Home
မြန်မာသတင်း
ပြည်သူ့လိုလားချက် ဖော်ဆောင်ပေးမည့် ကိုယ်စားလှယ်များရွေးချယ်ရန် သမ္မတတိုက်တွန်း
DVB
·
September 15, 2015
လာမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးရာမှာ မိမိတို့ကို အမှန်တကယ် ကိုယ်စားပြုမယ့် ပြည်သူတွေရဲ့ လိုလားချက်တွေကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်တဲ့ အရည်အသွေးရှိတဲ့ လူထုကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ဖို့ အထူးအရေးကြီးတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာဖြစ်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုများဖြင့်သာ နိုင်ငံသား အားလုံးမျှော်မှန်းတဲ့ ဒီမိုကရေစီထွန်းကားပြီး ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တရပ် တည်ဆောက်ရေးကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက ဆောင်ကြဉ်းပေးနိုင်မယ်လို့ လည်းပြောသွားပါတယ်။ သမ္မတ ဦးသိန်းစိန်က “ မကြာမီ ကျင်းပတော့မည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်ကြီးမားသည့် အဆင့်တဆင့် ဖြစ်စဉ်တရပ် ဖြစ်ပါသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲများ ဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန် ကူညီ ဆောင်ရွက်မည် ဖြစ်ပြီး အနာဂတ် နိုင်ငံတော်သစ်တရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန် အတွက် မဲဆန္ဒရှင် ပြည်သူများ အားလုံးကလည်း တာဝန် ကျေပွန်ကြရန် လိုအပ်ပါသည်”လို့ ပြောပါတယ်။ ဒါ့ပြင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု တာဝန်ယူမှုများ ရှိပါမှ ဒီမိုကရေစီသည် အမြဲသက်ဝင် ရှင်သန်နိုင်မှာဖြစ်တဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသားအားလုံးကို ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ အပ်နှင်းထားပြီး ဖြစ်ကြောင်းလည်းပြောပါတယ်။ မြန်မာနိုင်ငံဟာ ဓလေ့ထုံးတမ်း ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံရှိတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ နိုင်ငံဖြစ်လို့ မဲဆွယ်စည်းရုံးရာမှာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်နစ်နာစေအောင် မလုပ်ဖို့လည်း  နိုင်ငံရေး ပါတီတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကို သတိပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့တာ ၅ နှစ်မြောက် ရှိပြီဖြစ်ပြီး  ဒီနှစ်မှာလည်း နေပြည်တော်ရှိ လွှတ်တော် သဘင်ဆောင်မှာ ကျင်း ပဖို့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024