Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေကြောင့် မြို့အချို့ ဆက်ပြီး စိုးရိမ်ရေမှတ် ကျော်ဦးမည်
အေးနိုင်
·
August 7, 2015
မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သြဂုတ် ၆ ရက် မွန်းလွဲထုတ်ပြန်ချက်မှာ ဧရာဝတီမြစ်၊ င၀န်မြစ်နဲ့ စစ်တောင်းမြစ်တွေမှာ မြင့်ရေမြင့်တက်မှုတွေကြောင့်  ဟင်္သာတ၊ ဇလွန်၊ ဆိပ်သာမြို့နဲ့ ငါးသိုင်းချောင်းနဲ့ မဒေါက်မြို့တွေမှာ မြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်ကို ဆက်လက်ကျော်လွန်ပြီး နောက်ရက်တွေမှာလည်း ဆက်ကျော်ဦးမယ်လို့ ထုတ်ပြန်ပါတယ်။ မြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲကနေ ၃ ပေခွဲခန့်ထိ မြင့်တက်နေကြတာဖြစ်ပြီး သံလွင်မြစ်ရေတက်လို့ ဘားအံမြို့က စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်မြင့်တက်နေမှုကတော့ လာမယ့် ၂ ရက်မှာ ကျသွားမယ်လို့ဆိုပါတယ်။ ဧရာဝတီမြစ်ရေတက်မှုကြောင့် ညောင်ဦး၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်မြို့တွေက သက်ဆိုင်ရာမြို့တွေရဲ့ စိုးရိမ်ရေမှတ် ၂ ပေကနေ ၃ ပေခန့်ထိ ကျော်လွန်မှုတွေဟာ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျမယ်လို့ ဆိုပါတယ်။ ညောင်တုန်းမြို့နဲ့ ပန်းတနော်မြို့တွေမှာလည်း မြစ်ရေတက်မှုဒဏ်ကို ခံနေရပါတယ်။ မိုးဇလက အ၀ါရောင်အဆင့် သတ်မှတ်ထားတဲ့ ညောင်တုန်းအခြေနေကို မြို့ခံ ကိုတင်ဌေးက “စိုးရိမ်ရေမှတ် အများကြီးကျော်ပြီး တန်းနေတော့ သူက ရေမကျော်နိုင်အောင် သဲအိတ်တွေ သဲအိတ်ပေါ်မှာ လိုက်ချရတာ။ အခြေအနေက မစိုးရိမ်ရဘူးလည်း မဟုတ်ဘူး၊ စိုးရိမ်ရတယ်လည်း မဟုတ်ဘူး ၅၀ - ၅၀ ပဲ။ အချိန်မရွေး ကျွံသွားရင် ရေက ၀င်သွားမှာပဲ။  ရေက မြို့ပေါ်ကို အရမ်းမိုးနေတာ။ ဖြစ်လိုက်ရင်တော့ တမဟုတ်ချင်း ခဏလေးပဲ။ မြို့တွင်း လုပ်ငန်းတွေရပ်၊ ဆိုင်တွေပိတ်ပြီး တချို့လည်း ရန်ကုန်တက်ပြေးကြတယ်။ ရွာဘက်တွေက အကုန်လုံးမြုပ်တာပဲ၊ ရွာပေါင်း ၂၀ ကျော် ၃၀ နီးပါးမြုပ်မယ်” လို့ ပြောပါတယ်။ ညောင်တုန်းမြို့အပိုင်အတွင်းက ပါလဲ့ရွာ၊ ကျောင်းကြီးစု၊ အညာစု၊ ရွှေဟင်္သာကျွန်း၊ မယ်ဇလီ၊ ဒလ စတဲ့ ရွာပေါင်း ၂၀ ကျော် ၃၀ နီးပါးဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးသွားခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ “ရွာတွေမှာက မြုပ်တဲ့ရေက လူတရပ်ကျော်တယ်။ တော်တော်များတယ်။ ကလေးတွေအတွက်လည်း အန္တရာယ်ရှိနိုင်တယ်။ သောက်ရေလည်းမရှိဘူး။ အိမ်သာတွေဆိုရင်လည်း ရေတွေပြည့်နေတယ်။ သူတို့ ဘယ်လိုသွားမလဲမသိဘူး။ စားရေးသောက်ရေးက မနေ့ကသွားတဲ့ ရွှေဒင်္ဂါးကျွန်းဆိုရင် ဘယ်အဖွဲ့မှ မရောက်သေးဘူး၊ ကျမတို့က ပထမဆုံးလာကူတာလို့ ပြောတယ်” လို့ ပြောပါတယ်။ ပန်းတနော် ဒေသခံတဦးက “ပန်းတနော် တာကတော့ နဂိုကတည်းက အနိမ့်ထဲမှာ ရေ၀င်ရေထွက်ရှိနေတာဆိုတော့ အောက်ခြေမှာ ရေ၀င်ပြီးတော့ ပန်းတနော်တော့ ရေနစ်တာပေါ့။ ညောင်တုန်းကတော့ အမြဲတမ်း အ၀ါရောင်အဆင့်ပဲ။ အဲဒီ ညောင်တုန်းကပဲဖြစ်ဖြစ်၊ ဇလွန်ကပဲဖြစ်ဖြစ်၊ ဟင်္သာတကပဲဖြစ်ဖြစ် တာတခုခု ပျက်စီးသွားပြီ၊ ကျိုးသွားပြီဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး လူတွေအကုန်လုံး စားနပ်ရိက္ခာကို အိမ်တွေအပေါ်ထပ်ကို တင်ကြရမှာပေါ့” လို့ ပြောပါတယ်။ ဧရာဝတီတိုင်း အင်္ဂပူမြို့မှာ ကယ်ဆယ်ရေး သွားရောက်တဲ့ ဦးဇင်း ဦးဝိမလက အင်္ဂပူမြို့ပတ်လည်မှာ ရေက ခါးလောက်မြုပ်တယ်လို့ မိန့်ပါတယ်။ ဦးဝိမလက “အခြေအနေက ဆိုးတဲ့နေရာ တော်တော်ဆိုးတယ်။ တချို့နေရာတွေကျတော့ ရေက နှစ်တိုင်း ပုံမှန်တက်နေကျ။ မနေ့က အခြေအနေလေးကတော့ သွားလို့မရတဲ့ အခြေအနေလေ၊ တာရိုးကို စိတ်မချရဘူးဆိုတဲ့ပုံစံမျိုးနဲ့ ပေးမသွားတော့ ရွာတွေဘက်ကို မော်တော်နဲ့ သွားခဲ့ရတယ်။ အဲဒီဘက်မှာ ရေသန့်ဖို့ဆေးလိုမယ်၊ အဲဒီဘက်မှာ ရေလုံးဝမသန့်ဘူး။ အိမ်တွေ အလယ်ခေါင်လောက်ထိ မြုပ်နေတယ်ဆိုတော့ သောက်သုံးရေ လုံးဝမရှိဘူး။ လတ်တလော ရယ်ဒီမိတ်အစားအသောက်ပဲ လိုမယ်၊ ရေသန့်ပဲလိုတာပါ ကျန်တာ မလိုပါဘူး။ နှောကုန်း၊ အင်္ဂပူ၊ ဟင်္သာတ၊ ကြွင်းကြီး၊ ကညင်တပင်၊ မိုးညို၊ အဲဒီဘက်တွေမှာလည်း ရေလယ်ဘယ်က အတူတူလောက်ပဲ” လို့ မိန့်ပါတယ်။ ဟင်္သာတသားတဦးက အချိန်မရွေး တာပွင့်သွားနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ “မြို့ထဲကိုတော့ ရေမ၀င်သေးဘူး။ တာတွေကတော့ ဟိုကပေါက်လိုက်၊ ဒီကပေါက်လိုက်၊ အဲဒါတွေကို လိုက်ဖာလိုက်နဲ့ လူအားက နိုင်သွားတယ်။ မနေ့ကဆို ဒန်မီမှာ အရေးပေါ် တိုးပေါက်ကို လုပ်ခဲ့ရတာ။ အဲဒီနေရာဆို အပေါ်နဲ့အောက်နဲ့ ရေက ၁၂ ပေနဲ့ ၁၈ ပေကြားလောက်တွေ။ အဲဒီလောက် ရေ၀ိတ်က