Home
မြန်မာသတင်း
ရေဘေးကယ် ကြက်ခြေနီတပ်စုမှူးတဦး ရေစီးထဲမျောပါပျောက်ဆုံးနေ
DVB
·
August 10, 2015
ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ရန်ကုန် မှော်ဘီမြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်စုမှူး ဦးကျော်ကျော်လင်းဟာ ကမ်းပါးပြို ရေစီးထဲ မျောပါပျောက်ဆုံးနေပြီး ရှာဖွေဆဲပဲလို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက သတင်းထုတ်ပြန်ပါတယ်။ မှော်ဘီမြို့နယ်ကြက်ခြေနီအသင်းခွဲက စေတနာလုပ်အားရှင်တွေဟာ သြဂုတ်လ (၉) ရက်နေ့က လှိုင်မြစ်တစ်ဘက်ကမ်းရှိ အထူးသောင်ကျေးရွာမှာ ရေဝင်ရောက်လာလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေကို သွားရောက် ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်ကျော်လင်းကတော့ လှည်းကူးအနောက်သံမဏိစက်ရုံအနီး ကျွဲကူးဆိပ်အား မော်တော်ကပ်ပြီး လူနဲ့ ပစ္စည်းတွေ ကမ်းပေါ်ရွှေ့ပြောင်းပေးနေစဉ် ကလေးငယ်တဦးကို ကမ်းပေါ်သို့ ပို့ဆောင်အပြီးမှာ ကမ်းပါးပြို ရေစီးထဲသို့ ကျသွားခဲ့တာလို့ ကြက်ခြေနီအသင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြစ်ထဲသို့ကျလျှင်ကျချင်း လုပ်ဖော်ကိုင်ဖက်တွေက ကြိုးစားရှာဖွေပေမယ့် ယခုသတင်း တင်ပြချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ မြစ်အောက်ပိုင်းရှိ မြို့နယ်တွေကိုလည်း ကြက်ခြေနီယူနီဖောင်း ဝတ်ဆင်ထားသော ဦးကျော်ကျော်လင်းကို ကူညီရှာဖွေပေးဖို့နဲ့ တွေ့ရှိ ပါက သတင်းပေးပို့ကြဖို့ ပန်ကြားထားပါတယ်။ အသက် ၃၄ နှစ်ရှိ ဦးကျော်ကျော်လင်းဟာ ငယ်စဉ်ကတည်းက ကျောင်းကြက်ခြေနီဝင်၊ တပ်ဖွဲ့ဝင်တဦးအဖြစ် ကြက်ခြေနီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး သံမဏိစက်ရုံ ကျွမ်းကျင်အဆင့်(၄) ဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024