Home
မြန်မာသတင်း
ထိုင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်ပေးမည်
နန်းမြနဒီ
·
July 25, 2015
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပတ်စ်ပို့ထုတ်ပေးဖို့ နိုင်ငံသားစိစစ်ပေးမယ့် အစီအစဉ်ကို စက်ရုံအလုပ်ရုံတွေအရောက် ကွင်းဆင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်လို့ မြန်မာ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော်မတီရဲ့အစီအစဉ်နဲ့ လာမယ့် ဇူလိုင် ၂၇ ရက်ကစပြီးနေရာ ၅ ခုမှာ အရင်ဆုံး စာရင်းကောက်ခံသွားမယ်လို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးကိုစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ၀န်ထမ်း ၃၇ ဦး ဒီလ ၁၅ ရက်ကတည်းက ထိုင်းနိုင်ငံကို ရောက်နေပါတယ် ။ အရင်ဆုံး ဒေသ ၅ ခုကို လူခွဲပြီးသွားပါမယ်။ ဘန်ကောက် နယ်မြေ ၁ ရယ် ၂ ရယ် ပြီးတော့ ရနောင်း၊ မဲဆောက်နဲ့ မယ်ဆိုင်ရယ်ပါ။ ဒီထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားအရေးလုပ်နေတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ အတူ သွားမှာပါ။ အရင်ဆုံး စက်ရုံ အလုပ်ရုံတွေကို အကြောင်းကြားထားပါတယ်”လို့ သူက ပြောပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ တီအာလ် - ၃၈ ( နေထိုင်ခွင့်လက်မှတ် ) ရှိတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေး အချက်အလက် ၂၇ ချက်ကို လိုက်ကောက်ခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနကို ပို့ပေးမှာဖြစ်ကြောင်း၊ အဲဒီ အချက် အလက်တွေနဲ့ အလုပ်သမားတွေ နေထိုင်ရာ ဒေသက အချက် အလက်တွေကိုက်ညီမှန်ကန်ရင် ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ခုလိုကွင်းဆင်းပြီး နိုင်ငံသားစိစစ်ပေးတဲ့ကိစ္စမှာ အခမဲ့ ၀န်ဆောင်မှုပေးမှာဖြစ်ပြီး အလုပ်သမားတွေဘက်ကတော့ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ်၊ မိဘအမည် ၊ မြန်မာပြည်က နေရပ်လိပ်စာ အစရှိတဲ့ ကိုယ်ရေးအချက်အလက်တွေ အဆင် သင့်ပြင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနယ်မြေ ၅ ခုမှာ ဆောင်ရွက်ပြီးစီးမှုအပေါ် မူတည်ပြီး ကျန်တဲ့ခရိုင်တွေကိုလည်း ကွင်းဆင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ကွင်းဆင်းဆောင်ရွက်ပေးမယ့်အစီအစဉ်ကို မစောင့်နိုင်တဲ့ အလုပ်သမားတွေအနေနဲ့ မြန်မာ သံရုံးမှာ သွားရောက် ဆက်သွယ်ပြီး တိုက်ရိုက်လုပ်ဆောင်နိုင်တယ်လို့လည်းဆိုပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၄ သန်းကျော် ၀င်ရောက်လုပ်ကိုင်လျှက်ရှိ တယ်လို့ မြန်မာအလုပ် သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024