Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးလမ်းမှာ စမ်းတ၀ါးဝါးလျှောက်ရင်း ဒီအဆင့်ထိရောက်လာတာပါ - ပဒို စောကွယ်ထူးဝင်း
အေးနိုင်
·
September 4, 2015
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို ကေအန်ယူနဲ့ သုံးဖွဲ့က သီးခြားခွဲပြီး လက်မှတ်ထိုးမယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ထုတ်ပြန်ချက်ကို နားလည်မှု မှားယွင်းတာဖြစ်ကြောင်းနဲ့ သီးခြားခွဲပြီး လက်မှတ်ရေးထိုးမှုဟာ လက်တွေ့မကျဘူးလို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။ အဆိုပါ လေးဖွဲ့က ရရှိပြီးဖြစ်တဲ့ စာချုပ်ပါ အချက်တွေကို လက်ခံတာကြောင့် တဖွဲ့ချင်းအလိုက် လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး သဘောထားတူသူတွေ စုပေါင်းထုတ်ပြန်ချက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ ကေအန်ယူ ထိပ်တန်းခေါင်းဆောင်လည်းဖြစ်၊ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်လည်းဖြစ်တဲ့ ပဒို စောကွယ်ထူးဝင်းကို မကြာသေးခင်က ချင်းမိုင်မြို့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် အစည်းအဝေးအပြီးမှာ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သြဂုတ် ၂၁ ရက်ကနေ ၂၄ ရက်နေ့ထိ ထိပ်သီးဆွေးနွေးပွဲမှာ ဘာဖြစ်ထွန်းတိုးတက်မှုတွေ ရှိခဲ့ပါသလဲ။ “အဓိကကတော့ ဒီလေးရက်တာ အစည်းအဝေးပွဲကတော့ ကျနော်တို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ (အက်စ်ဒီ) က ယူပီဒဗလျူစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့) နဲ့ ကိုးကြိမ်မြောက် အစည်းအဝေးမှာ သွားပြီးတော့ ညှိနှိုင်းလို့ သဘောတူညီမှု ရလာခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာပါတဲ့ ကျန်နေတဲ့ အချက်တွေရယ်၊ နောက်တခုကတော့ ကျနော်တို့ ညှိနှိုင်းလို့မရတဲ့ အချက်တွေရယ်အပေါ်မှာ ဖြစ်တဲ့ အကုန်လုံးပါရေးမူ ဆိုတဲ့ကိစ္စ အဓိက နှစ်ချက်ကို ကျနော်တို့ ဆွေးနွေးကြတယ်။ ဒီ အက်စ်ဒီက သူတို့ရရှိလာတဲ့ရလဒ်ကို ပြန်လည်တင်ပြတယ်၊ ဆုံးဖြတ်ချက်ဒါကို ကျနော်တို့ အစည်းအဝေးကနေ အတည်ပြုတယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ အကုန်လုံးပါရေးမူ ဆိုတဲ့ကိစ္စကို ကျနော်တို့ ၂ ပိုင်းရှိပါတယ်။ တပိုင်းကတော့ အက်စ်ဒီကနေ ထိပ်သီးခေါင်းဆောင်တွေရဲ့ တာဝန်ပေးချက်အရ အစိုးရနဲ့ သွားညှိတယ်။ ညှိလို့ သဘောတူညီမှု မရခဲ့တဲ့အပေါ်မှာ ထိပ်သီးခေါင်းဆောင်တွေကို ပြန်တင်ပြတယ်။ မတင်ပြခင်မှာ အက်စ်ဒီက တဖွဲ့ချင်းက ဒီ ရရှိလာတဲ့ ရလဒ်နဲ့ အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ရလဒ်နဲ့ အကုန်လုံးပါရေးမူဆိုတာ တဖွဲ့ချင်းစီရဲ့ သဘောထား ဆုံးဖြတ်ချက်ကို တောင်းယူလာခဲ့တဲ့အပေါ်မှာ ကျနော်တို့ တဖွဲ့ချင်းကနေပြီးတော့ သူ့သက်ဆိုင်ရာ အဖွဲ့အစည်းကို ပြန်လည်တင်ပြတယ်။ ပြီးလို့ရှိရင် ကျနော်တို့ ဒီမှာလာပြီးတော့ တဖွဲ့ချင်းရဲ့သဘောထားကို ပြန်လည်တင်ပြတယ်။ ဒီသဘောထား အမြင်ပေါ်မှာ ကျနော်တို့ ပြန်လည်စုပေါင်းပြီးတော့၊ ဆုံးဖြတ်ပြီးတော့ ရှေ့ ဘယ်လိုဆက်သွားမလဲ ဆိုတဲ့ကိစ္စ။ ရှေ့ဆက်သွားရမယ့် ကိစ္စကတော့ ကျနော်တို့ မူလအစီအစဉ်ရှိထားတဲ့အတိုင်း အက်စ်ဒီသွားညှိလို့ မရလို့ရှိရင် ကျနော်တို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့အပြင် ကျနော်တို့ ဒီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲက အဖွဲ့ကြီး ၅ ဖွဲ့၊ ၅ ဖွဲ့ထဲက ထိပ်သီးခေါင်းဆောင် ၅ ဦးနဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင် ၃ ဦး ပေါင်းပြီးတော့ နိုင်ငံတော်သမ္မတနဲ့ သွားတွေ့ဆုံဖို့အတွက် ဦးအောင်မင်းကတဆင့် တင်ပြထားတဲ့အပေါ်မှာ ဒါကလည်း ဖြစ်နိုင်တဲ့အပေါ်မှာ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေး ဖြစ်ပါတယ်။" ဒီထိပ်သီးဆွေးနွေးပွဲက သုံးရက်သတ်မှတ်ထားပေမယ့် ဘာတွေကို ကျေကျေလည်လည် ဆွေးနွေးရလို့ ရက်တွေ တိုးဖြစ်ခဲ့တာလဲ။ “ဘာဖြစ်လို့လဲဆိုတော့ ၃ ရက်ပဲ လျာထားပါတယ်။ ဒါပေမယ့် ဒီ ၁ ရက်တိုးတာက အကုန်လုံးပါရေးအပေါ်မှာ အမြင်ချင်း ကျေကျေလည်လည် ဖြစ်နိုင်ဖို့အတွက်၊ နို့မို့ရင် အမြင်မတူရင်လည်း တဖွဲ့ချင်းကနေပြီးတော့ သွားလို့ရှိရင်လည်း မကောင်းတဲ့ကိစ္စ၊ ကျနော်တို့ အကျေအလည်ဆွေးနွေးတာ။ ဒါကတော့ ဒီစည်းဝေးပွဲမှာ အဖြေကောင်းမွန်စွာ ရရှိပါတယ်။” ပဒိုကျတော့ အဆင့်မြင့်ကိုယ်စားလှယ်မှာလည်း တာဝန်ရှိသူ၊ ကေအန်ယူမှာလည်း ထိပ်ပိုင်းတာဝန်ရှိသူဆိုတော့ အန်စီအေ လက်မှတ်ရေးထိုးရေး တဖွဲ့ချင်းစီ သဘောထား ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ပြည်သူအကြား အမြင်ကွဲပြားမှုရှိတာနဲ့ ပတ်သက်လို့ မေးပါရစေ။ ဥပမာ- ရှမ်းအဖွဲ့ (ရှမ်းပြည်တပ်မတော်-တောင်ပိုင်း) နဲ့ ကေအန်ယူအဖွဲ့တို့ကနေပြီး လက်မှတ်ထိုးမယ်ဆိုတဲ့ ကြေညာချက်က တဖွဲ့ချင်းစီ သီခြားပဲ သွားထိုးကြတော့မယ့်သဘော နားလည်တာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာဖြေရှင်းဖို့ရှိမလဲခင်ဗျာ။ “ကျနော်တို့ရဲ့ ပထမဦးဆုံး ခုန ကျနော်ပြောသလိုပဲ အက်စ်ဒီက နိုင်ငံတော်အစိုးရရဲ့ ယူပီဒဗလျူစီနဲ့ သွားညှိတဲ့နေရာမှာ အကုန်လုံးပါဝင်ရေးမူကို တိုင်းရင်းသား  ထိပ်သီးခေါင်းဆောင်တွေနဲ့ သွားညှိပါ။ ညှိလို့မရ ပြန်လာတင်ပါ။ ညှိလို့မရတဲ့အပေါ်မှာ၊ ညှိလို့မရတာထက် အစိုးရက သူလက်ခံနိုင်တဲ့ အဖွဲ့အစည်း အနေအထားနဲ့ ကျနော်တို့လိုချင်တဲ့ အနေအထား မတူညီတဲ့အပေါ်မှာ အက်စ်ဒီက တာဝန်ပေးလိုက်တယ်။ ကျနော်ပါဝင်တဲ့ အက်စ်ဒီအဖွဲ့ဝင် တဖွဲ့ချင်း ပြန်တင်ပြတဲ့အပေါ်မှာ ကျနော်တို့ ပြန်လာပြီးတဲ့နောက်ပိုင်းမှာ လွန်ခဲ့တဲ့သြဂုတ်လ ၁၄၊ ၁၅ ရက်မှာ ကျနော်တို့ ကေအန်ယူ ဗဟိုကော်မတီ  အစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။ အဓိကကတော့ အက်စ်ဒီနဲ့ ညှိနှိုင်းလို့ရလာတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဘယ်လိုမြင်သလဲ၊ ဒုတိယအချက်က အကုန်လုံးပါရေးမူဆိုတာ ဘယ်လိုမြင်လဲ အဓိက နှစ်ချက်ပဲ။ ဒီအချက်မှာ ကျနော်တို့  အက်စ်ဒီက ညှိနှိုင်းလို့ရလာတဲ့ တပြည်လုံး အပစ်အခတ်ရပ် သဘောတူစာချုပ် အကုန်လုံးကို ကျနော်တို့ လက်ခံတယ်၊ သဘောတူတယ်၊ အတည်ပြုတယ်။ ဒါ ကေအန်ယူရဲ့သဘောထား။ ဒုတိယအချက်ကတော့ ဒီဥစ္စာ လက်မှတ်ရေးထိုးမယ်။ လက်မှတ်ရေးထိုးမယ်ဆိုတော့ လက်မှတ်ရေးထိုးနိုင်တဲ့ အဖွဲ့အစည်းနဲ့ အတူတကွ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောထား ထုတ်ပြန်တယ်။ လက်မှတ်မရေးထိုးနိုင်တဲ့ အဖွဲ့အစည်းတွေက သူတို့ အဆင့်ဆင့်မှာ ပါဝင်လာနိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်မယ်၊ ၀န်းရံဆောင်ရွက်မယ်။ ထုတ်ပြန်ကြေညာချက်မှာ ပွင့်ပွင့်လင်းလင်း ကျနော်တို့ ရေးထားတယ်။ ဆိုလိုတဲ့သဘောကတော့ ကျနော်တို့က လက်မှတ်ရေးထိုးတဲ့အဖွဲ့နဲ့ စုစုစည်းစည်းနဲ့ လက်မှတ်ရေးထိုးမယ်၊ မပါသေးတဲ့အဖွဲ့လည်း ပါလာနိုင်အောင်၊ အဆင့်ဆင့်ပါလာနိုင်အောင် ကြိုးစားဆောင်ရွက်မယ်ဆိုတဲ့ သဘောထား။ ဘာဖြစ်လို့လဲဆို ကျနော်တို့ ကေအန်ယူမှာက နိုင်ငံရေးရည်မှန်းချက်က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုတာ ကျနော်တို့ ရည်မှန်းချက်ဖြစ်တယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှာသာ ကျနော်တို့ပြဿ   နာတွေကို ရှင်းလို့ရမယ်။ အဲဒါတချက်ပေါ့။ ဒုတိယတချက်က တခြားအဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးတွဲထုတ်ပြန်ချက် ကြေညာတာက ကျနော်ခုနပြောသလိုပဲ လက်မှတ်ရေးထိုးနိုင်တဲ့ အဖွဲ့တွေနဲ့ အတူတကွ ပူးပေါင်းလက်မှတ်ရေးထိုးမယ်ဆိုတော့ ဒီကေဘီအေကလည်း ဒါကို လက်ခံတယ်၊ သူက လက်မှတ်ရေးထိုးနိုင်တယ်။ ကေအန်ယူ-ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) ကလည်း ဒီဟာကို တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူတယ်၊ လက်မှတ်ရေးထိုးနိုင်တယ်။ နောက်ပြီးတော့ အာရ်စီအက်စ်အက်စ် သဘောတူတယ်။ ကျနော်တို့က အမြင်တူတဲ့အဖွဲ့တွေနဲ့ အတူတကွ ထုတ်ပြန်ကြေညာတာ ဖြစ်ပါတယ်။" ဒါဆို လေးဖွဲ့ (ကေအန်ယူ၊ ဒီကေဘီအေ၊ အာရ်စီအက်စ်အက်စ်၊ ကေအန်ယူ-ကေအန်အယ်လ်အေ (ငြိမ်းချမ်းရေးကောင်စီ) တည်း သီးခြားထိုးမယ့်သဘော မဆောင်ဘူးပေါ့။ “ဒါ လက်တွေ့မကျတဲ့ကိစ္စပါ။ တချို့အမြင်တွေ ရှိနေတာပါ။ ကျနော်တို့ ကြေညာချက်မှာ ဖော်ပြထားပြီးသားပါ။ အဲဒီတော့ အစိုးရက တဖွဲ့ချင်း ဆုံးဖြတ်ရမယ့်ကိစ္စ တဖွဲ့ချင်းမေးလို့ရှိရင် ပိုကောင်းတယ်။ ကျန်တဲ့အဖွဲ့အစည်းတွေလည်း သူက လက်ခံတယ်၊ လက်မှတ်ရေးထိုးမယ် ဆိုတာကိုလည်း ထုတ်ပြန်ထားတဲ့ သဘောထားတွေ ရှိပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမေးရင် ပွင့်ပွင့်လင်းလင်း၊ ဒါပေမယ့် ရေးသားမှုက နည်းနည်းကွာတာပေါ့ဗျာ နော်။ ကွာတယ်ဆိုတာက ဒါကို လက်ခံတယ်၊ လက်မှတ်ရေးထိုးမယ်။ အကုန်လုံး ပါဝင်လာနိုင်ဖို့ ကြိုးစားမယ်ဆိုတဲ့ မသိမသာ။ ကျနော်တို့လိုတော့ ကျနော်တို့ရေးတာ နည်းနည်း ထင်ထင်ရှားရှား ဖြစ်တာပေါ့။ တချို့အဖွဲ့တွေ ရေးတာကျတော့ အဲလိုတော့ ထင်ရှားမှုတော့ မရှိဘူးပေါ့။" အန်စီအေ လက်မှတ်ထိုးရာမှာ အစိုးရဘက်က လက်မခံတဲ့ တအာင်း၊ ရခိုင်၊ ကိုးကန့် စတဲ့ ခြောက်ဖွဲ့ပေါ့။ ဒီတော့ ဒီထိပ်သီးအစည်းအဝေးကာလ ဆွေးနွေးချက်တွေမှာ ဒီခြောက်ဖွဲ့က အန်စီအေနဲ့ ပတ်သက်လို့ ပူပန်မှုက ဘာလဲခင်ဗျ။ “အင်း အများဆုံးက စစ်ရေးအရ နိုင်ငံတော်အစိုးရကပြောတယ်၊ သူ့ကိုလာမတိုက်တဲ့သူ မတိုက်ဘူးလို့တော့ပြောတယ်။ နိုင်ငံရေးအရ လက်နက်ကိုင်တပ်ဖွဲ့ မရှိတဲ့အဖွဲ့ တက်လို့ရတယ်။ သူတို့ တဖွဲ့ချင်း လက်မှတ်ထိုးထားပြီးသား