တူနီးရှားနိုင်ငံ စူဆာမြို့ ဟိုတယ်ပစ်ခတ်မှု ၃၇ ဦး သေဆုံး

တူနီးရှားနိုင်ငံ စူဆာမြို့ ဟိုတယ်မှာ ဇွန် ၂၆ ရက်နေ့က သေနတ်သမားတဦးဟာ ရုပ်ဖျက်ပြီး ထီးထဲမှာ ဝှက်ယူလာတဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဗြိတိန်နိုင်ငံသား အနည်းဆုံး ၅ ဦးနဲ့ ဂျာမန်၊ ဘယ်လ်ဂျီယံ ခရီးသည်တွေ အပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပါတယ်။ မြို့တော်ကျူးနစ်ရဲ့ တောင်ဘက် ကီလို ၁၄၀ အကွာက အပန်းဖြေစခန်းသာမြို့ရဲ့ အင်ပီးရီးယဲ မာဟာဘာ ဟိုတယ်မှာ သေနတ်သံတွေ ပေါက်ကွဲမှုတွေအပြီး ရဲတွေက သေနတ်သမားကို အသေပစ်သတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးကတော့ သေသွားတဲ့ သေနတ်သမားဟာ ကျောင်းသားတဦးဖြစ်ပြီး အာဏာပိုင်တွေ မသိတဲ့၊ စောင့်ကြည့်စာရင်းဝင် မဟုတ်တဲ့သူလို့ ပြောပါတယ်။ သေနတ်သမားဟာ ကမ်းခြေနဲ့ ရေကူးကန်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းတခုနဲ့ ပစ်ခဲ့သေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံးသူရဲ့ကိုယ်ပေါ်မှာ ဗုံးတလုံး တွေ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်မခံသေးပါဘူး။ ဒါပေမယ့် အစ္စလာမ္မစ် ဘာသာရေးစစ်ဝါဒီတွေက မြောက်အာဖရိကရဲ့ ခရီးသွားလုပ်ငန်း ထွန်းကားရာ နိုင်ငံမှာ တိုက်ခိုက်မှုတွေ အရင်က လုပ်ခဲ့ဖူးပါတယ်။ ဒါဟာ ဒီနှစ်မှာ တူနီးရှားနိုင်ငံအတွင်း ဒုတိယမြောက် အကြီးစား တိုက်ခိုက်မှုဖြစ်ပါတယ်။ အရင်လတုန်းကလည်း အစ္စလာမ္မစ် စစ်သွေးကြွတွေဟာ တူးနစ်မြို့က ဘာဒိုပြတိုက်ကို တိုက်ခိုက်ချိန်အတွင်း သေနတ်သမားတွေက နိုင်ငံခြားသား ဧည့်သည် ၂၁ ယောက်ကို သတ်ခဲ့ပါသေးတယ်။ ရဲတွေက ဒုတိယသေနတ်သမားကို ဖမ်းခဲ့တယ်လို့ ဒေသခံရေဒီယိုက အစီရင်ခံပါတယ်။ ရာမာဒန်ဥပုသ်လရဲ့ သောကြာနေ့မှာ တူနီးရှားမှာသာမက ကူဝိတ်ရှိ ဗလီတလုံးမှာ အသေခံဗုံးခွဲမှုကြောင့် လူ ၂ ဒါဇင် သေဆုံးပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာတော့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေသတ်လို့ အနည်းဆုံး အရပ်သား ၁၄၅ ဦး သေဆုံးတယ်လို့ အစီရင်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up