A d v e r t i s e m e n t With Us

ဖိနပ်နဲ့ တော်အောင် ဖနောင့်ကို ဒါးဖြင့်လှီးခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ထဲက နောက်ထပ် အရေးကြီးတဲ့ အချက်တချက်ကို ဝေဖန်ထောက်ပြလိုပါသေးတယ်။ အဲဒါကတော့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်ခြင်း၊ တာဝန်ပေးခြင်းနဲ့ ဆိုင်တဲ့ မူလပြဋ္ဌာန်းချက်တွေကို ပြင်ဆင်မှုတွေပါ။ မူလပြဋ္ဌာန်းချက်မှာက ပြည်ထောင်စုတရားသူကြီးချုပ်ကို သမ္မတက ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ရတာ ဖြစ်ပါတယ်။ နောက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ၇ ဦးကနေ ၁၁ ဦးအထိကိုလည်း ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တိုင်ပင်ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ရတာဖြစ်ပါတယ်။ တရားသူကြီးချုပ်ကို သမ္မတက လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ ခန့်အပ်တာဟာ အမေရိကန်ပြည်ထောင်စုကို အတုယူထားတာ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဒီလိုဆိုထားပါတယ်။ Nine judges sit on the Court: the chief justice of the United States and eight associate justices. The president of the United States appoints them to the Court for life terms, but the U.S. Senate must approve each appointment with a majority vote. တရားလွှတ်တော်ချုပ်မှာ တရားသူကြီးချုပ်တဦးနဲ့ တရားသူကြီး ၈ ဦး စုစုပေါင်း ၉ ဦးရှိပြီး အထက်လွှတ်တော် ဆီးနိတ်ရဲ့ အများစုမဲဆန္ဒနဲ့ တဦးချင်းစီကို အတည်ပြုပါတယ်။ အဲဒီ တရားသူကြီးများဟာ တသက်တာပတ်လုံး တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ လွှတ်တော်မှာတင်တဲ့ အခုပြင်ဆင်ချက်မှာက အဲဒီလို သမ္မတ တယောက်တည်းက ရွေးချယ်လို့ မရတော့ပါဘူး။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ဒုတိယ ပြည်ထောင်စုတရားသူကြီးချုပ် တဦးစီကို ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရပါမယ်။ အဲဒီမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ပြည့်မီခြင်းရှိ၊ မရှိ ဆိုတာကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဒုတိယအကြီးအမှူးများ ပါဝင်တဲ့ စိစစ်ရေးအဖွဲ့က စိစစ်ပါလိမ့်မယ်။ ဒီ ၃ ဦးအနက်က ဘယ်သူ့ကို ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မလဲ ဆိုတာကို ပြည်ထောင်စုလွှတ်တော်က ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်ဟာ မူလပြဋ္ဌာန်းချက်ထက် ပိုမိုဒီမိုကရေစီကျပြီး ပွင့်လင်းမြင်သာမှုရှိကာ အရည်အချင်းပိုရှိတဲ့ သူများကို ခွင်ကျယ်ကျယ်နဲ့ ရွေးချယ်နိုင်မယ့်ပုံ ရှိပါတယ်။ သို့သော်လည်းပဲ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကိုတော့ လျှော့ချလိုက်ရာ ရောက်သွားမှာပါ။ ဒီအထိတော့ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ သို့သော်လည်း ဒီတရားသူကြီးတွေရဲ့ ရာထူးသက်တမ်းကိုတော့ မူလက အသက် ၇၀ ထိ ထမ်းဆောင်ခွင့်ပြုထားရာက အခုပြင်ဆင်ချက်ထဲမှာတော့ ရွေးကောက်ပွဲ သက်တမ်းနဲ့အညီ ၅ နှစ်ပဲ သတ်မှတ်ပေးထားပါတယ်။ အမေရိကန် တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို အသက်သေသည်အထိ တာဝန်ထမ်းဆောင်ခွင့် ပြုထားတာက ကိုယ့်တာဝန်ကို ဖြောင့်မတ်မှန်ကန်စွာ အဂတိတရားကင်းကင်းနဲ့ ထမ်းဆောင်စေချင်လို့ ဖြစ်ပါတယ်။ သူတို့ဟာ ခန့်အပ်ခံရပြီးတဲ့နေ့ကစလို့ သူတို့ကို ခန့်အပ်လိုက်တဲ့ သမ္မတရဲ့ အကြိုက်ကို မလိုက်လျောလို့လည်း တာဝန်က ဖယ်ရှားခံရမှာကို ကြောက်စရာမလိုတော့အောင် အာမခံချက် ပေးထားတာ ဖြစ်ပါတယ်။ ပထမဆုံး သူတို့ တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာ သူ့ကိုရွေးချယ်လိုက်တဲ့ သမ္မတ တဦးနဲ့ကလွဲပြီး နောက်တက်လာမယ့် သမ္မတများနဲ့ မည်သည့်ကျေးဇူးခံ ကျေးဇူးစားမျှ ရှိမနေနိုင်အောင်၊ နောက် သမ္မတတွေရဲ့ မျက်နှာကို ဘာမျှထောက်စရာမလိုအောင် စီစဉ်ထားတာလို့လည်း တွေးယူနိုင်ပါတယ်။ ဥပဒေနဲ့အညီ ဖြောင့်မတ်မှန်ကန်စွာ အဂတိတရားကင်းကင်း တာဝန်ထမ်းဆောင်နိုင်ရေးဟာ တရားစီရင်ရေးမှာ သိပ်ကိုအရေးကြီးပါတယ်။ အုပ်ချုပ်ရေးပိုင်း (သမ္မတတို့၊ အစိုးရတို့) လည်းကြောက်ရ၊ ဥပဒေပြုရေး (လွှတ်တော်ဥက္ကဋ္ဌတို့) ကိုလည်း ကြောက်နေရတယ်ဆိုရင် အဂတိတရား မကင်းနိုင်တော့ပါဘူး။ အဂတိတရားမကင်းရင်၊ ဝင်ရောက်စွက်ဖက်မှုတွေ ခံရရင် တရားစီရင်ရေးဟာ ညစ်ထေးနေတော့မှာ အသေအချာပဲ ဖြစ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အရည်အသွေးမြင့်မားပြီး သန့်ရှင်းနေဖို့ဆိုရင် တရားသူကြီးများ ကိုယ်တိုင် ပင်ကိုက အရည်အချင်းရှိပြီး သန့်ရှင်းဖို့လိုပါတယ်။ အဲဒီလို ပင်ကိုယ်အရည်အချင်းရှိပြီး အဂတိကင်းနေတဲ့ တရားသူကြီးများကို ရာထူးတာဝန်က ပြုတ်သွားမယ့်အရေး တွေးပြီး အကြောက်အလန့် မရှိအောင် အာမခံချက်ပေးတဲ့ အနေနဲ့ တသက်တာပတ်လုံး တာဝန်ထမ်းဆောင်ခွင့်ပြုတာဟာ တရားစီရင်ရေး ကြံ့ခိုင်သန့်ရှင်းဖို့ ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ သို့သော်လည်း ပင်ကိုယ်အရည်အချင်း အသင့်အတင့်သာရှိပြီး အာဏာပိုင်အဆင့်ဆင့်ကို ဟိုကြောက်၊ ဒီကြောက် ကြောက်နေရတဲ့ဘဝမှာ သူတို့အလိုကျ မဟုတ်တာ အကုန်လုပ်တတ်ခဲ့လို့ အဂတိတရား ထူပြောနေတဲ့ တရားစီရင်ရေးလောကကို အဲဒီလို တသက်တာပတ်လုံး သို့မဟုတ် အသက် ၇၀ ထိ တာဝန်ထမ်းဆောင်ခွင့် ပြုလိုက်တဲ့အခါ ဘာလုပ်လုပ် တို့မပြုတ်တော့ဘူးဆိုပြီး ပိုများ ဆိုးရွားလာလေသလားလို့ စဉ်းစားထားချက်ကနေ ဒီလိုသက်တမ်း ၅ နှစ်ပဲလို့ သတ်မှတ်လိုက်တာ ဖြစ်ပုံရပါတယ်။ ကျနော့်အမြင်မှာတော့ ဒါက “ဖိနပ်နဲ့တော်အောင် ဖနောင့်ကို ဒါးနဲ့လှီးတာနဲ့ တူနေပါတယ်။” မူလပြဋ္ဌာန်းချက်မှာကိုပဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို ဥပဒေအရ ပေးအပ်တဲ့တာဝန် ကျေပြွန်အောင် မထမ်းဆောင်နိုင်ခဲ့ရင် သမ္မတကသော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကသော်လည်းကောင်း စွပ်စွဲပြစ်တင်လို့ ရပါတယ်။ တာဝန်မကျေပြွန်တာ ထင်ရှားလို့ လွှတ်တော်က ဆက်လက်တာဝန်ထမ်းဆောင်ဖို့ မသင့်ကြောင်း ဆုံးဖြတ်ပြီး တာဝန်က ဖြုတ်ချနိုင်ပါတယ်။ အခုလို ၅ နှစ်သာ တာဝန်ထမ်းဆောင်ရမယ်လို့ သတ်မှတ်လိုက်တဲ့အခါ “မိုးဆိုတာ တသက်လုံး ကောင်းနိုင်တာမဟုတ်ဘူး၊ မိုးကောင်းတုန်း ရေခံထားမှ” ဆိုတဲ့စိတ်နဲ့ အဂတိတွေ ပိုလုပ်လာလေမလား ဆိုတာလည်း စဉ်းစားစရာပါ။ ကျနော့်အမြင်မှာတော့ တရားစီရင်ရေးလောကရဲ့ အမြင့်ဆုံးသောသူများ မိမိအတွက် သတ်မှတ်ပေးထားတဲ့အချိန် ကာလစေ့ရင် နုတ်ထွက်ရတော့မှာလား? စတဲ့ ပူပန်သောကတွေ မရှိစေဘဲ မိမိပညာရပ်အပေါ်သစ္စာရှိရှိနဲ့ သန့်သန့်ရှင်းရှင်း၊ အဂတိကင်းကင်း တာဝန်ထမ်းဆောင်နေကြတာကိုပဲ မြင်လိုပါတယ်။ ဒါကြောင့် အခုလို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများရဲ့ သက်တမ်းကို ၅ နှစ်သတ်မှတ်မယ့် အခြေခံဥပဒေ ပြင်ဆင်ချက်ကို သဘောမတူပါ။ ရဲထွန်း (မှတ်ချက်-ဆောင်းပါးရှင်မှာ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးနေစဉ် လေ့လာသုံးသပ်နိုင်ရန် သူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။ အပိုင်းလိုက် ရေးသားထားသည်များကို ဆက်လက်ဖော်ပြပါမည်။)

A d v e r t i s e m e n t With Us

More News
Up