အဖွဲ့တွေကျတော့ ဒီမှာ ထိုးလို့ရှိရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ သွားလို့ရတယ်။ နိုင်ငံရေးအရပေါ့လေ။ စစ်ရေးအရ ခုနကျနော်ပြောသလိုပဲ သူ့ကိုလာမတိုက်တဲ့သူ မတိုက်ဘူး။ အဓိကကတော့ လက်မှတ်ရေးထိုးနိုင်ဖို့ဆိုတဲ့ ရပ်တည်မှုအပေါ်မှာပဲ။ စိုးရိမ်စရာရှိတာတော့ စစ်ရေးကတော့ စိုးရိမ်စရာ မရှိဘူးပေါ့ဗျာ အကြောင်းပြချက်ကတော့။ ဟိုး အန်စီစီတီမှာ စပါလာကတည်းက ညှိနှိုင်းရာမှာ ပါဝင်လာခဲ့တဲ့အတွက်ကြောင့် သူတို့လည်း ပါသင့်တာပေါ့ ဒါတွေကတော့ အဲလိုတော့ရှိပါတယ်။ စစ်ရေးအရ စစ်တပ်မရှိတဲ့ အဖွဲ့တွေကျတော့ စစ်ရေးအရ စိုးရိမ်စရာ မရှိဘူးပေါ့နော်။ စစ်တပ်မရှိတာထက် တိုက်ပွဲမရှိတဲ့ အဖွဲ့တွေကျတော့ အပစ်မရပ်လို့ရှိရင်လည်း အစိုးရကနေပြီးတော့ သူ့တည်နေရာတွေကို လျှောက်ပြီးတိုက်မှာပဲ ဆိုတာကလည်း အခု အပစ်ရပ်ပြီး နောက်ပိုင်းမှ လုပ်မယ်ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ နဂိုကတည်းက တိုက်ပွဲမှမရှိတာ။ ဒါပေမယ့် ဆန္ဒကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ဝေါဟာရ သုံးတဲ့အတွက် ကျနော်တို့လည်း အဆင့်ဆင့်မှာ ပါလာတဲ့အတွက်ကြောင့် လက်မှတ်ရေးထိုးဖို့ သင့်တယ်ပေါ့။” ပဒိုတို့ နေပြည်တော်မှာ သမ္မတ၊ ကာချုပ်နဲ့ သွားတွေ့မယ့် ကိုယ်စားလှယ်အဖွဲ့က လူစာရင်းထွက်ပြီလား။ ထိပ်သီး ၅ ဖွဲ့ရဲ့ ဥက္ကဋ္ဌတွေချည်းပဲလား။ "ဥက္ကဋ္ဌတွေပါပဲ။ ခုနပြောတဲ့ စာရင်းအတိုင်းပါပဲ။ ကျန်တဲ့အဖွဲ့တွေတော့ သူ့ကို အထောက်အကူပြုတဲ့ ပုဂ္ဂိုလ်တွေ ပါမှာပေါ့။" ပဒိုဆိုရင် ကေအန်ယူအနေနဲ့ပဲဖြစ်ဖြစ်၊ အန်စီစီတီမှာပဲဖြစ်ဖြစ်၊ အက်စ်ဒီမှာပဲဖြစ်ဖြစ် ပါဝင်နေတယ်။ နေပြည်တော်ကိုသွားတယ်၊ အကြိမ်ကြိမ် သမ္မတနဲ့တွေ့တယ်။ တွေ့ဆုံကြရာမှာ မြန်မာအုပ်ချုပ်ရေးခေါင်းဆောင်ပိုင်းက တနိုင်ငံလုံး အပစ်ရပ်ရေးကို ဘယ်လောက်ဇောသန်တာ၊ အတူတကွ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်မယ်ဆိုတဲ့ သဘောထားမျိုးတွေ ရိပ်စားမိလား။ ဘယ်လိုသုံးသပ်မိပါသလဲ။ “ကျနော့်အမြင်ကတော့ဗျာ ကျနော်တို့ရဲ့နိုင်ငံရဲ့ အနေအထား သိတဲ့အတိုင်းပဲ။ အစိုးရအတွင်းမှာလည်းပဲ အမြင်သဘောထားအမျိုးမျိုး ရှိကြမှာပဲ။ ဒါပေမယ့် အခု နိုင်ငံတော်သမ္မတ အစိုးရလက်ထက်မှာကျတော့ သူတို့ကလည်း ငြိမ်းချမ်းရေး တည်ဆောက်ချင်တဲ့ဆန္ဒ ရှိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်တဲ့ နေရာမှာကျတော့ သူတို့အမြင်နဲ့သူတို့၊ သူတို့အစီအစဉ်နဲ့ သူတို့ပေါ့နော်။ ကျနော်တို့ သေသေချာချာ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီးအမိန့်နဲ့  ထုတ်လိုက်တဲ့ ဖိတ်ကြားစာမှာ သေသေချာချာဖတ်ကြည့်။ အခု ကျနော်တို့ ဆောင်ရွက်တာနဲ့ ဘာမှမတူဘူး။ အဲဒီမှာ အဆင့် ၂ ဆင့်ထားတယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်။ ပြည်နယ်အဆင့်မှာ တဖွဲ့ချင်း အပစ်အခတ်ရပ်စဲ။ ပြီးတော့ သတ်မှတ်တဲ့နေရာမှာနေ။ လက်နက်မပါ လွတ်လပ်စွာ သွားလာလို့ရတယ်။ ဆက်ဆံရေးရုံးဖွင့်ပါ။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် သူက ကော်မတီဖွဲ့မယ်။ အဲဒီအချိန်တုန်းက အခုပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဆိုတာ မရှိသေးဘူး။ အဲဒီအချိန်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဆိုတာ မရှိသေးဘူး။ သူတို့ လုပ်လာခဲ့တယ်။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့်မှာကြည့်လိုက် တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုတာ မပါပါဘူး။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးဆိုတာ မပါပါဘူး။ ဒီအပေါ်မှာနော် သူကပြောတာ အပစ်အခတ်ရပ်စဲရေးနော်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပြီးလို့ရှိရင် ဥပဒေဘောင်ထဲဝင်တာတို့၊ နောက် ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲမှာဝင်၊ ဖွဲ့စည်းပုံပြင် အဲဒီမှာ။ ဒါပေမယ့် ကျနော်တို့အနေအထား၊ အဲလိုမရှိတဲ့အပေါ်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဖိတ်စာရပြီးတာနဲ့ တဖွဲ့ချင်းစီ လက်မှတ်ရေးထိုးကြတယ်။ ရှင်းရှင်းပြောရမယ်ဆို တဖွဲ့ချင်း လက်မှတ်ရေးထိုးကြတာ။ အစုအဖွဲ့တွေ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ဘက်မှာ ပြင်ဆင်လိုက်တယ်။ အဲဒီမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အကုန်စုပေါင်းပြီးတော့ Working Group on Ethnic Coordination (WGEC) ဆိုတာ ဖွဲ့ပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကိစ္စ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကိစ္စ စပြီး ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ ကျနော်တို့က သူတို့ဆီ တင်လိုက်တာ။ သူ့ကို သွားတင်ပြတာ။ မူလက သူ့အစီအစဉ် ဒါ ဘာမှမရှိဘူး။ ဘာကြောင့်လဲဆို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဆိုတာ ၂၀၁၂ ခုနှစ် မေလမှစဖွဲ့တာ။ သေသေချာချာပြန်ကြည့်ပါ။ သူတို့လည်း လုပ်ချင်တယ်။ ဒါပေမယ့် ဘယ်ပုံစံနဲ့ လုပ်ရမလဲဆိုတော့ မလုပ်တတ်ဘူး။ ဒါကြောင့်မို့လို့ သူတို့ကလည်း အဲဒီမှာက လုပ်နိုင်ဖို့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာန အမ်ပီစီကို စဖွဲ့လိုက်တယ်။ နိုင်ငံတကာက တိုင်းရင်းသားအကြောင်းတွေကို သိတဲ့အဖွဲ့တွေကိုလည်း ခေါ်တယ်။ လူပုဂ္ဂိုလ် ပညာသည်တွေပြန်ခေါ်တယ်။ နိုင်ငံတကာက ခေါ်ပြီးတော့ ဘယ်လိုတည်ဆောက်ရမလဲဆိုတာ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ ဗမာပြည်ရဲ့ ပဋိပက္ခ သူများထက် ရှုပ်ထွေးတယ်။ ရှုပ်ထွေးတယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ၂၁ ဖွဲ့ရှိတယ်။ ၂၁ မျိုးပေါ်လစီရှိတယ်။ ဖိလစ်ပိုင်မှာဆို ၁ ဖွဲ့ပဲရှိတယ်။ အစိုးရကိုင်တွယ်တာ ဒီအခက်အခဲတွေ ခုန။ ဒါပေမယ့် လုပ်ဆောင်တဲ့ အခက်အခဲရှိတယ်။ ကျနော်တို့အမြင်ကတော့ သမ္မတကလည်း ကျနော်တို့ တင်ပြမှုအပေါ်မှာ ဒါကို လက်ခံတဲ့အတွက်ကြောင့်။ တိုင်းရင်းသားတွေကလည်း တဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ အကုန်လုံး ပါဝင်နိုင်ဖို့အတွက်ဆိုတဲ့ တပြည်လုံး အပစ်ရပ်ဖို့ တောင်းဆိုတာ သူတို့က ခွင့်ပြုတယ်။ လိုင်ဇာမှာလုပ်တာ သူက အကူအညီပေးတယ်။ ကျနော်တို့တင်ပြတဲ့အပေါ်မှာ သူတို့က လက်ခံဆွေးနွေးတယ်။ ဆိုလိုတာက အခုရရှိတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က အစိုးရဆီက လာတာမဟုတ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီကလာတဲ့ အခြေခံ အဲဒီက လာတာ။ လာတဲ့အပေါ်မှာ သူက ပြန်လည်ပြီးတော့ ဆွေးနွေးရင်းနဲ့ တဖြည်းဖြည်းနဲ့ နှစ်ဖွဲ့စလုံး ဖြစ်ဖြစ်လာတဲ့အပေါ်မှာ အဲလိုပြောလို့ရပါတယ်။ အခုကတော့ ကျနော့်အမြင်ကတော့ အစိုးရကလည်း ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကျနော်တို့တိုင်းပြည် အနေအထားပေါ့လေ။ သူ့မှာပါနေတဲ့အဖွဲ့၊ ကျနော်တို့အဖွဲ့ပေါ်မှာလည်း ငြိမ်းချမ်းရေး လိုချင်ကြတယ်။ ဘယ်လိုသွားမလဲဆိုတဲ့ စမ်းတ၀ါးဝါးနဲ့ သွားနေတဲ့ အနေအထားမှ အခုအဆင့်အထိ ရောက်လာတယ်လို့ ကျနော်မြင်တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024