DVB Logo
Home
မြန်မာသတင်း
လိုင်ဇာမြို့ ဘော်ဒါဆောင်အနီး အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
DVB
·
June 26, 2015
လိုင်ဇာမြို့ ဘော်ဒါဆောင်အနီး အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့က ကျောင်းသူကျောင်း သားတွေ နေထိုင်တဲ့ ဘော်ဒါဆောင်အနီး အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှု ဇွန် ၂၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

လိုင်ဇာမြိုရဲ့ ကုန်းတခုပေါ်မှာရှိနေတဲ့ အလဲန်ဘွမ် ဘော်ဒါဆောင်အနီးမှာ မနေ့ညနေ ၆ နာရီလောက်က  မြန်မာ့တပ်မတော်ကပစ်တဲ့ လက်နက်ကြီးကျဉ်ကျခဲ့တာလို့ ကချင်ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဦးဇော်ရော်က ပြောပါတယ်။

“မနေ့က ၆ နာရီ ၁၀ မိနစ်လောက်မှာ ခရာကုန်းက အစိုးရစစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး ကျနော်တို့ ဘော်ဒါကျောင်း နားမှာ ကျတယ်။ အဲဒီကျောင်းက အိုင်ဒီပီဘော်ဒါကျောင်းဖြစ်တယ်။ မီတာ ၂၀၀ လောက်အကွာမှာ ကျတယ်။ အဲမှာ ကွဲပြီးတော့မှ အစအနတွေက ခေါင်မိုးတွေပေါ်မှာ ကျတယ်လေ။ ”

လက်နက်ကြီးကျဉ်ဟာ ဘော်ဒါဆောင်ရဲ့ မီတာ ၂၀၀ ခန့်အကွာမှာ ကျရောက်ခဲ့တာဖြစ်ပြီး အဆောင်ရဲ့ အမိုးပေါ် ကျည်စတွေ ကျရောက်ခဲ့ပေမယ့် ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဦးဇော်ရော်က ပြောပါတယ်။

အဲဒီဘော်ဒါဆောင်မှာ ကလေးသူငယ် ၉၀၀ ကျော်ရှိပြီး ကျောင်းဆရာဆရာမ ပေါင်း ၁၀၀ လောက် ခိုလှုံနေထိုင်ကြတာဖြစ်ပါတယ်။

ဘော်ဒါဆောင်မှာ နေထိုင်တဲ့ ကျောင်းသူကျောင်းသားတွေဟာ ကချင် စစ်ပြေးဒုက္ခသည်စ ခန်းတွေကနေ မူလတန်းကျောင်းအောင်လာတဲ့ကလေးတွေဖြစ်ပြီး အဲဒီအလဲန်ဘွမ် ကျောင်းမှာ အလယ်တန်းနဲ့ အထက်တန်း ပညာကို ဆက်လက် သင်ကြားနေတာဖြစ်ပါတယ်။

ဒီကျောင်းဖွင့်လှစ်သင်ကြားပေးနေတာ ၃ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကလည်း ဒီကျောင်းကို လာရောက်လေ့လာကူညီမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရတပ်အနေနဲ့ အခုလို ကလေးငယ်တွေနေထိုင်တဲ့နေရာကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ အပေါ်မှာလည်း သူက ဝေဖန်ပါတယ်။

“ကျနော်တို့ အဲဒီနေရာက အရပ်သားတွေ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေအကုန်လုံးက အရပ်သားတွေနေတဲ့နေရာပေါ့။ အခုလိုမျိုး လက်နက်ကြီးကျလာတာ အားလုံးပဲ စိုးရိမ်မှုတွေရှိတယ်။ ကလေးတွေဆရာဆရာမတွေ  အထူးသဖြင့် စိုးရိမ်မှုတွေရှိတယ်။ သူတို့စာသင်တဲ့ နေရာမှာလည်း ကြောက်ရွံ့မှုတွေရှိတယ်။ အာရုံစုစိုက်မှုတွေလည်း နည်းလာတယ်။ ဒါကြောင့်ဒီလိုမျိုးကတော့ နှစ်ဖက်စလုံးကတော့ မလုပ်သင့်ဘူးလို့မြင်ပါတယ်။  ”

ပြီးခဲ့တဲ့ ၂၀၁၄ ခု နိုဝင်ဘာလ တုန်းကလည်း ခယာဘွမ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ၃၈၉ က လိုင်ဇာအရှေ့ဘက် ဝေကြိုင်ဘွမ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)ရဲ့ အရာရှိ ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်တဲ့ အတွက် အရာရှိ သင်တန်းသား ၂၀ ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပြီး  အစိုးရက ကေအိုင်အေတပ်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရေး ဖိအားအားပေးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ အခုချိန်ထိဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013