Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်တွင် လိုအပ်သည့် ထောက်ခံမဲမရဘဲ ရှုံးနိမ့်
DVB
·
June 25, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) အပါအ၀င် အရေးပါတဲ့ ပုဒ်မတွေ ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ မဲခွဲဆုံးဖြတ်ရာမှာ လိုအပ်တဲ့  ထောက်ခံမဲ အရေအတွက် မရဘဲ ရှုံးနိမ့်သွားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း  ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) နဲ့ (ခ) အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရမှာ ထောက်ခံမဲ ၃၈၈ မဲစီရပါတယ်။ ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ မဲခွဲရမှာတော့ ၃၂၁ မဲ ရပြီး ရှုံးနိမ့်သွားပေမယ့်  ပုဒ်မ ၅၉ (ဃ) ကတော့ ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ထောက်ခံမဲ ၅၅၆ မဲရပြီး အနိုင်ရသွားပါတယ်။  အလားတူ ပုဒ်မ ၆၀ (ဂ) က ၃၈၆ မဲ ရပြီး  ပုဒ်မ ၄၁၈ (ခ) က  ၃၈၆ မဲပဲ ထောက်ခံမဲတွေရပါတယ်။ သမ္မတရာထူးထမ်းဆောင်ဖို့ အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ စစ်ရေးအမြင်ရှိရမယ် ဆိုတဲ့နေရာမှာ ကာကွယ်ရေးအမြင် ရှိရမယ်လို့  ပြင်ဆင်ချက် ဖြစ်တဲ့ ပုဒ်မ ၅၉(ဃ) တခုပဲ လုံလောက်တဲ့ ထောက်ခံမဲရရှိပြီး  ကျန် ပုဒ်မတွေ ရှုံးနိမ့်ခဲ့တာလည်း  ဖြစ်ပါတယ်။ ဥပဒေမူကြမ်း ပုဒ်မ ၄၃၆(က) မှာ  လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်” ဆိုတဲ့နေရာမှာ ၇၀ ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်” လို့ ပြင်ဆင်ဖို့ လျာထားခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၅၉(စ) ကတော့ သားမက်နဲ့ ချွေးမဖြစ်သူတွေရဲ့ နိုင်ငံသား သတ်မှတ်ချက်တွေကို ပယ်ဖျက်ပြင်ဆင်ပေးထားကလွဲလို့ ဇနီး၊ ခင်ပွန်းနဲ့ သားသမီးတွေဟာ နိုင်ငံခြားသား မဖြစ်ရဘူးလို့ အရင်အတိုင်း အပြောင်းအလဲမရှိ ဆက်လက် ဥပဒေမူကြမ်းမှာရေးထားတာပါ။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆၃၃ ယောက် တက်ရောက်ပြီး ၅၀ ခွင့်တင်ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက်ရှိနေတဲ့အတွက် မဲပေးချိန်မှာ တပ်က ၂၈ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အနိုင်ရဖို့ အနည်းဆုံး ၄၇၅ မဲလိုနေချိန်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၄၁၇ ပဲ ရှိနေတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ် ၅၈ ယောက် ထောက်ခံမှ အနိုင်ရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024