ကိုမန် ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကင်းရှင်း
DVB
·
July 31, 2015
ကိုမန်ဆိုင်ကလုန်းမုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီဖြစ်ပြီး မုန်တိုင်းအန္တရာယ် ကင်းရှင်းသွားပြီလို့ ဇူလိုင် ၃၁ ရက်မနက်မှာ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” (Komen) ဟာ အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့ရှားလျက်ရှိနေတဲ့အကြောင်း ယနေ့နံနက်မှ နောက် (၁၂) နာရီအတွင်း တဖြည်းဖြည်း အားပျော့သွားမယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
တိမ်တိုက်တွေ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ ထူထပ်နေဆဲဖြစ်ပြီး မုတ်သုံလေ ဆက်လက်အားကောင်းနေတဲ့အတွက် ပင်လယ်ပြင်မှာ လှိုင်း၊ လေ သတိထားဖို့လိုတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မိုးများနိုင်သေးတဲ့အတွက် ရေကြီးရေလျှံမှုတွေကို သတိထားဖို့လည်း မိုးဇလက သတိပေးထားပါတယ်။
အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနေစဉ်အတွင်း မောင်တောခရိုင်မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီလျှင် မိုင် (၄၀) မှ မိုင် (၆၀) အထိနဲ့ စစ်တွေခရိုင်မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။