တအားများပြီးတော့ တမံလုံးက သေးနေတဲ့ အခါကျတော့ စိုးရိမ်လို့ အမြဲတမ်း အချိန်ပြည့် လျှောက်ကင်းနဲ့ အရေးပေါ် လုပ်မယ့်သူတွေနဲ့ ၀ါးတွေ၊ သဲအိတ်တွေ နီးစပ်ရာနေရာကနေ ယူဖို့လုပ်ဖို့အတွက် အဆင်သင့်လုပ်ထားရတယ်။” “မြေသားနဲ့လုပ်တဲ့ တမံဆိုတော့ မြေက ကြာလေလေ ပျော့လာလေလေ ကျနော်တို့က ရေက မကျဘဲနဲ့ ကြာလေလေ အန္တရာယ်ရှိလေလေပဲ။” ဧရာဝတီတိုင်းက ကျောင်းကုန်းမြို့နယ်နဲ့ မကွေးတိုင်း ဆိပ်ဖြူ၊ စလင်းနဲ့ ရေစကြိုမြို့နယ်တွေမှာလည်း ရေကြီးနေတယ်လို့ ဆိုပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထိန်းတောရွာကြီး အပါအ၀င် ရွာကြီး ၆ ရွာမှာ ရေကြီးနေပြီး အစားအသောက်၊ ဆေးဝါး၊ ရေသန့်တွေ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်သား မဇင်က ပြောပါတယ်။ “ကျမမေးတော့ တချို့ကလေးလေးတွေက ဖျားတယ်၊ နာတယ်ပေါ့။ ၀မ်းပျက်ဝမ်းလျှောကို သူတို့ကြောက်တယ်ပေါ့။ ရေတွေကလည်း မကောင်းဘူး နောက်နေတာ။ အဲတော့ ရေသန့်လိုတယ်။ အစာခြောက်လိုတယ်ပေါ့နော်။ ကျမတို့ ထိန်တောအတွင်းပိုင်းက ကုန်းပိုင်းဖြစ်တဲ့အတွက် ထမင်းဟင်း ချက်ပြီး ပို့ရတယ်။ ရေကြီးတဲ့ရွာတွေကတော့ ကျွန်းကြီး၊ ပါရမီ၊ ဘုရားကုန်း၊ သက်ကယ်ကွင်း၊ ဇေယျဝတီကျေးရွာ။ ဟိုးဘက်တွေမှာ တော်တော်များများရှိတယ်။ ဝေးတော့ အဲဒီဘက်ထိ ကျမတို့က မရောက်ဘူး။ အဲဒီဘက်သွားလှူတဲ့သူတွေက ပြောတယ်၊ ဘယ်လောက်ထိဖြစ်လဲဆိုတော့ ထမင်းသွားပေးတော့တဲ့ ‘မနေ့က သူတို့ ထမင်းမစားရသေးဘူးတဲ့ ပြောတယ်။ နေစရာမရှိကြတော့ ခေါင်ကိုဖောက်ပြီး ထမင်းထုပ် တောင်းရတယ်” လို့ ပြောပါတယ်။ ရန်ကုန်တိုင်း ဥက္ကံမြို့မှာလည်း ရေတက်နေပုံကို ဥက္ကံမြို့သားတဦးက “မြစ်ရေက မနေ့က ၁ ပေခွဲတက်တယ်။ ဒီကနေ့ ၂ ပေတက်တယ်။ မြစ်ရေတက်တော့ ကမ်းဘေးမှာနေတဲ့ ရွာသူရွာသားက တော်တော်ကို စိုးရိမ်နေကြပါတယ်။ လောလောဆယ် ရွာ ၈ ရွာ ရေကြီးနေပါတယ်ခင်ဗျ” လို့ ပြောပါတယ်။ မကွေးတိုင်းမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ရေကြီးရေလျှံဖြစ်မှုဟာ ရေပြန်ကျသွားပြီဖြစ်ပြီး ရေကြီးမှုအများဆုံးဖြစ်တဲ့ စေတုတ္ထရာမြို့မှာ သန့်ရှင်းရေးလုပ်ဆောင်နေကြပါတယ်။ မကွေးတိုင်း အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးကျော်က ““စေတုတ္ထရာ၊ မုန်းချောင်းတမံနဲ့ ကြီးအုံကြီးဝ တမံတွေက အခုတော့ ရေကျသွားပါပြီ။ ရာသီဥတုကလည်း အခုဆိုရင် နေပူတာ လေးရက်ဆက်တိုက်ရှိသွားပြီ။ မိုးလည်းမရွာဘူး၊ ရေကတော့ လုံးဝကျသွားပြီဖြစ်တဲ့အတွက် စေတုတ္တရာမှာ မုန်းချောင်းတမံကြောင့် ရေဘေးသင့်တဲ့ သူတွေကတော့ မြို့ကို ပြန်လာနိုင်ပြီ။ စေတုတ္တရာမြို့ပေါ်မှာရှိနေတဲ့ တောင်ကုန်းတွေပေါ်မှာ နားခိုနေတဲ့ ရေဘေးရှောင်တဲ့ စခန်းတွေကနေ နေရပ်အိမ်တွေကို တချို့က ပြန်လာပြီ။ စေတုတ္တရာက နုန်းတွေ၊ ရွှံ့တွေထဲက မြို့တမြို့လိုဖြစ်သွားတယ်။ အိမ်တွေရဲ့ခေါင်မိုးအထိ ၁၅ ပေ၊ ပေ ၂၀ လောက် မြို့က ရေလွှမ်းမြုပ်သွားတဲ့အတွက် အိမ်တွေအားလုံးက ဒီမှာ စတိုးဆိုင်တွေ၊ အီလက်ထရောနစ်ဆိုင်တွေ၊ ဖုန်းဆိုင်တွေ၊ အိမ်ဆိုင်သေးသေးလေးတွေကအစ ကိုယ့်အိမ်ကိုယ် သန့်ရှင်းရေးလုပ်ကြတဲ့အခါမှာ အသားမကျသေးတဲ့အတွက် တချို့ကတော့ အိမ်သန့်ရှင်းရေးလုပ်ပြီးတော့မှ နားခိုတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြန်နေရတာလည်း ရှိတယ်။ စေတုတ္တရာမြို့ရဲ့ ရပ်ကွက်ကြီး ၁၃ ခုမှာပေါ့နော် အမှတ် ၁ ရပ်ကွက်ကတော့ ရေနစ်မြုပ်မှု အနည်းငယ်ကျန်နေတယ်။ ကျန်တဲ့အပိုင်းတွေ အားလုံးကတော့ ရေနစ်မြုပ်မှု မရှိတော့ဘူး။ သို့သော်လည်းပဲ နုန်းတွေ၊ နွံတွေကတော့ ခြေမျက်စေ့သာသာ၊ ခြေသလုံးသာသာလောက်ထိ ရှိတဲ့အတွက် တတ်နိုင်သူတွေကလည်း ဒိုင်းရှင်းတွေနဲ့၊ တချို့ကလည်း ရိုးရိုး ရေတွေလောင်းပြီးတော့ စေတုတ္တရာမြို့ကြီးက နွံတွေ၊ နုံးတွေ ဆေးနေတုန်းရှိသေးတယ်။ လယ်ပြင်စုရပ်ကွက်ကတော့ အခြေအနေဆိုးတုန်းပဲ။ စေတုတ္ထရာမှာက မြို့ပေါ်ရပ်ကွက်တွေနဲ့ လယ်ပြင်စုရပ်ကွက်က ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ အနည်းဆုံး အိမ်ထောင်စု ၈၀၀ လောက်ကျန်သေးတယ်။” လို့ ပြောပါတယ်။ ပွင့်ဖြူမြို့နယ်မှာ ရောက်ရှိနေတဲ့ ကယ်ဆယ်ရေးလုပ်သားတဦးက အလှူရှင်တွေ တဖွဲဖွဲ လာနေကြတာ ၀မ်းမြောက်ဖွယ်တွေ့ရပြီး မိလ္လာသုံးစွဲမှု အဆင်ပြေစေဖို့ ကူညီကြဖို့လည်း တိုက်တွန်းပါတယ်။ “ဘာလိုနေလဲဆိုတော့ အခုဆိုရင် မိလ္လာခွက်မျိုးပေါ့ဗျာ။ အိမ်သာတွေက မျောပါသွားပြီ။ နောက်ပြီး ကျင်းတွေကလည်း ရွှံ့တွေ မြုပ်ကုန်ပြီပေါ့နော်။ လူတွေ အိမ်တွေ ၀င်ရပြီဆိုတော့ မိလ္လာခွက်တွေလိုတယ်။ တချို့က ဒန်အိုးဒန်ခွက်တွေ မရှိတော့ဘူးပေါ့နော်။ အဓိက ခြုံပြောမယ်ဆိုရင် ငွေလှူဒါန်းဖို့ လိုတယ်ပေါ့။ ပြန်လည်တည်ဆောက်ရေးမှာက” လို့ ပြောပါတယ်။ မကွေးတိုင်း ဂန့်ဂေါမြို့ ပြင်သာကျေးရွာက ကိုဌေးမြင့်က “လက်ရှိ ဆည်မြောင်းကြီးက သူတို့ယာယီလွှဲမြောင်းဆိုတာ ရှိပါတယ်ဗျ။ အဲဒီလွှဲမြောင်းကြီးက ကျနော်တို့ ပြင်သာရွာကို ဦးတည်ပြီးမှ စားတာပါဗျ။ ယာယီလွှဲမြောင်းက လွှဲလိုက်တဲ့ရေက သူတို့လွှဲတဲ့ရွာကို မသွားဘဲနဲ့ ပြင်သာရွာကို ဦးတည်ပြီးမှလာတာ၊ အဲဒီမှာ အိမ်တွေ ၆ လုံးလောက်ကတော့ ဘာပစ္စည်းမှ မရပါဘူးဗျ။ အိမ်တွေကတော့ ပါသွားပါပြီဗျ၊ ဘေးကအိမ်တွေက အိမ်ကိုပစ်ပြီး မိုးကာတွေနဲ့ ကိုယ်ထူကိုယ်ထ သွားကြပါတယ်ဗျ။ ခုလောလောဆယ်တော့ ရေကျသွားပြီဗျ။ ဒါပေမယ့် နောက်ထပ်မိုးက ဆက်ရွာပြီး ရေကြီးမယ်ဆိုရင်တော့ ရွာကတော့ နေစရာ မရှိတော့ပါဘူးဗျ။ ကျနော်တို့ ပြင်သာရွာက ဂန့်ဂေါမြို့မှာ အဆိုးဆုံးပဲဗျ။” လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က  သြဂုတ် ၅ ရက် ထုတ်ပြန်ချက်မှာ ရေကြီးလေထန်မှုကြောင့် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ လူပေါင်း ၂ သိန်း ၆ သောင်းခန့် ဒုက္ခရောက်ခဲ့တယ်လို့ဆိုပါတယ်။ သြဂုတ်လ ၄ ရက်နေ့မှာ အစိုးရက နိုင်ငံတကာအကူညီ တောင်းခံခဲ့ပါတယ်။ ရေကြီးမှုကြောင့် လယ်ယာမြေဧက ၁ သန်းကျော် ရေလွှမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဦးစားပေးလိုအပ်ချက်တွေကတော့ အစားအစာ၊ ရေနဲ့ မိလ္လာစနစ်ကောင်းမွန်းရေး။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နေအိမ်တည်ဆောက်ပြုပြင်ရေးဖြစ်ပါတယ်။   ဆက်လက်ရွာသွန်းနေတဲ့ မိုးနဲ့ ကနဦးပိုင်းက လွှမ်းခဲ့တဲ့ရေတွေ ပေါင်းစပ်ပြီး ရေတွေတောင်ဘက်ကို ဆင်းလာတဲ့အတွက် နေရာဒေသတချို့မှာ ရေကြီးမယ့် အန္တရာယ်ရှိနေတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့သီတင်း ၂ ပတ်ကျော်က မိုးများရေကြီးပြီး တိုင်းနဲ့ပြည်နယ် ၁၂ ခုက မြို့ပေါင်း ၄၀ ကျော်မှာ ရေကြီးခဲ့ရာမှာ လူပေါင်း ၇၀ နီးပါး သေဆုံးခဲ့ရ (အစိုးရထုတ်ပြန်ချက်အရ) ပါတယ်။  လွန်ခဲ့တဲ့ သုံးရက်ခန့်ကတော့ အထက်ပိုင်းက ရေကြီးတဲ့ မြို့တချို့မှာ ရေပြန်ကျခဲ့ပေမယ့် ဧရာဝတီ၊ စစ်တောင်း၊ သံလွင်နဲ့ င၀န်မြစ်ရေတွေ မြင့်တက်ပြီး မြစ်ကြောင်းအနီးက မြို့ရွာတွေမှာ ရေတွေ ၀င်ရောက်နေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024