအောမဲထည့်ခဲ့သည်အား နားလည်ဖို့ လိုပါသည်။ လူထုသည် ဆဲဗင်းဂျူလိုင် လူသတ်ပွဲကြီးကို မမေ့နိုင်သလို ပြည်တွင်းစစ်ကြီး၏ ခါးသီးနာကျည်းဖွယ်ရာများကိုလည်း မကျေနပ်ကြ၊ ငြိမ်းချမ်းရေးကိုလည်း ရလိုကြ၏။ ထို့ပြင် ၁၉၇၄-၇၅ ကာလများက စစ်အာဏာရှင်တို့ ရက်စက်စွာ ဖိနှိပ်ညှဉ်းပန်းခဲ့ပုံများကိုလည်း စက်ဆုပ်နေကြသည်။ အဆိုးဆုံးမှာ ၁၉၈၈ အရေးတော်ပုံကြီးတွင် ပြည်သူများ သွေးချောင်းစီး အသတ်ခံရမှုအပေါ် ရင်ထဲ အသည်းထဲတွင် ဓားဖြင့် စိုက်ထိုးထားသကဲ့သို့ နာကျင်နေသောကြောင့် ရရှိလာသော အခွင့် အရေးတွင် ၁၉၆ဝ ၌ ပထစပါတီအား မဲထည့်လိုက်ကြသလို ၁၉၉ဝ တွင်လည်း အန်အယ်လ်ဒီကို မဲထည့်ကြခြင်းဖြစ် သည်။ ၁၉၉ဝ ခုနှစ် အန်အယ်လ်ဒီပါတီနဲ့ ၁၉၆ဝ ခုနှစ် ပထစပါတီတို့သည် စစ်အာဏာရှင်စနစ် တိုက်ခိုက်ရေးအပေါ် အလေးထားခဲ့ကြလေသည်။ ပြည်သူလူထုဖို့ ဒီမိုကရေစီပန်းတိုင်မှာ ရောင်စုံမီးတွေ တထိန်ထိန်ဖြင့် တောက်ပနေသည်ဟု ရည်မှန်းချက် မထားပေ။ စစ်အာဏာရှင်စနစ်ပြိုလဲဖို့သာ ရည်မှန်းချက်ထားကြလေသည်။ ယခုလည်း ပြည်သူလူထု ရင်ထဲထိုစိတ်တည်ရှိနေ ပါသည်။ ယခု ၂ဝ၁၅ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ရော၊ ဒီမိုကရေစီလှုပ်ရှား တက်ကြွသည့် နိုင်ငံရေးပါတီများရော စစ်အာဏာရှင်စနစ် လုံးဝပြိုကျသွားရေး ရည်မှန်းချက်နဲ့ ကြွေးကြော်သံကိုသာ အခိုင်အမာ ကိုင်စွဲပြီး လက်တွေ့လည်း စည်းရုံးလှုံ့ဆော်ပြနိုင်လျှင် ရွေးကောက်ပွဲမှာ အနိုင်ရမှာ သေချာကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါသည်။
ထက်မြက်