A d v e r t i s e m e n t With Us

မူဆယ်ကုန်သွယ်ရေးဇုန်အနီး နေရာ ၃ ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကုန်သွယ်ရေးဇုန်အနီးတ၀ိုက် နေရာ ၃ ခုကို ဇွန် ၂၈ မနက် ၁ နာရီကျော်က လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ခရိုင်ရဲမှူးကြီး မင်းမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ ကုန်သွယ်ရေးဇုန်အနောက်ဘက် တောင်ကုန်းပေါ်က ပစ်ခတ်သွားတာဖြစ်ပြီး လူအသေ အပျောက် မရှိဘူးလို့ သူက ပြောပါတယ်။ “ကုန်သွယ်ရေးဇုန်၊ ယာဉ်စစ်ကွင်းရှေ့မှာရှိတဲ့ ရွှေလိပ်ပြာစားသောက်ဆိုင်ရဲ့ အမိုးပေါ်ကျတယ်၊ နောက်တလုံးက စီးပွားကူးသန်းအောက်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တခု အဲ့ဒီဘဏ်ရှေ့က မြက်ခင်းပေါ် တလုံးကျတယ်၊ နောက်တလုံးက ပဲပြောင်းနှမ်းကုန်စည်ဒိုင်ဘေးမှာ ရှိတဲ့ အဆောက်အဦကို မှန်တယ်။” စုစုပေါင်း ၄ ချက်လောက် ပစ်သွားတယ်၊ လက်နက်ကြီးအမျိုးအစားတခုနဲ့ ပစ်ခတ်သွားတာဖြစ်ပြီး ဘယ်လက်နက်အမျိုးအစားဆိုတာ အတည်ပြုလို့ မရသေးကြောင်း ပြောပါတယ်။ မူဆယ်မြို့ခံတဦးက အဲ့ဒီလို လက်နက်ကြီးနဲ့ ပစ်မယ်ဆိုတဲ့ သတင်းတွေ ဇွန် ၂၇ ရက်နေ့လယ်ကတည်းက မြို့ပေါ်မှာထွက်ပေါ်ခဲ့ပြီး အခုလို ပစ်ခတ်ခံရတာလို့ ပြောပါတယ်။ မူဆယ်ရဲကတော့ အဲ့ဒီကုန်သွယ်ရေးဇုန်အနီးနားတ၀ိုက်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေ လှုပ်ရှားသွားလာတတ်ပြီး အခု ပစ်ခတ်မှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်တုန်းလို့ ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့အနီးတ၀ိုက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဆွဲမိုင်းနဲ့ တိုက်ခိုက်ခြင်းမျိုး မကြာခဏဖြစ်ပွားလေ့ရှိပြီး လူအသေအပျောက်လည်း ရှိခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up